အပိုင်း (၁၀) စက်ရုံစီမံခန့်ခွဲမှုအခွင့်အရေးများ
ဖေ့မိသားစုသည် ချင်းစိမ်းချိုချဉ်များကို ညဆယ်နာရီအထိ ပြုလုပ်ခဲ့ကြသည်။
နံနက်စောစော၌ ဖေ့လီသည် တတိယဘိုးလေးအိမ်သို့သွားကာ ချင်းစိမ်းများ ၀ယ်ချင်သည်။ ထို့ကြောင့် သူမက စောစောထ၍ ဖေ့ရုန်ဖူနှင့်အတူ ချင်းစိမ်းများ သွား၀ယ်လေသည်။ ၀မ်ချွေလန်သည်ကား နံနက်စာချက်ပြုတ်နေခဲ့၏။
အိမ်အနည်းငယ်တွင် မီးလင်းလျက်ရှိကြပြီး ကောင်းကင်ရှိ လခြမ်းကွေးသည်လည်း အလင်းရောင်ပေးစွမ်းနေ၏။
ဤအကြိမ်၌ သူမတို့သည် တံခါး၀၌ ရပ်စောင့်နေစရာမလိုပေ။ တတိယဘိုးလေးသည် ထူထပ်သော စစ်အနွေးထည်ကို၀တ်ထားကာ နှင်းများကို လှည်းကျင်းနေသောကြောင့်ပင်။ ဖေ့ရုန်ဖူက ပထမဦးစွာ မြင်သောကြောင့် တတိယဦးလေးဟု ခေါ်လိုက်၏။ ဖေ့လီကလည်း တတိယဘိုးလေးဟု နောက်ကလိုက်၍ ခေါ်လိုက်သည်။ တတိယဘိုးလေးသည် သူမတို့ခေါ်သံကို ကြားသောအခါ လှည့်ကြည့်သည်။ ထို့နောက် သားဖနှစ်ဦးကိုတွေ့လျှင် အံ့အားသင့်နေတော့၏။
"ဘာလို့ အစောကြီးလာကြတာလဲ"
ဖေ့လီက လျင်မြန်စွာ ပြန်ပြောလိုက်သည်။
"သမီးတို့ ဈေးသွားပြီး ရောင်းရဦးမှာလေ။ မသွားခင် ချင်းစိမ်းလေးလိုချင်လို့။ ရှိသေးလား"
"ရှိတာပေါ့။ ဘိုးလေးက နှစ်ဧကလောက် စိုက်ထားတာလေ"
တတိယဘိုးလေးသည် ဖေ့ရုန်ဖူကို တမင်သက်သက် လျစ်လျှူရှူကာ သူမတစ်ယောက်ကိုသာ ဦးဆောင်ခေါ်သွားသည်။
"ဒီတစ်ခါ ဘယ်လောက်လိုချင်တာလဲ"
ဖေ့လီက တွေးတောပြီးနောက် ယခင်ကအတိုင်းသာ မှာယူလိုက်သည်။
"၁၀ကီလို။ သမီးတို့ ကုန်သွားမှ ထပ်လာ၀ယ်မယ်"
တတိယဘိုးလေးက ချင်းစိမ်းများကို ပျော်ရွှင်စွာ တူးဆွလိုက်သည်။ တူးဆွလျက်ပင် သူမကို ချီးကျူးရန်မမေ့ပေ။
"သမီးရဲ့ ချင်းစိမ်းချိုချဉ်က တော်တော်လေး ကောင်းတယ်"
ဖေ့လီက ချင်းစိမ်းများကို အိတ်ထဲထည့်ကာ ပြုံးပြလိုက်သည်။
YOU ARE READING
အမြောက်စာ ဇာတ်ကောင်၏ ဇနီးသည်(ဘာသာပြန်)
Fantasy၁၉၈၀ ခုနှစ်ကို အခြေခံထားပြီး စာအုပ်ထဲ ကူးပြောင်းသွားတဲ့ ၀တ္ထုမျိုးပါ၊ အချက်အပြုတ်အကြောင်း တွေပါပြီး ဇာတ်လိုက်က ဆင်းရဲရာကနေ ချမ်းသာ၊ ၀ရာကနေ ပိန်သွားတာမျိုး၊ ပေါ့ပေါ့ပါးပါး ကြိုက်သူတွေ အကြိုက်တွေ့မဲ့ ၀တ္ထုလေးပါ