ညနေခင်းဟာအရောင်တွေစုံကာ တိမ်တွေအမျိုးစုံပြောင်းလဲရွေ့လျားနေပြီး ကြယ်ရောင်မှိတ်တုတ်မှိတ်တုတ်တို့က အပြာရောင်နောက်ခံမှာထွက်ပေါ်လာကြသည်။ သဘာဝတရားက အအေးဓာတ်တချို့ကိုသယ်ဆောင်လာပြီး လေအဖြစ်တိုက်ခတ်သွားသည့်အခိုက်မှာ ပခုံးပေါ်ရောက်လာသောအနွေးထည်ကြောင့် နွေးထွေးမှုကိုသိရှိခွင့်ရလိုက်သည်။
ဆောင်းအငွေ့အသက်တွေကျန်ရှိနေဆဲဖြစ်သည့် ဇန်နဝါရီလ၏လေပြည်လေညင်းလေးတွေက အအေးဓာတ်ကိုကောင်းကောင်းဖော်ဆောင်နေသေးပေသည်။ အနွေးတစ်ထည်နှင့် လူတစ်ယောက်၏အငွေ့အသက်ကပင် အအေးဓာတ်ကိုခံစားမိနေသေးအောင် ဆောင်းရာသီဟာသူ့သရုပ်ကိုတာဝန်ကျေစွာပုံဖော်နေခဲ့သည်။ နီကျင်ကျင်နေလုံးကြီးကလည်း အနောက်အရပ်သို့ဝင်ရောက်လို့ အမှောင်ထုလည်းတဖြည်းဖြည်းကြီးစိုးလာလေပြီ။
" ကော်ဖီသောက်မလား ဟန်နီ..... "
လက်ထဲထည့်ပေးလာသည့်ကြွေခွက်ကို လင်္ကာသုံငုံ့ကြည့်လိုက်ပြီး ခပ်ရေးရေးပြုံးလိုက်မိသည်။ ကော်ဖီသောက်မလားဟုမေးပေမဲ့ လက်ထဲကိုအသင့်ထည့်ပေးလာတဲ့ကော်ဖီခွက်က ပခုံးတစ်ဖက်ကိုဖက်ထားပေးသောသူလိုပင် နွေးထွေးမှုလေးရှိနေသည်။
" လေတွေအေးနေပြီဟန်နီ အောက်ဆင်းကြမလား..... "
သူ့မျက်နှာလေးကိုလှမ်းကြည့်ပြီး လင်္ကာသုံပြုံးလိုက်မိပြန်သည်။
" ကိုယ့်ကိုစိတ်ပူနေတာလား "
ထိုသို့မေးလိုက်တော့လည်း လူမိသွားသလိုအကြည့်လေးနှင့် မျက်စောင်းတစ်ချက်ထိုးကာ လင်္ကာသုံကို ရန်တွေ့သလိုလေးဟန်နွေနွံကြည့်လာသည်။
" စိတ်မပူဘဲရှိမလား..... ရှင်က ကျွန်မအမျိုးသမီးလေ "
နူးညံ့သောစကားလုံးလေးတွေက တဖြည်းဖြည်းနှင့် လင်္ကာသုံနှလုံးသားကို သိမ်မွေ့လာစေပြီး လူသားဆန်တတ်အောင် သင်ကြားပေးခဲ့သည်။ ထိုကောင်မလေးကိုကြည့်တိုင်းမှာ ဝဲဘက်ခြမ်းလေးက ငြိမ့်ငြိမ့်လေးခုန်လှုပ်တတ်ပြီး ရက်စက်ကြမ်းတမ်းသည့် အတွေးတွေကလည်း တမုဟုတ်ချင်းပျောက်ကွယ်သွားတတ်သည်။ လှည့်ဖြားသည့်စကားလုံးကနေ စစ်မှန်သည့်စကားလုံးလေးတွေအထိ စကားတစ်လုံးချင်းစီတိုင်းက လင်္ကာသုံ၏အရိုင်းစိတ်ကိုထိန်းချုပ်ပြောင်းလဲပေးနိုင်သည်။
" လူတစ်ယောက်က စာအုပ်တစ်အုပ်နဲ့တူတယ် ဟန်နီ..... အထဲကစာမျက်နှာတွေမသိခင်တော့ အပေါ်ယံကြည့်ပြီး မုန်းချင်စရာကောင်းလိမ့်မယ် "
