ညကတစ်ညလုံးရေသောက်ခြင်းအမှုနှင့် သန့်စင်ခန်းထဲဝင်ရသည့်အမှုတို့ဖြင့် အလုပ်ရှုပ်နေခဲ့ပြီးတော့ မိုးလင်းမှအိပ်ပျော်သွားခဲ့သည်။ အိပ်ရာနိုးလာတော့လည်း လည်ပင်းထဲတွင်ခြောက်ကပ်ကပ်နှင့် ရေကိုသာတောင့်တနေရသည်အထိ ထိုအမျိုးသမီး၏ ဟင်းချက်လက်ရာကဆိုးလွန်းလှသည်။
အိပ်ရာပေါ်ကဆင်းလာခဲ့ပြီး မနက်နိုးလာလျှင်လုပ်နေကျအတိုင်း မီးဖိုခန်းထဲသို့သွားကာ လက်ဖက်ရည်တစ်ခွက်စာရေကို လျှပ်စစ်ရေနွေးအိုးထဲဖြည့်ပြီး ခလုတ်နှိပ်ကာတည်ထားလိုက်သည်။ ရေချိုးခန်းထဲမှာ မျက်နှာသစ်ရေချိုးပြီးလျှင် သင့်တော်ရာအဝတ်အစားတစ်စုံဝတ်ပြီး အခန်းထဲကထွက်လာတော့ တည်ထားတဲ့ရေနွေးကအသင့်ဖြစ်နေပြီ။ လက်ဖက်ရည်ဖန်ခွက်ထဲကို အောင်မဲညိုပန်းခြောက်တွေခပ်လိုက်ပြီး အရောင်ပြောင်းလာအောင် စားပွဲပေါ်တင်ထားခဲ့သည်။
" သမီးလေးနိုးနေပြီလား..... "
ထမင်းစားခန်းထဲကထွက်လာသော ဟန်နွေနွံအား မိခင်ဖြစ်သူမှလှမ်းမေးလိုက်သည်။ အရင်အချိန်ကနှင့်ယှဉ်လျှင် ရင့်ကျက်သွားသောသူမသမီးလေးက ခေါင်းဆောင်လေးမရှိတော့ကတည်းက အရယ်အပြုံးမရှိတော့တာပင်။
" ဟုတ်တယ်မေမေ အခန်းထဲမှာလက်တော့ပ်ကျန်ခဲ့လို့ သွားယူလိုက်ဦးမယ်..... "
ပေါ့ပေါ့ပါးပါးဖြေသွားသော ဟန်နွေနွံမျက်နှာပေါ်မှာ အပြုံးတွေထင်ရှားနေသဖြင့် မိခင်ဖြစ်သူမှာအံ့အားသင့်ကာကျန်ခဲ့သည်။ စိတ်ထင်တာပါလို့တွေးမိပေမဲ့ သူမသမီးအမှန်တကယ်ပြုံးသွားတာဖြစ်လို့ မျက်စိမှားတာတော့မဖြစ်တန်ရာ။
" သမီးလေးလည်း ခေါင်းဆောင်လေးကိုမေ့နိုင်ပြီထင်တယ်..... "
ထိုမျှသာပြောမိပြီး ထမင်းစားခန်းကိုဖြတ်ကာ ဧည့်ခန်းဘက်သို့ထွက်လာခဲ့သည်။ သူမလက်ထဲတွင် သူမခင်ပွန်းကျန်ခဲ့သောစာအုပ်အားကိုင်ပြီး ကားပေါ်တွင်စောင့်နေသော သူမခင်ပွန်းကိုသွားပေးလိုက်သည်။ သမီးဖြစ်သူနှင့်ပတ်သက်လို့ အထွေအထူးမပြောပြဖြစ်ဘဲ သူမခင်ပွန်းအလုပ်ခရီးကိုသာအတူလိုက်သွားဖြစ်လေသည်။
အပေါ်ထပ်ကနေဆင်းလာသော ဟန်နွေနွံပခုံးထက်တွင် လက်တော့ပ်ထည့်ထားသော လယ်သာအိတ်အနက်အားလွယ်ထားသည်။ ခြံထဲကနေကားတစ်စီးထွက်သွားသည်ကိုကြားလိုက်သော်လည်း မိဘတွေအလုပ်ခရီးထွက်မှာကိုကြိုသိထားလို့ အိမ်တော်ထိန်းကိုတကူးတကမမေးဖြစ်တော့လေ။ ထမင်းစားခန်းထဲဝင်လာပြီး စားပွဲပေါ်ကမဲနယ်ပြာရောင်သန်းနေသည့် လက်ဖက်ရည်ခွက်ကိုသာယူပြီး အနည်းငယ်သောက်လိုက်သည်။ ခါးသက်သက်အရသာကြောင့် မနေ့ညကခေါက်ဆွဲပြုတ်ကိုတောင် သတိတရရှိသွားသည်။
ဆိုးလိုက်တာ.....
