အခန္း(၉)

1K 92 22
                                    

Unicode

နွေလရဲ့အလယ်ကိုရောက်တော့ ကျွန်တော် ဘဏ်တစ်ခုမှာ အငယ်တန်းစာရေးအနေနဲ့ အလုပ်ရခဲ့ပြီး ကိတ်မုန့်ဆိုင်လေးကနေ အလုပ်ထွက်ဖြစ်ခဲ့သည်။ နှုတ်ဆက်ပွဲနေ့ညက ကျွန်တော်တော်တော်လေး မူးသွားခဲ့ပြီး ဘာတွေလုပ်မိခဲ့သလဲပင် မမှတ်မိပါပေ။ သည်းညှာကတော့ ထိုနေ့ညကထဲက ကျွန်တော့်နားမကပ်တော့ဘဲ ကျွန်တော့်ကိုမြင်တာနဲ့ နှာခေါင်းလေးရှုံ့သွားသည်။

ဘုန်းလရောင်ပြောပြပုံအရ သည်းညှာလေးကို အတင်းဖက်ထားပြီး မျက်နှာအနံ့လိုက်နမ်းနေခဲ့တာကြောင့် စိတ်ဆိုးသွားတာဟူ၍ပင်၊ သည်းညှာကအရက်နံ့တွေကို မုန်းသည်လေ။

ဘုန်းလရောင်က အိမ်နဲ့ပြဿနာ အကြီးအကျယ် တက်ခဲ့ပြီးနောက် အိမ်ပေါ်ကဆင်းလာခဲ့ကာ ကျွန်တော့်အိမ်ပေါ်တက်နေသည်။ လူနှစ်ယောက်ကိုခေါ်တင်ကာ ကျွေးမွေးထားရတာမို့ ကျွန်တော်အဆင်မပြေဖြစ်မှာကို ဒီကောင်ကစိုးရိမ်သည်။ လတိုင်း နှစ်သိန်းခန့် ပေး၏။ ကျွန်တော်လက်မခံခဲ့။ သူငယ်ချင်းဟူသော ဝေါဟာရတွင် ငွေကြေးအစွန်းအထင်းများ ပေကျံကုန်မှာကို မလိုချင်၍ဖြစ်သည်။

ဘုန်းလရောင်က Day တက်ပြီးဘွဲ့ရထားတဲ့အပြင် ထိုကောင်သည် ဘာသာစကားနှစ်မျိုးလည်း တတ်မြောက်သေးသည်။ အိမ်ပေါ်ကဆင်းလာပြီးနောက် အလုပ်ရရန်လည်း မခက်ခဲလိုက်ပါပေ။ စက်ရုံကြီးတစ်ခုတွင် တရုတ်ဘာသာပြန်အဖြစ် လွယ်ကူရာအလုပ်အရင်ဝင်လိုက်၏။

company တွေရှိပါလျက် စက်ရုံတွင်အလုပ်ဝင်သည်မှာ စနေ၊တနင်္ဂနွေ ပိတ်သောကြောင့်ပင်။

ဘဏ်က အသစ်စဖွင့်တာမကြာသေးသည်ကြောင့် အလုပ်များများမရှိပေ။ အငယ်တန်းစာရေးလေးဖြစ်တဲ့အတွက် တာဝန်တွေလည်းကြီးကြီးမားမားမရှိသေး။ စနေတနင်္ဂနွေတွေ ပိတ်တဲ့အပြင် သည်းညှာကျောင်းတက်လျှင် ပိုအဆင်ပြေသည်။ မနက်ရှစ်နာရီခွဲကနေ ညနေလေးနာရီအထိပဲ ဖြစ်တာကြောင့် သည်းညှာရဲ့ကျောင်းချိန်နဲ့လည်း သိပ်မကွာ။ ကျွန်တော်တို့နှစ်ယောက်လုံး ပိတ်ရက်နှစ်ရက်ရသည့် အလုပ်ကိုရှာဖွေကြသည်မှာ အကြောင်းပြချက်က သည်းညှာသာဖြစ်၏။

ရင်ထဲကအသည်းညှာ  / ရင္ထဲကအသည္းညႇာ (Ongoing)Where stories live. Discover now