မနက်အိပ်ရာနိုးချိန်ရောက်တော့ ဟန်နွေနွံမျက်ဝန်းတွေက လေးပင်စွာပွင့်လာခဲ့ပြီး အိပ်ရာဘေးကနာရီကိုထကြည့်သည့်အချိန်မှာ မေ့နေသောအရာလေးက မခံစားနိုင်အောင်သတိပေးလာသည်။ ပုံမှန်နေ့ရက်တွေလိုထင်မှတ်ပြီး မေ့မေ့လျော့လျော့ထလိုက်မိကာမှ ညကအရှိန်တွေကြောင့် ဗိုက်လေးကိုဖိကာပြန်လှဲအိပ်လိုက်ရသည်။ ဘေးကအမျိုးသမီးလေးကတော့ ညကသူမဟုတ်ခဲ့သလိုမျိုး ဟန်နွေနွံဘေးမှာကောင်းစွာအိပ်စက်နေသည်။
မျက်လုံးလေးမှေးစင်းကာ ထိုအမျိုးသမီးလေးကိုကြည့်ရင်း ဟန်နွေနွံနှုတ်ခမ်းလေးက အပေါ်သို့မသိသာစွာကွေးတက်သွားသည်။ အပြင်ကဝင်ရောက်လာသော နေ့အလင်းရောင်အောက်မှာ လှပစွာအိပ်စက်နေပုံက တကယ်ကိုလှပလွန်းလေသည်။ မနာလိုချင်စရာကောင်းလောက်အောင် ပြီးပြည့်စုံခြင်းအတိနှင့်လှပလွန်းနေသော ထိုအမျိုးသမီးလေးကို ရှေးဘဝကဆုတောင်းများကောင်းခဲ့သလားလို့ မေးကြည့်ချင်သည်။
" လှလိုက်တာ..... "
အသက်ရှုလိုက်တိုင်းအလှတိုးနေသလားလို့ ဟန်နွေနွံမှာတွေးမိရသည်အထိ ထိုအမျိုးသမီးကလှရက်လွန်းသည်။ စိတ်ထဲမှာဖြစ်ပေါ်လာသည့်အတွေးကို နှုတ်ခမ်းဖျားကနေထုတ်ဖော်ချီးမွှမ်းရသည်အထိ ထိုအမျိုးသမီးကပြီးပြည့်စုံသည်။
နှုတ်ခမ်းဖူးဖူးလေးက ပန်းရောင်သန်းကာလှပနေပြီး ကြည်လင်သောမျက်ဝန်းလေးကလည်း မျက်ခွံလေးမှိတ်ထားသည့်တိုင် မျက်တောင်တို့ကာရံကာလှပနေပြန်သည်။ မျက်နှာပေါ်ကအစိတ်အပိုင်းတစ်ခုစီတိုင်း အသေးစိတ်ထုဆစ်ထားသည့်အလား အပိုအလိုမရှိစွာလှပလွန်း၍ ဟန်နွေနွံမှာ အကြည့်မလွှဲနိုင်အောင်ဖြစ်နေသည်။
" ကြည့်လို့ဝပြီလား "
မျက်လုံးလေးမှိတ်ထားရင်းက လင်္ကာသုံမေးလိုက်ပြီး နှုတ်ခမ်းထောင့်လေးကိုကွေးလိုက်သည်။ အစောကတည်းက နိုးနေပြီဖြစ်သော်လည်း ဟန်နွေနွံ၏လှုပ်ရှားမှုကို တိတ်တိတ်လေးစောင့်ပေးနေဖြစ်သည်။ နှစ်တွေကြာညောင်းလာသော်ငြား လှတယ်လို့အမြဲပြောတတ်သည့် ဟန်နွေနွံ၏အပြုအမူလေးကတော့ သေးသေးလေးပင်မပြောင်းလဲခဲ့ချေ။
ထိုအပြုအမူလေးက သဘောကျကျေနပ်ချင်စရာကောင်းပြီး ဟန်နွေနွံ၏ချစ်စရာကောင်းသော ကိုယ်ပိုင်အမူအကျင့်လေးလို့လည်းမြင်သည်။ မထူးဆန်းသောချီးမွှမ်းစကားကို နေရာတိုင်းမှာကြားနေကျဆိုသော်လည်း ထိုကောင်မလေးဆီကကြားရသော စကားလေးတွေကတော့ ထူးခြားချက်ရှိနေခဲ့သည်။ ရိုးရှင်းစွာပြောလိုက်သောစကားက သွေးအေးပါသောလူတစ်ယောက်ကို မိန်းမငယ်လေးလိုရှက်သွားအောင် ကောင်းကောင်းကြီးလုပ်နိုင်သည်။
" ကြည့်လို့..... မဝသေးဘူး..... ဟန်နီဖြစ်နေလို့ အကြည့်မလွှဲနိုင်တော့ဘူး "
" မင်းစကားတတ်တယ် "
မျက်နှာကိုတို့ထိကလူကျီစယ်သောလက်တို့ကို လင်္ကာသုံအသာဖမ်းဆုပ်ပြီး အဝတ်မကပ်သောကိုယ်ခန္ဓာကြားမှာ လေဟာနယ်မရှိအောင် ဆွဲဖက်ထားလိုက်သည်။ ခပ်တိုးတိုးညည်းလိုက်သော ဟန်နွေနွံမျက်နှာကို လက်နှင့်အသာမော့စေတော့ နှုတ်ခမ်းကိုက်ကာမျက်စောင်းထိုးနေသည့် အကြည့်လှလှလေးကိုလက်ခံရရှိခဲ့သည်။