မျက်နှာချင်းဆိုင်ဖြစ်အောင် ပခုံးကနေဆွဲယူလိုက်သော ဟန်နွေနွံအပြုအမူနောက်ကို လင်္ကာသုံအလိုက်သင့်လေးလိုက်ပါပေးလိုက်သည်။
" အထဲကစာမျက်နှာကိုသိရင်တော့ ဇာတ်နာစရာလေးတြွေမင်ရလိမ့်မယ် သိလားဟန်နီ..... ကျွန်မလည်း စာအုပ်အဖုံးကြည့်ပြီး ဆုံးဖြတ်ချက်မှားဖူးတယ် "
လင်္ကာသုံတိတ်ဆိတ်စွာသူ့ကိုကြည့်နေသည်။
" စာမျက်နှာတွေကိုလှန်ကြည့်မှ မှားမှန်းသိခဲ့ရတယ် အချိန်မလွန်ခင် ချစ်ပေးဖို့အသိရခဲ့တယ်..... "
" ပြီးတော့ အဲဒီစာအုပ်လေးကလည်း ရှင်ဖြစ်ခဲ့တယ် ဒါကြောင့်..... ရှင့်ကိုစိတ်ပူတယ် "
နှုတ်ခမ်းလေးတစ်ခါလှုပ်ရှားတိုင်း အကြင်နာတရားတြွေပည့်နှက်နေသည့် စကားလုံးလှလှလေးတွေက လင်္ကာသုံနားထဲကိုတစ်ခါစီးဝင်သည်။ ထို့အတူ မျက်ဝန်းချင်းဆုံလိုက်သည့်အခိုက်တွင် အကြည့်တွေကနူးညံ့စွာတောက်ပကာ နွေးထွေးမှုတွေကိုခံစားရသည်။ လက်ဖျားလေးတွေကအထိအတွေ့ဟာ ပျော့ပျောင်းသိမ်မွေ့နေပြီး အချစ်ဆိုသောအရာကလည်း လင်္ကာသုံနှလုံးသားထဲမှာလွှမ်းမိုးနေခဲ့ပြီ။
" ကိုယ်မင်းကိုချစ်တယ် နွံ "
လှပသောဝန်ခံချက်လေးကို လည်ချောင်းသံတိုးရှရှနှင့် လင်္ကာသုံပြောပြီးသည့်အခါ လက်ထဲကကော်ဖီခွက်ဆီကို ယောင်မှားစွာငုံ့ကြည့်မိသည်။ လူသတ်ရန်သာလွယ်ကူခဲ့ပြီး အချစ်ကိုဝန်ခံရသည်က ခက်ခဲလွန်းသည့်အတွက် ထိုစကားလေးတစ်ခွန်းဟာ လင်္ကာသုံတစ်ကိုယ်လုံးကို ကြက်သီးဖြန်းဖြန်းထစေသည်။
အချိန်တစ်ခုကြာသည်အထိ တုံ့ပြန်မှုမရှိသောအခြေအနေကို ကြည်လင်သောကော်ဖီခွက်ကနေကြည့်ပြီး လင်္ကာသုံခေါင်းမော့ဖို့တွန့်ဆုတ်နေခဲ့သည်။ တစ်နေ့တာ၏ နေအလင်းရောင်လက်ကျန်က သူမတို့နှစ်ယောက်အား မီးမောင်းထိုးနေချိန်မှာ တိတ်ဆိတ်နေသည့်အခြေအနေကြောင့် နှလုံးခုန်သံတဒိတ်ဒိတ်ကိုကြားနေရသည်။ မည်သူဆီကလာသော နှလုံးခုန်သံရယ်လို့မေးဖို့မလိုအောင် သူမနှလုံးသားလေးက အစိုးမရအောင်ခုန်ပေါက်လျက်ရှိသည်။
" ချစ်တယ်..... ချစ်တယ်တဲ့ ဟန်နီက နွံကိုချစ်တယ်တဲ့ "
ခဏအကြာမှာ နှလုံးခုန်သံကြားကနေ ခပ်တိုးတိုးလေးထွက်လာသည့် ထိုစကားလေးတစ်ခွန်းကြောင့် ကော်ဖီခွက်ကိုကြည့်နေသောအကြည့်တွေဟာ မျက်နှာချင်းဆိုင်ကသူထံ ကြည့်မိလျက်သားဖြစ်သွားသည်။ မျက်ဝန်းအိမ်ထဲက စိတ်လှုပ်ရှားမှုတွေရယ် ပျော်ရွှင်မှုတို့ရယ်က မော့ကြည့်လိုက်သည့်အခိုက်မှာ ရှင်းလင်းမြင်သာစွာမြင်တွေ့ခဲ့ရသည်။