...........................................................
အဖြူရောင်ခန်းမဆောင်ထဲတွင် ဗေဒနှင့်ထိုသူဘက်တော်သားများထိုင်နေကြလေသည်။ မီးခိုးရင့်ရောင်ထိုင်ခုံတွေနှင့်စားပွဲရှည်က မှန်ကဲ့သို့ပြောင်လက်ကာသန့်ရှင်းနေပြီး အဝါရောင်ဖျော့ဖျော့ခေတ်မီမီးဆိုင်းက ထိုစားပွဲအလယ်၏မျက်နှာကျက်တွင်နေရာယူထားသည်။ အခန်းထဲကအလင်းရောင်ဟာ အဖြူဘက်သို့သွားသော အဝါရောင်မီးအလင်းရောင်ဖြစ်သည်။
လေဆိပ်ကနေသူတို့ကိုခေါ်လာသောလူတစ်စုက ပမွှားအဆင့်သာသာပေမဲ့ ပြည်ပကဝင်ရောက်လာကာစ သူတို့အုပ်စုအဖို့ လေဆိပ်တွင်အခြေအတင်ဖြစ်လို့မရပေ။ ထင်ထင်ရှားရှားပြသလို့မရတဲ့ သူတို့မြေအောက်လောက၏အခြေအနေကို သူတို့တွေနားလည်လို့ဖြစ်သည်။ မီးခိုးပြာရောင်ဝတ်စုံနှင့် လည်စည်းပဝါအနက်ကို လည်ပင်းတွင်စည်းထားသည့် အသက်ငါးဆယ်ကျော်အရွယ်ဗေဒက လက်ရှိအခြေအနေကိုတိတ်ဆိတ်စွာစောင့်နေသည်။
" အစ်ကိုကြီးဗေဒ ကျုပ်တို့ဒီလိုပဲထိုင်နေမှာလား "
" မထိုင်နေတော့ရော "
ဗေဒကိုလှမ်းမေးလိုက်သည့်ခပ်ဝဝလူအား ဆံပင်ဖြူနေသည့်လူက အသံခပ်မာမာဖြင့်ဝင်ပြောလိုက်သည်။ အနုနည်းဖြင့်ခေါ်ဆောင်လာသည့်သူက ခေါင်းဆောင်နေရာကိုအလိုလိုရောက်သွားသော လကျာ်ရှင်ဖြစ်နေ၍ ထိုလူတစ်စုကခံပြင်းနေကြခြင်းပင်။
အသက်ငယ်နေသေးသည့်အပြင် ပမွှားအဆင့်သာသာမိန်းမတစ်ယောက်က နောက်ထပ်သူတို့ခေါင်းပေါ်တက်လာတာကို ထိုအတ္တကြီးသည့်လူတစ်စုက လက်မခံနိုင်ကြပေ။ ဝါရင့်နေပြီဖြစ်သော သူတို့လိုလူတွေကတော့ ဒေသခွဲခေါင်းဆောင်ငယ်ဘဝနှင့် အရိုးဆွေးရတာကိုမကျေနပ်ကြတာထက် ပိုမြင့်မားသောထိုင်ခုံကိုလိုချင်တပ်မက်စိတ်ကပိုလေသည်။
" လင်္ကာသုံကသေသွားပြီ တကယ်ဆိုအစ်ကိုကြီးကိုနေရာပေးရမှာ ဘာမှမဟုတ်တဲ့ပမွှားအဆင့်က ကျုပ်တို့ကိုခေါင်းဆောင်တာဖြစ်သင့်လား "
" ထင်ဝေ "
မကျေနပ်သောလေသံနှင့်ပြောနေသည့် ခပ်ဝဝလူအား ဗေဒနာမည်လှမ်းခေါ်လိုက်သည်။ မျက်နှာပေါ်မှာထင်ရှားတဲ့အပြုံးက ရက်စက်သောအသွင်ကိုဆောင်စေကာ မှိတ်ထားသောမျက်လုံးကိုဖွင့်လာခဲ့သည်။
" ကျုပ်တို့အခုလာရတဲ့အကြောင်းအရင်းကလည်း လကျာ်ရှင်ကိုဖယ်ရှားဖို့ပဲမဟုတ်လား ဘာတွေစိတ်လောနေတာလဲ "