" နာသွားတာလား ကလေး "
ကြက်သီးထစေသောစကားသံကြောင့် နှုတ်ခမ်းလေးကိုဟန်နွေနွံပိုဖိကိုက်လိုက်ပြီး ထိုကျော့ကွင်းကနေရုန်းထွက်ဖို့ဟန်ပြင်သည်။ သို့သော် အချည်းနှီးသာဖြစ်သွားသော ကြိုးစားမှုလှလှလေးကတော့ ကျောပြင်ကိုထိတွေ့ပွတ်သပ်လာသော လက်တစ်စုံအောက်မှာရှုံးနိမ့်သွားရှာသည်။ နားဖျားကိုတိုးကပ်လာသော အသက်ရှုငွေ့လေးက ဗလာကျင်းနေသည့်ခန္ဓာကိုယ်အသိကို အသိပေးကာနှိုးဆွနေသယောင်။
" ဟန်နီနော် ! "
သူမလက်မောင်းကိုဖျတ်ကနဲရိုက်လိုက်ပြီး အိပ်ရာပေါ်ကနေ ဟန်နွေနွံအမြန်ပြေးဆင်းဖို့ကြိုးစားရသည်။ စောင်အောက်ကလက်ကိုအမြန်ဆွဲထုတ်ရင်း မခုတ်တတ်သလိုကြည့်နေသော ဟန်နွေနွံ၏အမျိုးသမီးလေးကို ခပ်ခွာခွာအနေအထားကနေ မျက်လုံးမှေးကာကြည့်မိသည်။ ထိုရိုးသားသောမျက်နှာကြီးကို ကျောအောက်ကခေါင်းအုံးလေးနှင့်ကွယ်ရင်း စောင်အောက်ကနေကိုယ်လေးကိုလှိမ့်ထွက်လိုက်သည်။
ကံကောင်းချင်တော့ ထိုသို့လှိမ့်ထွက်လိုက်သည့်အချိန်မှာ အရှိန်နည်းနည်းများပြီး အတိုင်းအဆမသိစွာ ကုတင်အောက်သို့ဟန်နွေနွံပြုတ်ကျသွားခဲ့သည်။ အကျမလှလို့နည်းနည်းနာသွားပေမဲ့ ပါးစပ်ကိုအလျင်အမြန်ပင်အုပ်ပြီး ခေါင်းအုံးနှင့်ကွယ်ထားခဲ့သောသူမကို မသိမသာလေးလှမ်းကြည့်ရသည်။ တိတ်တိတ်လေးနားစွင့်နေမှာသိပေမဲ့ ထိုနေရာကနေမရွေ့လာသည်ကိုပင် ကျေးဇူးလှမ်းတင်မိသည်။
" ဟန်နီ နွံအဝတ်တွေရော..... ရှာမတွေ့ဘူး "
ကုတင်အောက်ဆင်းပြီးမှအဝတ်အစားမတွေ့၍ ကိုယ့်အနေအထားကိုယ်တွေးပြီး နားရွက်တွေပူလောင်လာသည်။ ထိုအချိန်မှာ အိပ်ရာပေါ်ကအမျိုးသမီးလေးက အချိန်ကိုက်လှုပ်ရှားသွားပြီး ဟန်နွေနွံရှေ့သို့တစုံတစ်ခုဖြတ်သန်းလာသည်။
" ရေအရင်ချိုးလိုက် "
ချိုမြသောစကားသံလေးက အဝတ်အစားလှမ်းဖမ်းလိုက်သော ဟန်နွေနွံနားထဲသို့ သာယာစွာစီးဝင်လာသည်။ တစ်ဖက်ကိုလှမ်းကြည့်လိုက်တော့ အဝတ်အစားတွေကိုပင် လျင်မြန်စွာဝတ်ဆင်ပြီးနေပြီဖြစ်သည်။ ကျားရိုင်းလေးသူမက သုံးဆယ့်ငါးနှစ်လို့မထင်ရက်အောင် နှစ်ဆယ်ကျော်လေးလိုနုပျိုသွက်လက်နေဆဲပေ။
" ကိုယ် ဆူးနှင်းနဲ့ ဗီဒီယိုကောလ်ပြောဦးမယ် "
နှုတ်ခမ်းထောင့်လေးမှာပြုံးယောင်သန်းနေပြီး သူ့ကိုကြည့်သောအကြည့်တွေထဲမှာ လင်္ကာသုံ၏လေးနက်မှုတွေကိုမြင်နေရသည်။ အနေခက်မှာကိုတွေးပေးတတ်သည့် ထိုအမျိုးသမီးလေး၏အပြုအမူက တကယ်ပင်ပြေးဖက်ချင်စရာကောင်းလွန်းသည်။ သို့သော် အဝတ်လေးလုံရုံကွယ်ထားသည့် ဟန်နွေနွံ၏အနေအထားကြောင့် လင်္ကာသုံကိုပြေးပြီးမဖက်ဖြစ်ချေ။
.............................................................