" ချစ်တယ် ချစ်တယ်တဲ့ ဒီစကားလေးကြားခွင့်ရပြီ..... နွံအကြားချင်ဆုံးစကားလေး ဟန်နီပြောခဲ့ပြီ ချစ်တယ်တဲ့ "
" အိပ်မက်မဟုတ်ဘူးမလား ဟန်နီ..... တကယ် နွံကြားလိုက်တာမဟုတ်လား "
" အင်း ကိုယ်ပြောလိုက် "
စကားလေးပြန်ဖြေလက်စမှာ ဆွဲဖက်လိုက်သောသူကြောင့် ကော်ဖီခွက်ကိုတင်းတင်းဆုပ်ကိုင်ရင်း မျက်ဝန်းလေးတွေကလှုပ်ရှားသွားသည်။ ပျော်ရွှင်လှိုက်မောနေသော အသက်ရှုသံလေးကိုနားစွင့်ရင်း သူမမျက်ဝန်းလေးတွေက အရည်ကြည်လေးတွေနှင့်အတူ ဖြည်းညင်စွာမျက်လွှာချလိုက်သည်။ လက်ထဲကကော်ဖီခွက်လေးက လူနှစ်ယောက်ကြားမှာ မဆီမဆိုင်ပင် ကော်ဖီရည်လေးတွေလှိုင်းထလှုပ်ခတ်ရရှာသည်။
" လုံလောက်ပြီ ရှင့်ဆီကဒီစကားလေးကြားရလို့..... အရာအားလုံးအတွက်လုံလောက်ပြီ "
ပျော်ရွှင်လို့ကျတဲ့မျက်ရည်စကို ဟန်နွေနွံလိုက်တားမြစ်မှာမဟုတ်ဘဲ အလိုက်သင့်သာပေးစီးဆင်းစေမည်။ ကြားချင်ခဲ့သောစကားလေးကြောင့် ယခုလိုကျတဲ့မျက်ရည်ဟာ တားမြစ်ဖို့မလိုအပ်ဘူးလို့ ဟန်နွေနွံထင်သည်။ ကျခဲ့သမျှမျက်ရည်တွေထဲမှာ ယနေ့ကျခဲ့သောမျက်ရည်က တန်ဖိုးရှိတဲ့အမှတ်တရတွေပါတဲ့မျက်ရည်မဟုတ်လား။
" ရှင်ကြိုက်သလိုသာလူသတ်ပါ ဟန်နီ..... ကျွန်မ ရှင့်အတွက် တသက်လုံးအလောင်းဖျောက်ပေးမယ် "
" တခြားသူတွေဖတ်ဖို့မလိုအောင် စာအုပ်အဖုံးကိုဆိုးရွားလည်းရတယ်..... ဟန်နီ့ဘဝရဲ့စာမျက်နှာကို နွံနားလည်ရင်ရပြီ "
ကျောပြင်ကိုသိုင်းဖက်ထားသည့်လက်ဟာ အလွန်နွေးထွေးစေပြီး လွတ်ထွက်သွားမှာစိုးသည့်အလား လင်္ကာသုံကိုအသေအချာဖက်တွယ်ထားသည်။ ဘယ်ဘက်ပခုံးပေါ်မှာ ထိုကောင်မလေးခေါင်းကို အသာအယာမှီတင်ထားပြီး လင်္ကာသုံကိုစကားတွေတတွတ်တွတ်ပြောနေသည်။ အမှောင်ထုနှင့်အတူ အအေးဓာတ်တွေရောက်ရှိလာပေမဲ့ စံအိမ်၏အပေါ်ဆုံးထပ်က လေဟာပြင်အထပ်မှာပင် အချိန်ကြာကြာအတူရှိနေခဲ့ကြသည်။
" ဘယ်သူအပြစ်ပြောပြော ဟန်နီ့အနားမှာ နွံရှိပေးမယ်ဟန်နီ..... "
" ဘယ်တော့မှစွန့်ပစ်မသွားတော့ဘူး "
.............................................................
