"တစ်ယောက်ထဲပဲလား ဂျီမင်"
"ဟုတ် မောင်က ပြန်မရောက်သေးဘူးလေ အဲ့တာကြောင့်"
မိုးလင်းလင်းချင်းကြားတဲ့စကားဟာ မသာမယာဖြင့် စိတ်ကိုညစ်နွမ်းစေသည်။ဒါပေမယ့်လဲ ခဏပါပဲလေ မျက်နှာလေးမြင်ရုံနဲ့ အပျော်တွေကူးစပ်ပြန့်နှံ့လာတာကြောင့် ခဏတာကြားလိုက်ရသည့် နာမ်စားသည် မေ့မေ့ပျောက်ပျောက်။
"မနက်စာစားပြီးလား"
"ဟုတ် စားပြီးပြီ အကိုကရော စားပြီးလား"
"စားပြီးခဲ့ပြီ ဂျီမင်မစားရသေးရင် လိုက်ကျွေးမလို့မေးကြည့်တာ"
"အာ အကိုက ကျွေးပဲကျွေးချင်နေတော့တာပဲ ကျွန်တော်က ကလေးကျလို့"
*ကိုယ့်တွက်တော့ မင်းဟာ ထာဝရကလေးငယ်ပဲ လိပ်ပြာငယ်*
ဒီစကားကိုတော့ စိတ်ထဲမှ ရေရွတ်ရုံသာရေရွတ်လိုက်ပြီး အပြင်မှာတော့ ဘာမှပြန်မပြောမိ။မိုးကုန်ခါနီးမှာ ရာသီဥတုအလှည့်အပြောင်းလေးသည် လူသားတွေလိုပဲ မူမမှန်။ဆောင်းဝင်ခါနီးပေမယ့် အနည်းငယ်ပူနေတဲ့ နေ့ရက်တွေသည် 3ရက်လောက်ပင်ရှိချေပြီ။မိုးလဲမရွာတော့။နှင်းလဲမကျသေး။နွေရာသီတစ်ဖန်ပြန်ရောက်နေသယောင် ပူလွန်းလှသည်။သစ်ပင်ထက် တွဲလွဲခိုနေသော ရေစက်လေးတွေလဲမရှိတော့။ထိုအစား ဖုန်မှုန့်သေးသေးလေးများ ကပ်ငြိလာသည်။ကျောင်းရဲ့လမ်းဘေးထက် နှစ်ယောက်ထိုင်ခုံများသည်လဲ မိုးရွာစဉ်ကလို အထီးကျန်မနေတော့။
ကျောင်းသား ကျောင်းသူများ အသီးသီးနေရာယူထားကျသည်။"စောလဲစောသေးတယ်ဆိုတော့ ကိုယ်တို့ ခဏထိုင်ရအောင်"
"ဟုတ် ထိုင်လေ အကို"
မနက်လင်းကတည်းက အနည်းငယ်ပူနေပြီဖြစ်တဲ့ ရာသီဥတုကြောင့် ဂျီမင်တစ်ယောက် နှာခေါင်းရှုံ့မိသည်။သူအပူမှ မကြိုက်ဘဲ...ချမ်းပေ့ အေးပေ့ဆိုတဲ့ ရာသီဥတုတွေကိုပဲ သူကြိုက်တာ။
အကိုညွှန်ပြတဲ့ ခုံတန်းလေးသည် အရိပ်ကောင်းလှသော မေပယ်ပင်ကြီးအောက်တွင် ရှိနေသည်မို့ ထိုင်ရန်သဘောတူလိုက်ပြီး နှစ်ယောက်အတူဝင်ထိုင်နေလိုက်သည်။အခန်းထဲလဲမသွားချင်သေး ပတ်ဝန်းကျင်ရဲ့ အလှအပကို သူခံစားပြီး ကဗျာလေးရေး စာလေးရေးရင်း အလုပ်ရှုပ်လိုက်အုံးမယ်။