ရေချိုးခန်းထဲမှာအချိန်ကြာကြာလေး ရေနွေးနှင့်စိမ်ပြီးတော့မှ ရေချိုးခြင်းအမှုကိုအပြီးသတ်ကာ အဆင်ပြေရာအဝတ်အစားလေးရွေးဝတ်လိုက်သည်။ လက်ထပ်ပြီးကတည်းက ဤအခန်းလေးမှာပင် ထိုအမျိုးသမီးလေးအိပ်စက်တတ်ပေမဲ့ ရေချိုးအဝတ်အစားလဲသည့်အမှုကိုတော့ သူမအခန်းမှာသာပြင်ဆင်တတ်သည်။ မည်သို့ပင်ဆိုဆို ဤစံအိမ်ကြီးကသူမအပိုင်ဖြစ်ပေမဲ့ သူမအသုံးပြုနေကျအခန်းမှာသာ ရေချိုးပြင်ဆင်တတ်သည့်အကျင့်ရှိမှန်း လက်ထပ်ပြီးနောက်ပိုင်းမှသာသတိပြုမိသည်။
ဟန်နွေနွံလည်း ရေနွေးနှင့်ရေစိမ်ချိုးထားသည်မို့ အစောကထက်စာလျှင် ခန္ဓာကိုယ်ကသက်တောင့်သက်သာရှိပြီး နေလို့ထိုင်လို့ကောင်းနေသည်။ ထိုကြောင့် စိတ်လေးကပိုကြည်လင်သလိုရှိပြီး သူမအခန်းကိုသွားသည့်အချိန်မှာလည်း သီချင်းလေးခပ်တိုးတိုးညည်းဖြစ်သည်။ အရင်ကဆိုးခဲ့ပေခဲ့သော်လည်း ယခုအချိန်တွင်လိမ္မာနေပြီဖြစ်၍ သူမ၏လက်ထောက်တွေကိုမြင်တိုင်း ရင်းနှီးစွာနှုတ်ဆက်စကားပြောတတ်နေခဲ့ပြီ။
" မင်္ဂလာနံနက်ခင်းပါ မလကျာ်..... "
သူတို့ကလည်း ဟန်နွေနွံကိုမြင်တွေ့လျှင် ဖော်ရွေစွာပြုံးပြနှုတ်ဆက်တတ်စမြဲ။ မနက်ခင်းလေးကသာယာနေလို့ အရာအားလုံးကကြည်သာရွှင်ပျရှိနေသည်။
" မမလေး မမလေးဥက္ကဋ္ဌကိုရှာနေတာဆိုရင် အောက်ထပ်မှာဧည့်တွေ့နေတယ်နော် "
လကျာ်ရှင်နှင့်အမြဲလိုလိုတွေ့လာရသော သွေးပန်းနီဆိုသည့် ထိုအမျိုးသမီးလေး၏လက်ထောက်စကားကြောင့် မည်သူနှင့်တွေ့နေသလဲဟူသော စိတ်ဝင်စားမှုလေးဝင်လာသည်။ ပုံမှန်ဆိုလျှင်ဧည့်တွေ့လေ့မရှိသော သူ့အပိုင်အမျိုးသမီးလေးက ယနေ့မှစံအိမ်တွင်ဧည့်တွေ့နေသည်ဆို၍ အောက်ထပ်ကိုအလျင်အမြန်ဆင်းသွားလိုက်သည်။
စံအိမ်အောက်ထပ်ကိုရောက်တော့ လျှောက်လမ်းတစ်နေရာတွင် အရပ်မြင့်မြင့်အမျိုးသားတစ်ယောက်က ရွှေရောင်ဆံပင်အခွေလေးကိုသပ်တင်ရင်း သူမနှင့်ပြုံးရွှင်စွာစကားပြောနေသည်ကို ဟန်နွေနွံမြင်လိုက်ရသည်။ အမျိုးသမီးလေးကိုယုံပေငြား အောင့်သက်သက်ခံစားချက်နှင့် တစ်ဖက်လူကိုဟန်နွေနွံစူးစိုက်ကြည့်ရင်း သူမအနားကိုခပ်မြန်မြန်လျှောက်သွားခဲ့သည်။
" ဒါ နင်ပြောတဲ့တစ်ယောက်လား ချောသားပဲ "
လက်နှစ်ဖက်ကိုယှက်ကာ သူတို့ဆီတန်းတန်းမတ်မတ်လာနေသော ဟန်နွေနွံကို ရွှေရောင်ဆံပင်နှင့်အမျိုးသားကကြည့်နေသည်။ ထိုသူစကားကြောင့် လင်္ကာသုံလည်း အနောက်ကိုလှည့်ကြည့်ဖြစ်ပြီး နူးညံ့သောအကြည့်တွေနှင့်အတူ ပြုံးလိုက်မိချေသည်။