တစ်ဖက်တွင် မနက်ပိုင်းကတည်းက ဗီဒီယိုကောလ်ချသွားသော တစုံတစ်ယောက်ကြောင့် ကားပေါ်တွင်မျက်မှောင်ကြုတ်ကာ အလိုမကျနေသူတစ်ယောက်ရှိနေချေသည်။ ကားကိုအရှိန်မြန်မြန်တင်လိုက်ပြီး ကားလမ်းမပေါ်မှာ လမ်းကြောင်းရှင်းမရှင်းတစ်ချက်ကြည့်ရင်း ကားကိုညာကွေ့ကွေ့ချလိုက်သည်။ ညာဘက်လက်က ကားလက်ကိုင်ကိုထိန်းကိုင်ရင်း ဘယ်ဘက်လက်က လက်ခလယ်ကိုအသုံးပြုကာ မျက်မှန်ကိုအသာပင့်တင်သည်။ နှင်းဆီရောင်ဖျော့ဖျော့ဘက်သွားသော ရွှေရောင်ဆံနွယ်လေးတွေက လှုပ်ရှားလိုက်တိုင်းမှာ ပုံသွင်းထားသည့်အတိုင်းဝဲကျလာသည်။
မြားတစ်စင်းလိုပစ်လွှတ်လိုက်သည့် အဖြူရောင်svj၏ လွန်စွာမြန်သောအမြန်နှုန်းဟာ ဖြတ်သွားသောကားမီးရောင်ကိုသာ လျှပ်တပြက်မြင်ရစေသည့်အထိပင်။ အဖြူရောင်အင်္ကျီကို ကြယ်သီးနှစ်လုံးဖြုတ်ထားပြီး ဘယ်ဘက်လက်ညိုးအဆစ်ပေါ်က Lစာလုံးတက်တူးနှင့် ညှပ်ရိုးပေါ်ကတက်တူးအသစ်ကြောင့် သူမပုံစံကအရင်ထက်ပိုကြည့်ကောင်းနေသည်။ ကိုယ်တိုင်ရေးထိုးထားသော ညှပ်ရိုးပေါ်ကတက်တူးလေးက Greenလို့သာ အနက်ရောင်ဖြင့်ရိုးရိုးရှင်းရှင်းရေးထိုးထားသည်။
ရင်းနှီးနေသောပတ်ဝန်းကျင်ကိုရောက်လျှင် တင်းထားသမျှစိတ်တို့လျှော့ကာ တွန့်ချိုးထားသောမျက်ခုံးတို့သည်လည်းဖြေလျော့ခဲ့သည်။ မရောက်တာကြာခဲ့ပြီဖြစ်သော ပတ်ဝန်းကျင်လေးကတော့ ဟိုးအရင်ကအတိုင်းမပြောင်းမလဲပင် ခမ်းနားထည်ဝါစွာလှမ်းမြင်နေရသေးသည်။ နှုတ်ခမ်းထောင့်လေးလွန့်ကာ အသင့်အနေအထားပြင်ဆင်ထားသော အနက်ရောင်ဝတ်နှင့်လူတွေရှေ့ကို ဘရိတ်အသာဖမ်းကာရပ်ပေးလိုက်သည်။
" မတွေ့တာကြာပြီ အစ်ကိုတို့ "
ကားမှန်ချကာစတင်နှုတ်ဆက်လိုက်ပြီး အံ့အားသင့်သွားသောအနက်ရောင်ဝတ်လူတွေကို အပြုံးမမည်သောအပြုံးဖြင့် ခေါင်းလေးစောင်းကာကြည့်ဖြစ်သည်။ နောက်တော့ စကားနည်းနည်းပါးပါးပြောကာ စံအိမ်ခြံဝင်းထဲသို့ အတားအဆီးမရှိစွာ ကားကိုမောင်းဝင်လာခဲ့သည်။
ကောင်းကင်မှာကြယ်တွေထွက်နေပြီး ခြံဝင်းထဲမှာမီးရောင်တွေလင်းနေကာ အချိန်အားဖြင့် ရှစ်နာရီသာရှိသေးသော်ငြား စံအိမ်ရှေ့မြေကွက်လပ်တွင် လူသူအရိပ်အယောင်ကင်းမဲ့နေသည်။ ကားကိုအဆင်ပြေရာတွင်ရပ်လိုက်ပြီးတော့ ကားထဲကနေထွက်လာခဲ့ရင်း တိတ်ဆိတ်နေသည့်အနေအထားကိုကြည့်ကာ တစ်လှမ်းချင်းလျှောက်မိသည်။
" လူတွေရော "