" ဒါပေမဲ့ အစ်ကိုကြီးဗေဒ ကျုပ်တို့ကဒီလိုပဲမထီမဲ့မြင်လုပ်ခံနေရတာလေ "
" ဘာမှမဟုတ်တဲ့ကောင်မက ကျုပ်တို့ကို ဒီအခန်းထဲမှာအနုနည်းနဲ့ဖမ်းခေါ်ထားတာမဟုတ်လား ဘယ်လိုသည်းခံရမှာလဲ "
ထိုစဉ် အခန်းအပြင်ဘက်ကနေ အေးစက်သောစကားသံထွက်လာသည်။ တခဏတွင်းချင်း တိတ်ဆိတ်သွားသောထိုလူတွေ၏အကြည့်တွေဟာ အညိုဖျော့ဖျော့တံခါးနှစ်ချပ်ဆီကြည့်နေကြသည်။
" ခေါင်းဆောင်တစ်ယောက်ကို ဘာမှမဟုတ်တဲ့ကောင်မလို့ ဘယ်သူပြောရဲတာလဲ "
အညိုရောင်ဖျော့ဖျော့တံခါးနှစ်ချပ်ပွင့်လာပြီး အဖြူရောင်ခန်းမထဲအရင်ဝင်လာသောသူက လကျာ်ရှင်ဖြစ်နေလို့ ထိုလူတစ်စုဟာမထီမဲ့မြင်ဟန်ဖြင့် မထိတရိကြည့်နေကြသည်။ သို့ပေသိ အနောက်ကနေအခြံအရံဖြင့်ဝင်လာသော မျက်နှာဖုံးအဖြူရောင်နှင့်တစ်ယောက်ကို သူတို့သတိထားမိတဲ့အချိန်ဟာ တောင်းပန်ဖို့နောက်ကျလိမ့်မည်လို့ပြောနိုင်သည်။
" ဥက္ကဋ္ဌ "
လကျာ်ရှင်က ဘေးသို့ဖယ်ပေးကာ တလေးတစားဦးညွတ်လိုက်သောအခိုက် ထိုလူတစ်စု၏အကြည့်တို့က မျက်နှာဖုံးနှင့်တစ်ယောက်ထံ ထိတ်လန့်အံ့သြစွာရောက်ရှိသွားကြသည်။ သူတို့ဂိုဏ်း၏ခေါင်းဆောင်နေရာကို လက်ရှိမှာရယူထားသော လကျာ်ရှင်ကိုယ်တိုင်ကဦးညွတ်ရသည့်သူ ဒီလောက၌ရှိသေးတာလား။
ထိုလူတွေ၏အတွေးမဆုံးခင်မှာ သွေးအေးသောအပြုံးတစ်ပွင့်ကိုပြုံးပြလာပြီး မျက်နှာဖုံးထံလက်ရောက်သွားသော ထိုတစ်ယောက်ကြောင့် အားလုံးကြောင်အကုန်သည်။ တဖြည်းဖြည်းချင်းပေါ်လာသော မျက်နှာအစိတ်အပိုင်းတွေကနေ ရှင်းလင်းပြီးပြည့်စုံစွာမြင်လိုက်ရတဲ့အချိန် ဗေဒဆိုသောလူတောင် စိတ်ထဲမှာအကြောက်တရားတွေဖုံးလွှမ်းသွားသည်။
" လင်္ကာသုံ ! မဟုတ်ဘူး ခေါင်းဆောင် "
ယောင်ယမ်းပြီးနှုတ်ကထွက်သွားသော မလေးမစားနာမည်ခေါ်သံကြောင့် ကပျာကယာပြန်ပြင်ပြောလိုက်ပေမဲ့ ခပ်ဝဝခန္ဓာကိုယ်နှင့် ထင်ဝေဆိုသူဟာချွေးပြန်နေခဲ့လေပြီ။ သေပြီလို့သေချာပေါက်သိထားသော လင်္ကာသုံကိုမြင်လိုက်ရခြင်းက တစ္ဆတေစ်ကောင်ကိုတွေ့တာထက် ပိုကြောက်လန့်ဖို့ကောင်းနေသည်။