" အင်း အဲဒါသူပဲ "
မျက်ဝန်းအိမ်ထဲမှာ အချစ်တြွေပည့်လျှံနေတာကို ထိုအမျိုးသားသတိထားမိတော့ ခပ်လွန့်လွန့်လေးပြုံးခဲ့သည်။ ကျားရိုင်းဂိုဏ်း၏အရှင်သခင်မက ချစ်မယ့်ချစ်တတ်တော့လည်း နီးစပ်ရာလိင်တူတစ်ယောက်ဖြစ်ခဲ့သည်တဲ့။ ယနေ့ခေတ်မှာ ထိုလိင်တူကိစ္စဟာမဆန်းကြယ်လှသလို သူတို့လိုအမှောင်လောကမျိုးဆက်တွေအတွက် ဤသို့လက်တွဲဖော်ရြှိခင်းကလည်း အထူးအဆန်းပိုမဟုတ်နေချေ။ သို့ပေမဲ့ အသည်းနှလုံးမပါအောင် သူတို့ဖခင်ဆီကနေ လေ့ကျင့်ပေးခြင်းခံရသော လင်္ကာသုံလိုလူတစ်ယောက်က နူးနူးညံ့ညံ့ချစ်တတ်သွားမည်လို့ မယုံကြည်နိုင်သေးတာဖြစ်သည်။
" နင့်ကို ဦးစက်သွေး ငရဲပြည်ကလှမ်းဆဲနေလောက်ပြီ "
ထိုစကားကြောင့် ဟိုကလေးမထံကနေ သူ့ကိုခဏအရေးပေးကာကြည့်လာသော သူ့အစ်မ၏မျက်နှာကို ပခုံးတွန့်ကာခပ်ပေါ့ပေါ့တုံ့ပြန်ပေးလိုက်သည်။ သူပြောလိုက်သောစကားထဲမှာ ဘာများမမှန်ကန်တာပါလို့ ဟိုကလေးမဆီကအကြည့်စူးစူးလို သူ့အစ်မကပါလာကြည့်နေရသည်လဲ။
" ပန်းချီသာအေးဆေးဆွဲ ဂျိုးဇက် "
" သူဘယ်သူလဲ ဟန်နီ..... "
ရှေ့ဆင့်နောက်ဆင့်ထွက်လာသော စကားသံတွေကိုနားထောင်ပြီး လက်ပိုက်ထားရင်းမျက်လုံးလှန်ပြလိုက်သည်။
" ဦးစက်သွေးပြန့်ပွားထားတဲ့ ဒုတိယမျိုးစေ့..... ကိုယ့်နာမည်ကဂျိုးဇက် လင်္ကာသုံရဲ့ တစ်လငယ်တဲ့အဖေတူမောင်ငယ် "
" ဟင် ! "
သဝန်တိုကာရန်တွေ့ဖို့ပြင်ထားပေမဲ့ မထင်မှတ်ထားတာကိုကြားလိုက်ရလို့ ဟန်နွေနွံမှာအာမေဋိက်သာပြုမိတော့သည်။ ဘေးကမျက်နှာလေးကိုကြည့်လိုက်တော့လည်း စနောက်နေပုံမရသည်မို့ တစ်ဦးတည်းသောသမီးလို့သာသိထားသော ထိုအမျိုးသမီးလေးကိုကြည့်ရင်း စိတ်ထဲတစ်မျိုးလေးဖြစ်သွားသည်။ သနားခြင်းဆိုသောခံစားချက်လေးက ဟန်နွေနွံရင်ထဲဖြစ်ပေါ်လာပြီး ဘာမှမဖြစ်သလိုကြည့်နေသော ထိုအမျိုးသမီးမျက်နှာကိုကြည့်ရင်းက လက်လေးကိုအသာဆုပ်ကိုင်လိုက်မိသည်။
" ဟိုတစ်ယောက်ရော မရောက်သေးဘူးလား "
" အကြောင်းမကြားဘဲရောက်လာတာ စောင့်သင့်တယ် ဂျိုးဇက် "