စံအိမ်ခြံဝင်းအရှေ့ကလုံခြုံရေးတွေထံကနေ ထူးဆန်းသည့်အကြောင်းကိစ္စမျိုးမကြားခဲ့ရသော်ငြား တိတ်ဆိတ်လျက်ရှိသောအနေအထားကြောင့် မျက်ခုံးတို့ကိုတွန့်ချိုးမိလေသည်။ ရွှေဆူးနှင်းရောက်နေသောနေရာက လင်္ကာသုံလက်ရှိနေထိုင်သော စံအိမ်ခြံဝင်းဖြစ်ပြီး တိတ်ဆိတ်လျက်ရှိသည်မှအပ အရာရာဟာဘာမှမပြောင်းလဲသေးချေ။
တစ်လှမ်းချင်းလျှောက်ရင်း စံအိမ်တံခါးချပ်ရှေ့သို့ရောက်လာပြီး တစ်ချက်တွေဝေစွာစိုက်ကြည့်ပြီးမှ လက်ထဲကဖုန်းဖြင့်နံပါတ်တစ်ခုကိုခေါ်ဆိုလိုက်သည်။ ဖုန်းအော်ပရေတာ၏ တာဝန်ကျေစွာအချက်ပေးသံမှအပ တစ်ဖက်တွင်ဖုန်းကိုင်ဆောင်သူမရှိ၍ ဖုန်းဟာတဖန်ပြန်လည်လိုင်းကျသွားခဲ့သည်။
" နင်တစ်ခုခုဖြစ်နေတာလား လင်္ကာ "
ထိုအချိန် တိုက်ဆိုင်မှုလို့ဆိုရမလားပင် စံအိမ်တံခါးဟာတဖြည်းဖြည်းပွင့်ဟလာလေသည်။ ရွှေဆူးနှင်း၏ မျက်နှာချင်းဆိုင်ရှေ့တည့်တည့်တွင် ခေါင်းငုံ့ထားသောမျက်နှာလေးကို တံခါးပွင့်ဟလာသည်နှင့်အတူ မထင်မှတ်စွာမြင်တွေ့ရသည်။ တစ်ဖက်ကလူကတော့ ရွှေဆူးနှင်းကိုသတိမထားမိသေးဘဲ လက်ထဲကဖုန်းကိုသာ ဂရုတစိုက်ကြည့်ရှုနေသည်။
" ရောက်လာပြီလား မြန် "
" မတွေ့တာကြာပြီ လင်္ကာရှိလား "
တစ်ယောက်ယောက်ကိုစောင့်ဆိုင်းနေပုံရသည့် မျက်နှာချင်းဆိုင်ကမိန်းကလေးအား ရွှေဆူးနှင်းနှုတ်ဆက်လိုက်ပြီး လင်္ကာရှိလားဟုသာ ခပ်မြန်မြန်မေးလိုက်သည်။ အာရုံကြောကိုစုကျုံ့ထားရလို့ မျက်ရိုးတွေပင်အောင့်ချင်လာပေမဲ့ မျက်မှောင်ကြုတ်ထားသည်အား မဖြေလျော့ထားခဲ့ပေ။
" အစ်မမေးနေတယ်လေ "
အရှေ့တည့်တည့်တွင် အူကြောင်ကြားမျက်နှာဖြင့် ရွှေဆူးနှင်းအားကြည့်နေ၍ သတိပေးစကားပြောလိုက်ရသည်။ ထိုတော့မှ သံပတ်ပေးထားတဲ့စက်ရုပ်လို ခေါင်းတစ်ချက်ညိတ်ပြလာပြီး တံခါးနှစ်ချပ်စာကိုဖွင့်ပေးကာ လမ်းဖယ်ပေးလာခဲ့သည်။
" ဥက္ကဋ္ဌညစာစားနေတယ် "
တစ်ဖက်ကပြောပြလာသည်ကို သြော်တစ်လုံးသာ ရွှေဆူးနှင်းပြောဖြစ်သည်။ အကြည့်တစ်ချက်ကတော့ သူ့လက်ထဲကဖုန်းဆီရောက်သွားပြီး ခဏတွင်းချင်း ရှေ့တူရှု့ဆီအကြည့်ပြန်လွှဲလိုက်သည်။
" မမလေးဆူးနှင်း "
စံအိမ်အတွင်းသို့ဝင်ဖို့ခြေလှမ်းတော့ ဘေးချင်းဆိုင်မှထွက်လာသောခေါ်သံက ခြေလှမ်းတွေကိုဆွဲချုပ်လိုက်၍ မျက်နှာကိုညာဘက်သို့မူကာ ကြည့်လိုက်ရသေးသည်။ အလိုမကျစရာကောင်းသော မျက်ကပ်မှန်ခဲရောင်ကြောင့် မျက်ခုံးဟာပိုစုကျုံ့သွားပြီး ဖြေလျော့ဖို့မေ့အောင်အထိ မျက်မှောင်ကိုကြုတ်ထားမိသည်။