လင်္ကာသုံကတော့ ချွတ်လိုက်ပြီဖြစ်သောမျက်နှာဖုံးကို စားပွဲပေါ်တွင်တင်ကာ ထိုလူတစ်စု၏မျက်နှာချင်းဆိုင်နေရာတွင်ဝင်ထိုင်လိုက်သည်။ အေးစက်စူးရှသောအကြည့်တွေနှင့် အားလုံးကိုကြည့်နေသော လင်္ကာသုံ၏မျက်နှာကို ထိုလူတစ်စုမှာကြည့်ရင်း သွေးပျက်ကာအာခေါင်ခြောက်လာကြသည်။
" ဆယ်စုနှစ်တစ်ခုကျော်အောင် အသက်ရှင်လာခဲ့ရတာ ပင်ပန်းနေကြပြီလား "
အာစေးမိထားသလိုသွေးပျက်နေသော ထိုလူတွေအထဲတွင် ဗေဒသည်လည်းအပါအဝင်ပေ။ လွန်ခဲ့သောဆယ်နှစ်က နေရာလုပွဲတွင် ခန်းမထဲ၌သေသွားကြသောသူတွေထဲကနေ သူတို့လူအနည်းငယ်ကိုအသက်ချမ်းသာပေးခဲ့သည်မဟုတ်လား။ သူတို့တွေက လင်္ကာသုံ၏ဖခင် စက်သွေးလက်ထက်ကတည်းက အားကိုးရသောလူတြွေဖစ်ခဲ့လို့ ထိုအချိန်ကအသက်ချမ်းသာပေးခဲ့ခြင်းသာ။
" တစ်ခုခုအထင်လွဲနေတာပါ ဦးလေးတို့က ခေါင်းဆောင်မရှိတော့ဘူးလို့သတင်းကြားပြီး စိတ်မကောင်းနေတာ "
" ဟုတ်လား ဦးဗေဒ "
" သေချာတာပေါ့ ခေါင်းဆောင်အသစ်ပြောင်းလဲသွားလို့တောင် ဂိုဏ်းအတွက်တွေးပြီးပူပန်မိသေးတယ် "
" အခုဦးလေးတို့ရောက်လာတာလည်း ဂိုဏ်းအခြေအနေယိုယွင်းနေတာကို တည့်မတ်ပေးမယ့်သဘောပါပဲ "
ထိုစကားတွေနားထောင်ရင်း လင်္ကာသုံသွေးအေးစွာရယ်လိုက်သည်။ လက်ရှိသူတို့ရောက်နေသောနေရာက လေဆိပ်ဝင်းထဲမှာရှိတဲ့ ရွှေခက်စိမ်း၏လုပ်ငန်းအဆောက်အအုံဖြစ်လို့ အန္တရာယ်ကင်းမည်လို့ထင်နေပုံပင်။ အလိမ်အညာစကားတွေကိုဖောဖောသီသီပြောပြီး လွယ်လွယ်လေးလွတ်မြောက်မည်လို့ထင်နေတာပဲ။
" စကားများများပြောရတာမကြိုက်ဘူး ဦးဗေဒ "
လင်္ကာသုံထိုင်နေရာမှထလာပြီး လကျာ်ရှင်ကိုအချက်ပြလိုက်သည်။
" ခေါင်းဆောင်တစ်ယောက်ကို အထင်သေးတတ်တဲ့ ဦးလေးတို့စိတ်ဓာတ်တွေက အသက်တိုစေတာပဲ "
တစ်လုံးချင်းပြောကာ တစ်လှမ်းချင်းလျှောက်လာသော လင်္ကာသုံ၏နောက်ကျောဘက်တွင် လကျာ်ရှင်မှတံခါးလော့ခ်ချနေသည်ကို အရှင်းသားမြင်နေရသည်။ လက်ရွေးစင်တချို့သည်လည်း အသင့်အနေအထားဖြင့် မတ်မတ်ရပ်လျက်ရှိနေသည်။
" လင်္ကာသုံ ! "
ဗေဒ၏နံဘေးမှခပ်ဝဝနှင့်ထင်ဝေဆိုသူက သူ၏သရုပ်မှန်ကိုအကြောက်တရားနှင့်အတူ အရင်ထုတ်ဖော်လာသည်။ ထိုင်ခုံကနေသွေးပျက်စွာထရပ်ပြီး ရင်းနှီးနေသောအတိတ်ကပုံစံကြောင့် ထိုလူအားလုံး၏စိတ်ထဲတွင် အကြောက်တရားတွေကြီးစိုးသွားသည်။ ကိုယ်ပိုင်လေယာဉ်ပေါ်ကအဆင်းမှာ လကျာ်ရှင်ဦးဆောင်လာတဲ့လူတစ်စုလက်ထဲကို သေနတ်တွေအသာတကြည်ပေးလိုက်ရကတည်းက ထောင်ချောက်ထဲကျသွားပြီဆိုတာရိပ်မိခဲ့ရမှာ အခုတော့နောက်ကျသွားခဲ့ပြီ။