သူမလက်လေးကိုဆုပ်ကိုင်ထားကာ သူမပြောနေသောစကားကို ဟန်နွေနွံလိုက်ကြည့်ကာနားထောင်ဖြစ်သည်။ တည်ငြိမ်နေသောမျက်နှာလေးက ဟန်နွေနွံကိုကြည့်သည့်အချိန်မှာသာ နူးညံ့စွာပြုံးပြတတ်သေးသည်။ အမှန်တကယ်အဆင်ပြေရဲ့လားလို့ စိတ်ထဲကပူပန်မိပေမဲ့ ဤကိစ္စတွေက ဟန်နွေနွံသာယခုမှသိတာ ဖြစ်ပျက်ခဲ့ပြီးတာကကြာလှပြီမဟုတ်လား။
" ဟာ..... ငါသူ့ကိုမြင်ဖူးချင်လို့လာတာလေ နင်တို့မိန်းကလေးတွေက ဦးစက်သွေး သွေးတွေပီသလွန်းတယ် "
" ဘယ်ကိစ္စမဆို သတ်မယ်ဆိုတာနဲ့ ငွေရေးကြေးရေးပဲရှေ့တန်းတင်တယ် "
ဂျိုးဇက်ဆိုသောတစ်ယောက်မှ စိတ်မရှည်စွာပြောလာလျှင် ဟန်နွေနွံဘေးကအမျိုးသမီးလေးမှာ အင်းဟုမှတ်ချက်ပြုလေသည်။ မည်သူကိုစောင့်နေသည်မှန်းမသိသော်လည်း ထိုအမျိုးသမီးလေးအရေးက ဟန်နွေနွံအရေးဖြစ်လို့ အရာအားလုံးသိအောင်ကြိုးစားမည်သာ။
ရှင်ဘယ်လောက်မေတ္တာငတ်ခဲ့မလဲ ဟန်နီ.....
...............................................................
နေ့လယ်တစ်နာရီလောက်မှာ လူသုံးယောက်မျက်နှာချင်းဆိုင်ထိုင်ကာ တစ်ယောက်ကိုတစ်ယောက်အသံတိတ်ကြည့်နေသည်ကို ဟန်နွေနွံတစ်နေရာကနေကြည့်နေသည်။ ထိုလူသုံးယောက်တွင် တစ်ယောက်ကအစောပိုင်းတင်သိထားသည့် ဂျိုးဇက်ဆိုသောသူဖြစ်ကာ တစ်ယောက်ကတော့ ဟန်နွေနွံ၏အမျိုးသမီးလေးပင်။ ကျန်သည့်နောက်ထပ်တစ်ယောက်ကိုတော့ ဟန်နွေနွံသိလည်းသိသလို အလုပ်တွဲလုပ်နေကျမို့ တရင်းတနှီးလည်းရှိချေသည်။
" ဒါက ဦးစက်သွေး တတိယမျိုးစေ့လား ? ဝေါင်း ငါတကယ်..... "
တစ်ယောက်ရက်စက်သည်နှင့်မလုံလောက်သေးလို့ နောက်ထပ်သမီးတစ်ယောက်ကိုပါ ရက်စက်တဲ့သွေးပါအောင် လုပ်နိုင်စွမ်းရှိလှသောဖခင်ကို ဂျိုးဇက်ပြောစရာစကားမရှိအောင်ဖြစ်သည်။ အဖြူရောင်ဟန်ဖူဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားပြီး ကျောက်စိမ်းပုတီးကိုလက်မှာကိုင်ထားသော အမျိုးသမီးငယ်လေးကတော့ ခြေထောက်အချိတ်မပျက်ရှိနေသည်။
" အမှောင်လောကမှာ တစ်ညတည်းနဲ့ ဓားတစ်လက်ကြောင့်နာမည်ကြီးသွားတဲ့သူက ငါ့ညီမ !! "
ပုတီးတစ်စေ့ချင်းချကာ မျက်နှာအနေအထားတည်ငြိမ်လှသော ထိုအမျိုးသမီးငယ်လေးကိုရည်ညွန်းသည့် ဂျိုးဇက်၏စကားကို လင်္ကာသုံအကြည့်တစ်ချက်ဖြင့်အတည်ပြုပေးသည်။ အဖြူရောင်ဟန်ဖူအင်္ကျီပေါ်မှာ ငွေရောင်အရိပ်လေးဖြင့် နဂါးပုံဖော်ထားကာ ကျောက်စိမ်းပုတီးစေ့ကိုအမြဲလိုဆောင်ထားသော ဤအမျိုးသမီးငယ်လေးဟာထူးခြားပေသည်။ အပြုံးအရယ်တစ်ချက်မရှိစွာ နေရာတွင်မြဲမြံစွာထိုင်နေခဲ့ပြီး ပုတီးစေ့ကိုတစ်စေ့ချင်းစိပ်နေခဲ့လေသည်။