" ဘယ်တုန်းကပြန်ရောက်တာလဲ "
" မျက်ကပ်မှန်ဖယ်လိုက် "
" ဟင် ? "
လွှတ်ကနဲထွက်သွားသောစကားတစ်ခွန်းကြောင့် ရွှေဆူးနှင်းမျက်ခုံးတွေပြေလျော့သွားသလို တစ်ဖက်ကလည်းမျက်လုံးလေးဝိုင်းကာအံ့သြသွားရှာသည်။ မထင်မှတ်ထားသောအနေအထားဖြစ်သွားလို့ လက်လေးကိုမသိမသာဆုပ်ပြီး အောက်နှုတ်ခမ်းအတွင်းသားကို ရွှေဆူးနှင်းဖိကိုက်လိုက်သည်။
" ဘာမှမဟုတ်ဘူး ချိန်းထားတာရှိတာသွား "
ချက်ချင်းမျက်နှာလွှဲလိုက်ရပြီး ထိုနေရာကနေအမြန်လှည့်ထွက်လာခဲ့ရသည်။ အနောက်ကဘယ်လိုဘယ်ပုံဖြစ်ကျန်မည်ကို ရွှေဆူးနှင်းမတွေးပေးနိုင်ဘဲ ကိုယ့်ကိုကိုယ်သာအရင်ကယ်တင်ရတော့သည်။ ခြေလှမ်းကျဲတွေကလှမ်းလိုက်တိုင်း နှေးသည်လို့ထင်ရစေအောင် တစ်နေရာရောက်ဖို့သာ စိတ်ကအလောတကြီးဖြစ်နေသည်။ ထမင်းစားခန်းသို့ရောက်မှသာ အောင့်အည်းထားသည့်ဝင်လေကို သက်ပြင်းအဖြစ်နှင့်ချမိလေသည်။
" လင်္ကာ..... ငါပြန်လာပြီ "
............................................................
စားဖိုဆောင်ဘက်မှာ အကြီးအကဲဖြစ်သူနှင့် မမလေးတို့မုန့်လုပ်ကြ၍ လကျာ်ရှင်ပါဝိုင်းကူလုပ်ပေးဖြစ်ပြီး အားလုံးပြီးစီးတော့လည်း ရှုပ်ပွနေသမျှကိုပါသိမ်းဆည်းပေးဖြစ်သည်။ မမလေးကဦးဆောင်ကာ မုန့်လုပ်စားကြသည်ဖြစ်၍ စားဖိုဆောင်မှာ ကြက်ဥကတ်နှင့်ဂျုံအိတ်တို့ဖြင့် ခဏတွင်းချင်းရှုပ်ပွသွားရသည်။
" ဟန်နီ..... ဟင်းရည်လေးဆူရင် အရသာမြည်းပြီး ဆားလျှော့ထည့်နော် "
တစ်ဖက်မှာကိတ်မုန့်စောင့်နေပြီး အကြီးအကဲကိုဖက်ထုပ်အတွက် ဟင်းရည်လေးစောင့်ကြည့်ခိုင်းထား၍ မမလေးမှာစိတ်မချစွာလှမ်းပြောနေခြင်းပင်။ လကျာ်ရှင်ကတော့ ကြမ်းခင်းကအရှုပ်တွေကိုသိမ်းကျုံးပြီး အမှိုက်ပုံးထဲကိုသူ့နေရာနှင့်သူခွဲပစ်လိုက်သည်။ အားလုံးပြီးတော့မှ ဘေစင်မှာလက်သွားဆေးရပြီး အကြီးအကဲဟင်းချက်နေပုံကို အူကြောင်ကြောင်လေးရပ်ကြည့်ဖြစ်သည်။
" လကျာ် "
လက်တစ်ဖက်ကခါးအနောက်ကိုထောက်ပြီး ဟင်းရည်အရသာမြည်းရင်း အကြီးအကဲကသူ့ဘက်လှည့်ကာခေါ်လာသည်မို့ လကျာ်ရှင်မှာခေါင်းလေးထောင်သွားသည်။
" ဟုတ် ဥက္ကဋ္ဌ "
" သွေးပန်းကိုခေါ်လိုက် ညစာလာစားလို့ "
" နွံ ဟင်းရည်ကအဆင်ပြေပြီနော် ကိုယ်ဘာဆက်လုပ်ပေးရမလဲ "