" မင်း ဒီနေရာမှာ ကျုပ်တို့ကိုသတ်လို့ရမယ်ထင်နေလား ! လူတွေအားလုံးကို လှန့်လိုက်သလိုဖြစ်မှာနော် "
ဗေဒဆိုသူကတော့ အကြောက်တရားကိုဖုံးကွယ်လို့ မာန်မလျှော့စွာပြောလိုက်သေးသည်။ ထိုလူပြောတာလည်းမှန်ပါသည် ဒီနေရာမှာသာပစ်ခတ်သံပေါ်ထွက်လာလျှင် မြေအောက်ဂိုဏ်းတွေရှိကြောင်း ကြေညာသလိုဖြစ်သွားမည်ပင်။ သနားဖို့ကောင်းတာက လင်္ကာသုံက ထိုလူတွေကိုသေနတ်ဖြင့်ရှင်းလင်းမည်မဟုတ်တာကို မတွေးတောတတ်ခြင်းပေ။
............................................................
လက်ရွေးစင်နှစ်ယောက် တစ်ဖက်တစ်ချက်စီချုပ်ထားသော လူခြောက်ယောက်၏အသက်တွေကို တစ်နာရီအတွင်းရှင်းပစ်ပြီးနောက် အဖြူရောင်ခန်းမဆောင်အတွင်း သွေးတြွေဖင့်အရောင်ပြောင်းလဲသွားသည်။ လင်္ကာသုံ လက်အိတ်နှင့်အပေါ်ဝတ်ကိုအသာချွတ်ကာ နေရာမှာတင်ပစ်ချလိုက်ပြီး ဖြတ်ထားသောခေါင်းတွေအား ကျန်သောလူတွေဆီကို လကျာ်ရှင်ဖုန်းဖြင့်ပေးပို့စေလိုက်သည်။ တစ်ချိန်တည်းမှာပင် လင်္ကာသုံအသက်ရှင်နေကြောင်းသတင်းကို မုသားသတင်းရောင်းဝယ်ရေးမှတဆင့်ဖြန့်ခိုင်းကာ အကြီးအကဲအဖြစ်တာဝန်ယူသည့်သတင်းကိုပါ ဂိုဏ်းတွင်းဂိုဏ်းပြင်ကြေညာချက်ထုတ်ခဲ့သည်။
တဆက်တည်းမှာ ဗေဒနေရာ၌ သီဟာကျွန်းကိုအစားထိုးလိုက်ပြီး ထင်ဝေဆိုသောလူဝနေရာမှာ သွေဖီဆိုသော သားမင်း၏ညီအားအစားထိုးသည်။ မနေ့ကမှသတိလည်လာသော နေဏီသာကိုတော့ ဆံပင်ဖြူဖြူနှင့်ကောင်းရှိန်နေရာမှာလျာထားကာ။ လက်ရွေးစင်ထဲမြှဖစ်သောရိပ်ငွေ့နှင့် သွေးပန်းနီရယ် တံတိုင်းရံတို့ကတော့ ကျန်သောထိုလူသုံးယောက်၏နေရာမှာ အစားထိုးနေရာပေးလိုက်သည်။
ကိစ္စအားလုံးပြီးပြတ်တော့ ထိုနေရာမှာရှိတဲ့အလောင်းတွေကိုရှင်းလင်းဖို့ အဆောက်အအုံတစ်လုံးအဆုံးရှုံးခံကာ မီးရှို့ဖျက်ဆီးခဲ့သည်။ တစ်ကြိမ်တည်းနှင့်လောင်ကျွမ်းဖို့ လောင်စာအနည်းငယ်သုံးလိုက်ရပေမဲ့ အများအမြင်မှာ မလိုသူ၏ရှို့မီးဖြစ်အောင်ပုံမှားရိုက်ထားသည်။ မနက်ဖြန်မနက်သတင်းခေါင်းစီးတွင်တော့ လေဆိပ်ဝင်းအတွင်းမှာပိတ်ထားတာကြာပြီဖြစ်သော ရွှေခက်စိမ်းလုပ်ငန်းပိုင် စီးပွားရေးအဆောက်အအုံတစ်လုံးသည် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟုပါလာမည်။