" အိုဘုရားသခင် ဘာတြွေဖစ်ကုန်တာလဲ "
ထိုအာမေဋိက်စကားသံကြောင့် ပုတီးစိပ်နေသောအမျိုးသမီးငယ်လေးက လင်္ကာသုံနှင့်ပြိုင်တူစွာ ဂျိုးဇက်ကိုကြည့်လိုက်သည်။ နောက်တော့ နှစ်ဦးသားအပြန်အလှန်ကြည့်လိုက်ကြပြီး တိတ်ဆိတ်စွာရှိနေခဲ့သော ထိုအမျိုးသမီးငယ်လေးဘက်ကနေ ပထမဆုံးစကားသံထွက်လာခဲ့သည်။
" အင်း အဲဒီညကိုနောင်တရမိတယ် "
ညင်ညင်သာသာလေးအဖွင့်စကားစပြောသည်။
" အဲဒီညက သွေးနံ့တွေလှိုင်ထနေခဲ့တယ် "
တစ်ချက်ကလေးရယ်လိုက်သည့် အသက်မပါသောမျက်နှာလေးကို လင်္ကာသုံနှင့်ဂျိုးဇက်မှာ မထင်မှတ်စွာငေးကြည့်မိကြသည်။ ငယ်ရွယ်စဉ်၌ကပင် သွေးတွေနှင့်ရင်းနှီးခဲ့သော လင်္ကာသုံအတွက် ထိုစကားလုံးဟာမထူးဆန်းကောင်း မထူးဆန်းနိုင်ပေမဲ့ ပြောလိုက်သည့်စကားသံနှင့် အမျိုးသမီးငယ်၏မျက်ဝန်းတွေက အဓိပ္ပါယ်တစ်ခုထွက်နေသည်။ ထိုကြောင့် တိတ်ဆိတ်စွာထိုမျက်ဝန်းကိုကြည့်ရင်း အသက်မပါသောအပြုံးနှင့် ပုတီးကိုလက်ကချလိုက်သော အမျိုးသမီးငယ်လေးအား တစ်ခုချင်းလိုက်ကြည့်မိသည်။
" သွေးကမလိမ်ညာတတ်မှန်း အဲဒီညကမှနားလည်ခဲ့တယ် နေရာအနှံ့ "
တိုးညင်သောစကားတစ်ခွန်းကို ပြောလက်စအတိုင်းရပ်ကာ ဂျိုးဇက်နှင့် လင်္ကာသုံထံကို အမျိုးသမီးငယ်လေးလှမ်းကြည့်သည်။ အပြုံးမမည်သောအပြုံးဟာ နှုတ်ခမ်းထက်မှာ ခပ်ပါးပါးလေးတွဲခိုနေရဲ့။
" မွေးကင်းစတောင်မကျန်ခဲ့ဘူး အသက်ရှုနေတဲ့အရာတိုင်း "
ခြေထောက်အချိတ်မပျက်ပင် စားပွဲပေါ်တင်လိုက်သော ကျောက်စိမ်းပုတီးလေးကို လက်ဖြင့်ထိတွေ့ကိုင်တွယ်နေပြန်သည်။ အပြုံးမပျက်ပြောနေသော်ငြား မျက်လွှာချထားသောမျက်ဝန်းတစ်စုံမှာ ဝမ်းနည်းရိပ်တွေသန်းနေသည်ကို လင်္ကာသုံမြင်နေရသည်။
" ဖျက်ဆီးပစ်ခဲ့တယ် "
မျက်လွှာပင့်ကာ ခေါင်းမော့လာသောအခါ ပြောလိုက်သောစကားလုံးနှင့်ဆန့်ကျင်စွာ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်စတို့တွေ့လိုက်ခဲ့သည်။
" အဲဒီညက အဲဒီစခန်းမှာ အသက်ရှင်တဲ့သူတစ်ယောက်မှမရှိခဲ့ဘူး "
" အ အဟမ်း "
ဂျိုးဇက်ကအနေခက်စွာ ချောင်းတစ်ချက်ဟန့်လိုက်၍ ဆက်ပြောမည်ဟန်ပြင်ထားသော အမျိုးသမီးငယ်လေးဟာ ပေါ့ပေါ့ပါးပါးလေးပြုံးရယ်သွားသည်။
