| အပိုင်း ၄ |
ကျောင်းနေမပျော်၊ စာလည်းမတော်တဲ့ ရောင်ခြည်လည်း နွေကျောင်းပိတ်ရက်တွေမှာတော့ အင်မတန်မှ ပျင်းရတယ်။ ငယ်ငယ်က ကျောင်းသွားရမှာ သေမလို တွန့်ဆုတ်ပေမဲ့ ယောက်ျားလေးတွေရဲ့ သဘောသဘာ၀အရ ကြီးလာတာနဲ့အမျှ ကျောင်းသွားတယ် အကြောင်းပြချက်နဲ့ လုပ်ချင်ရာလုပ်ကြတဲ့ အကျင့်စရိုက်ရှိကြတော့ ကျောင်းမဖွင့်ရင် ကြောင်လည်လည်နဲ့ ပျင်းနေတော့တာပဲ။
လက်နှစ်ဖက်ကို ခေါင်းခုပြီး ခန်းမဆောင်ကြီးထဲ လေချွန်ခြေနှံ့ရင်း ပျင်းပျင်းရိ့ရိ့နဲ့ အိပ်နေမိသည်။ အနှောက်ယှက် ပေးစရာ စိုင်းခမ်းလည်း မရှိသလို၊ အားအားယားယား လုပ်စရာလည်း မရှိပြန်။ နောင်နောင်တို့အိမ်သွားလည်း ချောင်းထဲသွားရင်သွား၊ မသွားရင် သူတို့အိမ်ပေါ် ဟိုလှိမ့်ဒီလှိမ့်ပဲမလို့ မသွားတစ်ရက်၊ သွားတစ်ရက်ပဲ။ စိုင်းခမ်းကလည်း ၁၀တန်း ကျူရှင် တက်နေသည်မလို့ အရင်လို စကားပြောဖော်ပြောဖက်တောင် မရှိ။
ကိုင်း.... နွေကျောင်းပိတ်ရက်တွေကို ဒီလိုနဲ့ပဲ အပျင်းရေညှစ် ကုန်ဆုံးရတော့မည်နဲ့ တူသည်။
‘ရောင်ခြည်ရေ ရောင်ခြည်’
ခေါင်မိုးကိုကြည့်ရင်း ပျင်းရိ့နေတုန်း ရောင်ခြည် သူ့နာမည့်ကို ခေါ်နေသော နောင်နောင့်အသံကို ကြားလိုက်ရသည်။ လေးတွဲ့စွာထပြီး ပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်တော့ နေပူရှိန်ကို ကာဖို့အတွက် မျက်နှာကို လက်နှင့်အုပ်ထားသော နောင်နောင့်ကို တွေ့ရသည်။
‘နောင်နောင် ဘာလို့ ရောက်လာဝာာလဲ’
‘အမေက ရွာဦးကျောင်းကို ဆွမ်းချိုင့်ကပ်ခိုင်းလိုက်လို့ အဖော်လာခေါ်တာဟေ့’
ရောင်ခြည် မေးတော့ နောင်နောင်က သူ့လက်ထဲက လေးဆင့်ချိုင့်ကို ထောင်ပြရင်း ပြန်ဖြေသည်။
‘အေအေး ငါဆင်းလာခဲ့မယ်’
လေးပင့်စွာနဲ့ ပြန်ဖြေလိုက်ကာ ရောင်ခြည် အဆောင်ကြီးပေါ်မှ ဆင်းလာပြီး အောက်ကိုရောက်တော့ နောင်နောင့်ကို ဆွမ်းချိုင့်ပို့ရခြင်း အကြောင်းရင်းတွေ မေးမြန်းစူးဆန်းပြန်သည်။