လက်ရှိပြောင်းလဲထားသော ဒေသခွဲခေါင်းဆောင်ငယ်တွေကို ထိုနေရာဒေသတွေအထိ တာဝန်ထမ်းဆောင်ဖို့မလိုအောင် သေချာစီစဉ်ထားသည်မို့ တံတိုင်းရံအနေဖြင့်လည်း ငွေ့ရည်မိုနှင့်ခွဲပြီးနေဖို့မလိုတော့ပေ။ ဆေးကုသဖို့လိုအပ်သည့်သားမင်းကိုတော့ သူ့ညီတာဝန်ထမ်းဆောင်ရမည့် နေရာဒေသတွင် သူ့ညီသွေဖီနှင့်အတူသွားရောက်နေထိုင်ခဲ့ပြီ။ ရိပ်ငွေ့ဆိုသောအမျိုးသားလက်ရွေးစင်ကတော့ သူတာဝန်ထမ်းဆောင်ရမည့်နေရာသို့သာ မည်သည့်အခွင့်အရေးမှမတောင်းဆိုဘဲ နယ်မြေရှင်းလင်းဖို့ထွက်သွားသည်။
ဗေဒနှင့်ကောင်းရှိန်နှစ်ယောက်နေရာမှာ အစားထိုးတာဝန်ပေးထားတဲ့ သီဟာကျွန်းနှင့်နေဏီသာကတော့ နယ်မြေအပြောင်းအလဲသိပ်မရှိလေ။ ဘာကြောင့်ဆိုတော့ အစကတည်းကထိုလူအိုနှစ်ယောက်က ဒီနိုင်ငံမှာဒေသခွဲခေါင်းဆောင်ဖြစ်ပြီးတော့ ပြည်ပမှာစည်းစိမ်ခံဖို့သွားရောက်နေထိုင်လို့ သွေးပန်းနီနှင့် သီဟာကျွန်းတို့ဦးဆောင်နေခဲ့ရလို့ပေ။ သွေးပန်းနီတာဝန်ယူရမည့်ဒေသသည်လည်း ဒေသခွဲခေါင်းဆောင်တွေမကောင်းတဲ့နေရာတစ်ခုဖြစ်ပြီး ယခင်ကတည်းက သွေးဇုန်တာဝန်ယူနေရသည့် နိုင်ငံတွင်းနယ်မြေလည်းဖြစ်သည်။
အလုပ်ကိစ္စတွေပြီးဆုံးသွားလို့ ငြွေပာရောင်စံအိမ်ဆီပြန်ရောက်လာသော လင်္ကာသုံတစ်ယောက် စံအိမ်ခြံဝင်းအရှေ့တွင်ရပ်စောင့်နေသောဟန်နွေနွံကို လှမ်းတွေ့လိုက်ရသည်။ မျက်ခုံးအသာတွန့်ချိုးမိပြီး ကားရှေ့ခန်းမှာထိုင်နေကြသည့် လကျာ်ရှင်နှင့်သွေးပန်းနီကို တစ်ခုခုရှင်းပြစေလိုသောအကြည့်ဖြင့်ကြည့်လာသည်။
" ကားရပ် "
ရှင်းပြဖို့ပါးစပ်ဟရုံရှိသေးသောလကျာ်ရှင်ကို လင်္ကာသုံကားရပ်ခိုင်းလိုက်ပြီး ကားချက်ချင်းရပ်လိုက်သည်နှင့် တည်ငြိမ်စွာကားပေါ်မှဆင်းလာလိုက်သည်။ ခြံဝင်းထဲဝင်ခွင့်မပေးသော လက်အောက်ငယ်သားတွေဟာ လင်္ကာသုံလမ်းလျှောက်လာတာကိုမြင်သည်နှင့် တစ်ခုခုအမှားလုပ်မိသလိုခံစားကြရသည်။
" အကြီးအကဲ "