" သူတို့က ညွှန်းရဲ့လက်ထောက်ကို ဖျက်ဆီးဖို့လုပ်ကြတာလေ "
" မမွေးသေးတဲ့အသက်တွေပါ ဒီလောက်တော့ပေးဆပ်ရမှာပေါ့ "
ထိုအမျိုးသမီးငယ်ပြောပြနေသည်ကို တိတ်ဆိတ်စွာနားထောင်ရင်း ဂျိုးဇက်ဘက်ကိုလင်္ကာသုံလှည့်ကြည့်ဖြစ်သည်။ ဂျိုးဇက်ကလည်း သူမကိုပြန်ကြည့်လာသည်နှင့်ကြုံလို့ ထူးဆန်းသောစကားလုံးကို နှစ်ယောက်လုံးရိပ်စားမိကြပြီမှန်းသိလိုက်ကြသည်။
" ညွှန်းရဲ့လက်ထောက်က ပြန်မလာနိုင်တော့ဘူး "
ထိုအမျိုးသမီးငယ်ဟာ ကျောက်စိမ်းပုတီးကိုပြန်လှမ်းယူလိုက်ပြီး ညာဘက်လက်မှာပြန်ဝတ်ဆင်လိုက်သည်။ အပြုံးကလည်းအသက်မပါစွာ ပြုံးသည်ဆိုရုံလေးပြုံးပြီး သူမတို့နှစ်ယောက်ကိုမျက်နှာမူကာ ခပ်အေးအေးလေးကြည့်လာပေသည်။
" ဒါဆို နင်နောင်တရတယ်ဆိုတာ အဲဒီလူတွေကိုသတ်မိလို့ပေါ့ "
ဂျိုးဇက်က မနေနိုင်မထိုင်နိုင်စွာ ရုတ်တရပ်မေးလာသည်။ ညွှန်းလို့သုံးနှုန်းလိုက်သော အမျိုးသမီးငယ်လေးက ခေါင်းလေးဖြည်းဖြည်းရွေ့ကာ ဂျိုးဇက်ကိုကြည့်လိုက်သည်။ သို့သော် အပြုံးတစ်ချက်သာပြုံးပြီး မည်သည့်အဖြေမျှမပေးခဲ့ချေ။
" ကော နင်က ဦးစက်သွေး သွေးမပါဘူးလား "
" ဟမ် ? ဘာဆိုင်လို့လဲ "
" မမ နင်တစ်ခါပြောထားတဲ့ကိစ္စကို ငါစဉ်းစားပြီးပြီ "
ဂျိုးဇက်ဘက်သို့လှည့်ပြောရင်း သူမဘက်ကိုလှည့်လာသော သူမ၏အဖေတူအမေကွဲညီမလေးအား လင်္ကာသုံနှုတ်ဆိတ်စွာကြည့်နေခဲ့သည်။ နှစ်တွေများစွာကြာညောင်းမှ ရှာတွေ့ခဲ့သောညီမငယ်ကလည်း လွတ်လပ်ပျော်ရွှင်စွာရှင်သန်ခွင့်ရသော မိန်းမငယ်လေးတစ်ယောက် မဖြစ်နေခဲ့ပြန်ပေ။
ရှုပ်ထွေးသောလောကထံကနေ ဘယ်သောအခါမှရုန်းထွက်နိုင်မည်မသိတော့သည့်တိုင် နစ်မြုပ်မိနေကြရပြီထင်သည်။ ဖခင်၏သွေးတွေစီးဆင်းနေသော သူမတို့မောင်နှမသုံးယောက်တွင် ဂျိုးဇက်တစ်ယောက်ကသာ သာမန်လူလိုရှင်သန်နေထိုင်သွားရသည်။ မိန်းကလေးတန်မဲ့ သူမတို့နှစ်ယောက်ကသာ သွေးတွေသာရှိသည့်အမှောင်ထဲကို လိုလိုလားလားတိုးဝင်မိလျက်သားဖြစ်နေသည်။
" ငါနင့်ကိုထောက်ခံအားပေးမယ် တစ်ခုပဲ "
အစောပိုင်းကနှင့်မတူစွာ ပိုမိုတည်ငြိမ်သွားသော ညွှန်း သို့မဟုတ် စာမရီဆိုသည့်အမျိုးသမီးငယ်လေး။ အကြည့်တွေဟာလေးနက်ပြီး အတိတ်ကိုအနည်းငယ်နာကျည်းနေဟန်အား မျက်ဝန်းထဲမြင်တွေ့နေရသည်။
" နင်နဲ့ပူးပေါင်းမယ့်ကိစ္စတွေကို ငါမပါဝင်နိုင်ဘူး "