ဟုတ်ကဲ့လို့ လကျာ်ရှင်ပါးစပ်ကမပြောရသေးခင် မမလေးအတွက်သာ နူးညံ့ပျော့ပျောင်းသောအကြီးအကဲလေသံက ချိုသာစွာအနောက်ကလိုက်ပါလာသည်။ ခွဲခြားခွဲခြားသိပ်လုပ်သောအကြီးအကဲကို လကျာ်ရှင်လှမ်းကြည့်ရင်း မျက်နှာလေးအနည်းငယ်ပူထူသွားစေသော အပြုအမူတစ်ခုကြောင့် ထိုနေရာကနေထွက်လာဖို့ဆုံးဖြတ်ရတော့သည်။
ဤစံအိမ်ကြီးထဲမှာ တစ်ယောက်တည်းလာနေရတာက အကြီးအကဲတို့ဇနီးမယားကြားမှာ အလွန်တရာမျက်နှာပူရသည်။ နားရွက်တွေပင်ပူရှိန်းလာကာ ပါးပြင်ကိုစမ်းကြည့်လျှင် အမှန်တကယ်ပူနွေးနေတာကိုသိနိုင်သည်။ ထိုအချိန်တွေဆိုလျှင် ဦးဏှောက်ကလည်းမဆီမဆိုင်ပင် တစုံတစ်ယောက်မျက်နှာကိုတွေးမိပြီး နဂိုထက်နှစ်ဆမျက်နှာပူရသည့် ခံစားချက်အထူးအဆန်းကိုဖြစ်စေပြန်သည်။
ဦးဏှောက်ပျက်နေပြီလားလို့တွေးရင်း အိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီး လက်မနှစ်ချောင်းက စာတွေမနားမနေရိုက်ပို့လိုက်သည်။ တစ်ဖက်က သိပ်မကြာဘဲစာဝင်ကြည့်ပြီး စာတွေပို့လိုက်သမျှကိုစာပြန်လာ၍ ထိုပြန်စာတွေကိုဖတ်ရင်း စံအိမ်တံခါးရှေ့ဆီသို့ထွက်လာဖြစ်ခဲ့သည်။ သွေးပန်းနီနှင့် နောက်ပိုင်းနေ့တွေမှာ အတော်လေးရင်းနှီးလာပြီး စကားတွေပြောဖြစ်လာသည်မို့ တစ်ခါတလေဆို စာပို့ချိန်လေးတွေကရှည်ကြာတတ်သည်။
" ခဏနေရောက်မယ်နော် မလကျာ် "
တံခါးဖွင့်ဖို့လက်ကလုပ်ရင်း လက်တစ်ဖက်တည်းဖြင့်ပင် သွေးပန်းနီပို့လာသောအသံဖိုင်ကိုဖွင့်လိုက်သည်။ ခဏနေရောက်မည်ဆို၍ တံခါးကြိုဖွင့်ထားပြီး ခြံဝင်းထဲမှာထိုင်စောင့်နေဖို့ လကျာ်ရှင်စိတ်ကူးထားသည်။ ဘာကြောင့်လဲဆိုတော့ အိမ်ထဲကိုပြန်လှည့်ဝင်သွားလျှင် မျက်နှာပူစရာအချစ်မြင်ကွင်းတွေကို လကျာ်ရှင်ကြည့်နေရမှာစိုးလို့ပေ။
လက်ကဖုန်းကိုသုံးလျက်ပင် စံအိမ်တံခါးတစ်ချပ်ကို ဖြည်းဖြည်းလေးဆွဲဖွင့်လိုက်သည်။ တစ်ဖက်ကပြန်စာတွေပို့ပြီး ဖွင့်လက်စတံခါးချပ်ကို ဘေးသို့တွန်းပို့ရင်း နောက်တံခါးတစ်ချပ်ကိုဖွင့်ဖို့ရာ လက်လှမ်းလိုက်သည့်တခဏ။ မျက်လုံးရှေ့ကအရိပ်တစ်ခုကြောင့် သွေးပန်းနီရောက်လာပြီထင်ကာ ခေါင်းအရင်မမော့ဘဲမေးဖြစ်ခဲ့သည်။
" ရောက်လာပြီလား မြန် "
ကြာဦးမယ်ဆိုသောပြန်စာကြောင့် အရှေ့ကအရိပ်တစ်ခုဆီကို ဆတ်ကနဲမော့ကြည့်ဖြစ်သည့်အခါ ပြောလက်စဖြစ်သောစကားတို့ဟာ လေထုထဲတွင်တိတ်ဆိတ်သွားကြသည်။ ထွက်သွားခဲ့သည့်အချိန်ကအတိုင်း မပြောင်းလဲသေးသောပုံစံကြောင့် လကျာ်ရှင်မှာ အရှေ့ကမိန်းကလေးကိုကြည့်ရင်း ဘယ်ဘက်ခြမ်းကသွေးခုန်နှုန်းတိုးလာသည်။
မမလေးဆူးနှင်း.....