သွေးရဲနီဆိုသော ခပ်ငယ်ငယ်ကောင်မလေးရှေ့ကို လင်္ကာသုံခြေလှမ်းတွေရပ်လိုက်သည်။ ထိုအချိန် ကားပေါ်ကနေဆင်းလာကြသော သွေးပန်းနီနှင့်လကျာ်ရှင်တို့က သွေးရဲနီဆိုသောကောင်မလေးကို အနောက်ကနေမျက်စပစ်ကာအချက်ပြလိုက်ကြသည်။
ထိုကောင်မလေးအပြစ်လုပ်မိသောသူဟာ သူတို့အကြီးအကဲ၏မိန်းကလေးဖြစ်ကြောင်း သွေးပန်းနီသေချာမပြောပြထားမိပေ။ စံအိမ်ခြံဝင်း၏လုံခြုံရေးကို သွေးပန်းနီ၏ညီမလေးဖြစ်သော သွေးရဲနီကို အကြီးအကဲကိုယ်တိုင်တာဝန်အဆင့်တိုးပေးထားတာဖြစ်သည်။ ဒီနေ့မှတာဝန်စယူပြီး ပထမဆုံးရက်တွင်ပင် အပြစ်ကြီးလုပ်မိသွားတာဟာ သွေးပန်းနီမသင်ပြထားမိတာလည်းပါသည်။
" ဟန်နီ..... "
ယုံကြည်မှုအပြည့်နှင့်လျှောက်လာသော ဟန်နွေနွံတစ်ယောက် လင်္ကာသုံအနားကိုရောက်လာပြီး ခေါ်နေကျနာမ်စားကိုခေါ်လိုက်သည်။ သို့သော် ပထမဆုံးကြုံဖူးကြားဖူးသော စံအိမ်၏လုံခြုံရေးအဖွဲ့သားတွေကတော့ နားမလည်သောဘာသာစကားကိုကြားလိုက်ရသလို အံ့အားသင့်ပြီးရင်းအံ့အားသင့်နေကြသည်။
သူတို့စိတ်ထဲတွင်အော်နေကြတာက သူတို့အကြီးအကဲက ချစ်သူတစ်ယောက်ထားထားတာဆိုတာပင်။ အဲဒီချစ်သူဆိုတာလည်း မိန်းကလေးတစ်ယောက်ဖြစ်နေပြီး သွေးအေးရက်စက်တဲ့သူတို့အကြီးအကဲကို မကြောက်မလန့်ဟန်နီလို့ခေါ်လိုက်တာတဲ့။ သူတို့အားလုံး၏စိတ်ထဲတွင် လက်ခုပ်လက်ဝါးတီးနေကြပြီး အကြီးအကဲ၏ချစ်သူဖြစ်သည့်ဟန်နွေနွံကို သတ္တိကောင်းလှသည်လို့ကျိတ်ချီးကျူးကြသည်။ အခန့်မသင့်လျှင် အိပ်နေတုန်းလည်ပင်းထလှီးသွားမှာကို မကြောက်မလန့်ချစ်ရဲသည်မို့ စိတ်ထဲ၌ပါဈာပနပန်းစည်းပြင်ထားပေးကြသည်။
""" အကြီးအကဲကတော် !!! """
အားလုံးတရိုတသေလမ်းဖယ်ပေးကြပြီး သောင်းသောင်းဖြဖြထအော်လိုက်ကြသောအသံကြောင့် အနောက်ကရင်တထိတ်ထိတ်ဖြစ်နေသည့် သွေးပန်းနီမပြောနှင့် လင်္ကာသုံပင်ကြောင်အသွားသည်။
" အဲဒီတစ်ယောက် ငါ့ညီမမဟုတ်ဘူး "
သွေးပန်းနီ ကိုယ့်မျက်နှာကိုလက်နှင့်ကွယ်ရင်း တစ်ဖက်သို့မျက်နှာလွှဲကာရေရွတ်မိသည်။ သွေးရဲနီနှင့်သူ့အဖွဲ့သားတွေ၏ ရူးကြောင်ကြောင်နိုင်သောလုပ်ရပ်က လကျာ်ရှင်ကိုတောင် ငိုရခက်ရယ်ရခက်ဖြစ်စေသည်။ သွေးရဲနီ၏အစ်မဖြစ်သော သွေးပန်းနီအတွက်ဆိုလျှင် ပို၍ဆိုးမည်သာရှိသည်။