လင်္ကာသုံဘာမျြှပန်မပြောပေ။
" ဦးစက်သွေးကို အဖေအဖြစ်အသိအမှတ်မပြုသလို သူ့ရဲ့ဆက်ခံသူနင်နဲ့လည်း အခမ်းအနားတစ်ခုတည်းမဝင်နိုင်ဘူး "
" အင်း ဆက်ပြော "
" ငါတို့က အသိအမှတ်မပြုချင်ပေမဲ့ သွေးတစ်ခုတည်းလက်ခံထားကြရတာဆိုတော့ နင့်ကိုလည်း ငါမမုန်းပါဘူးမမ "
" ဒါပေမဲ့ မားမားမျက်နှာပြန်မြင်ရင် ငါ့ကိုယ်ထဲကသွေးကိုတော့ ဖောက်ထုတ်ချင်မိတယ် ! ထားပါလေ အခုကိစ္စမှာ အလင်းငယ်ကို ကိုယ်စားလှယ်လွှဲပေးထားတယ် "
ဒေါသထွက်သယောင်အနေအထားအား လျင်မြန်စွာပြောင်းလဲထိန်းချုပ်ပြီး ပင့်သက်တစ်ရှိုက်အတွင်း စိတ်ကိုတည်ငြိမ်အောင် စာမရီလုပ်နိုင်ခဲ့သည်။ အမြဲတစေ နားချတတ်သောစကားသံကို စာမရီနားထဲမှာကြားယောင်နေပြီး လီကျဲဆိုသည့်ခေါ်သံကိုလည်း သတိရလာသည်။
" ငါ့ဆီကငွေကြေးနဲ့မလွတ်တဲ့အဖွဲ့တိုင်းကို ငါနားချပေးထားတယ်မမ အလင်းငယ်ကလည်း ငါ့ဆက်ခံသူဖြစ်မယ့်သူဆိုတော့ နင်သံသယကင်းလို့ရတယ် "
" စာမရီ "
စိတ်အတွင်း၌ ညီမလေးဟုခေါ်ချင်သော်လည်း ထုတ်ပြောမိသည်ကနာမည်တစ်ခုသာဖြစ်လေသည်။
" အင်း ပြောလေမမ "
ဂျိုးဇက်ကတော့ ဤစကားဝိုင်းမှာနားထောင်သူဖြစ်သွားပြီး လေးလံနေသောလေထုကိုလည်း ပေါ့ပါးအောင်မစွမ်းနိုင်ခဲ့ပေ။ တခြားသောမိသားစုတွေအတွက် မောင်နှမတြွေပန်တွေ့ဆုံခြင်းက ဝမ်းမြောက်စရာကောင်းမည်ဆိုလျှင် သူတို့အတွက်က မျက်နှာပြရုံတွေ့ဆုံမှုသက်သက်ဖြစ်၍ ဝမ်းနည်းစရာကောင်းသည်။ တိုင်းတပါးသူ သူ့မိခင်နှင့် သွေးနှောကပြားသူ့အဖို့ အလိုချင်ဆုံးနှင့်အလိုအပ်ဆုံးက မိသားစုလေးတစ်ခုသာဖြစ်သည်။ ဘာကြောင့်များ သေးငယ်တဲ့ဆန္ဒတစ်ခုက သူ့မိခင်အတွက်မပြည့်မြောက်ခဲ့သလို သူ့အတွက်လည်းမဖြစ်လာခဲ့သေးတာလဲ။
" အခုထိအသက်ရှင်ပေးလို့ ကျေးဇူးတင်ပါတယ် "
...........................................................

YOU ARE READING
စွန့်ပစ်ခံအချစ် ( Anemone ) Z + U ©
Romanceလှပသိမ်မွေ့သောအမျိုးသမီးလုပ်ငန်းရှင် လင်္ကာသုံနှင့် အသက်ဆယ်နှစ်ကွာဟတဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်လိုတဲ့ ဟန်နွေနွံ။ မရိုးရှင်းသောအမျိုးသမီးဖြစ်လင့်ကစား ရဲတင်းစွာပတ်သက်ဖို့ကြိုးစားသည့် နုနယ်ပျိုမျစ်တဲ့ဟန်နွေနွံနှလုံးသားထဲမှာ အချစ်ဆိုတာမရှိဘူး။ မထင်မှတ်...