" အကြီးအကဲကတော် ? ဟန်နီ..... ရှင့်လူတွေအမြင်ရှိလိုက်တာ "
" ပါးစပ်ပိတ် ! "
အစကကားပေါ်ကနေဆင်းလာတာဟာ ဟန်နွေနွံကိုခြံဝင်းအပြင်မှာရပ်ခိုင်းထားသည့် သွေးရဲနီတို့ကိုသတိပေးဖို့ဆိုပေမဲ့ အခုအခြေအနေက လင်္ကာသုံကိုနေရခက်လွန်းစေသည်။ အံကိုမသိမသာကြိတ်ပြီး ခြံဝင်းထဲကိုအရင်ဝင်သွားနှင့်ကာ ပူရှိန်းနေသောခံစားချက်ကို လျစ်လျူရှု့ဖို့ကြိုးစားရသည်။
" ဟန်နီ..... ခဏစောင့်ဦးလေ "
အနောက်ကနေပြေးလိုက်သွားသောဟန်နွေနွံကို စံအိမ်လုံခြုံရေးအဖွဲ့သားတွေ သနားစရာကောင်းစွာကြည့်ပြီး စိတ်ထဲပြင်ထားသောဈာပနပန်းတွေနှင့် တိတ်တဆိတ်နှုတ်ဆက်နေကြသည်။ သူတို့အကြီးအကဲလို ရက်စက်တဲ့အမျိုးသမီးတစ်ဦးအား မကြောက်မလန့်ချစ်ရဲသည့်သတ္တိကိုတော့ အမှန်တကယ်ချီးကျူးရတယ်လို့တွေးရင်း။
" သွေးရဲနီ "
နားထဲကန့်လန့်ဖြတ်ဝင်လာသော အသံလာရာဆီကို သွေးရဲနီလှည့်ကြည့်လိုက်သည်ဆိုရင်ဖြင့် သူ၏အဖွဲ့သားတွေက သူ့အတွက်ပါဈာပနပန်းစည်းပြင်ဆင်ပေးလိုက်ကြသည်။ မီးတောက်အပြာတွေထွက်နေသလို စိုက်ကြည့်နေသောမျက်လုံးတစ်စုံအား သွေးရဲနီမချိသွားဖြဲပြရင်း အုတ်ဂူထဲဝင်ရောက်သွားသလိုခံစားချက်ရလိုက်သည်။
" မမ "
ငါတော့တကယ်သေပြီ သွေးရဲနီရေ.....
စိတ်ထဲခပ်တိုးတိုးပြောလိုက်သော သွေးရဲနီထံကို မရဏမင်းနှင့်တူသောသူ၏အစ်မလျှောက်လာနေသည်။ အဖွဲ့သားအားလုံးကတော့ စုတ်တသပ်သပ်နှင့် သေကွင်းသေကွက်လွတ်အောင်အနောက်သို့ရှောင်ပေးလိုက်ကြသည်။ သူတို့၏အဖွဲ့ခေါင်းဆောင် လွတ်လွတ်လပ်လပ်သေလို့ရအောင် ဒီလက်အောက်ငယ်သားတွေက အလိုက်သိပေးပါမယ်။
............................................................

ESTÁS LEYENDO
စွန့်ပစ်ခံအချစ် ( Anemone ) Z + U ©
Romanceလှပသိမ်မွေ့သောအမျိုးသမီးလုပ်ငန်းရှင် လင်္ကာသုံနှင့် အသက်ဆယ်နှစ်ကွာဟတဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်လိုတဲ့ ဟန်နွေနွံ။ မရိုးရှင်းသောအမျိုးသမီးဖြစ်လင့်ကစား ရဲတင်းစွာပတ်သက်ဖို့ကြိုးစားသည့် နုနယ်ပျိုမျစ်တဲ့ဟန်နွေနွံနှလုံးသားထဲမှာ အချစ်ဆိုတာမရှိဘူး။ မထင်မှတ်...