ဟုတ်သည် သူ့ရှေ့မှာရပ်နေသောမိန်းကလေးက မတွေ့ရတာကြာပြီဖြစ်သည့် ကျားရဲခေါင်းဆောင်ရွှေဆူးနှင်းပေ။ လွန်ခဲ့သောတစ်နှစ်ကျော်ကထက် ပိုကြည့်ကောင်းလာသောပုံစံကြောင့် တွေးရင်းငေးရင်းဖြင့် မျက်တောင်မခတ်မိအောင်ဖြစ်ချေသည်။
" မတွေ့တာကြာပြီ လင်္ကာရှိလား "
စကားသံကနားထဲရောက်တော့မှ လက်ရှိအဖြစ်ကိုသတိရကာ တစ်ခုခုပြန်ဖြေဖို့တွေးမိသော်လည်း စကားလုံးတွေစဉ်းစားမရနေခဲ့ချေ။ လကျာ်ရှင်ပုံစံက အတော်လေးကြောင်တောင်တောင်နိုင်နေမှန်း စိတ်ထဲတွေးကြည့်ရုံနှင့်သိနိုင်သည်။ ပြောစရာစကားလုံးတွေများပြားပေမဲ့ နှုတ်ဖျားကထွက်လာဖို့အတွက်က အလွန်ခဲယဉ်းလှသည်မို့ ရပ်ကြည့်မြဲသာကြည့်မိတော့သည်။
" အစ်မမေးနေတယ်လေ "
နောက်ထပ်ပြောလာသည့်စကားသံကြောင့် တွေတွေငေးငေးဖြစ်နေသော လကျာ်ရှင်မှာ ခေါင်းတစ်ချက်ညိတ်မိပြီး မဖွင့်ရသေးသောတံခါးတစ်ချပ်ကိုဖွင့်ပေးရင်း ပြောလိုသည့်စကားတွေကိုမျိုချကာ ဘေးသို့ဖယ်ပေးလိုက်ခဲ့သည်။
" ဥက္ကဋ္ဌညစာစားနေတယ် "
" သြော် "
ထိုမျှသောတုံ့ပြန်မှုကိုပေးပြီး စံအိမ်ထဲကိုခြေလှမ်းစဝင်လာသည့် ရွှေဆူးနှင်း။ လက်ထဲကဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လကျာ်ရှင်အား တစ်ချက်လှမ်းကြည့်သွားသည်။ ထို့နောက် အိမ်ထဲသို့ဝင်ဖို့ခြေလှမ်းတွေဟာ တစ်လှမ်းပြီးတစ်လှမ်း လျင်မြန်စွာဝင်ရောက်လာသည်။ လှမ်းကြည့်ရုံသာတတ်နိုင်သော လကျာ်ရှင်အဖို့ ခံစားချက်တွေအားအဖြေခွဲမထုတ်နိုင်ခဲ့သလို ထူးဆန်းသောအတွေးတွေနှင့်သာ စိတ်ထဲရှုပ်ထွေးနေခဲ့သည်။
" မမလေးဆူးနှင်း "
ရွှေဆူးနှင်းခြေလှမ်းတွေရပ်သွားသည်ကို လကျာ်ရှင်မြင်လိုက်ရပြီး ခပ်စူးစူးအကြည့်ကိုလက်ခံလိုက်ရသည်။ ချိတုံချတုံဖြစ်နေသောစိတ်ကြောင့် လက်ထဲကဖုန်းလည်း ဖိအားများစွာဖြင့်ဆုပ်ကိုင်ခံထားရသည်မှာ သနားစဖွယ်ပေ။
" ဘယ်တုန်းကပြန်ရောက်တာလဲ "
လကျာ်ရှင်ထိုသို့ကြိုးစားမေးလျှင် တစ်ဖက်ကအကြည့်စူးစူးတွေက ပိုလို့စူးရဲစွာကြည့်လာပြီး မဆိုင်းမတွပင်စကားတစ်ခွန်းပြန်ပြောသည်။
" မျက်ကပ်မှန်ဖယ်လိုက် "
ဆိုလိုရင်းကိုနားမလည်လိုက်သော လကျာ်ရှင်မှာ အံ့အားသင့်ခြင်းကြောင့် မျက်လုံးအဝိုင်းသားဖြင့်သာ သူမကိုကြည့်လိုက်မိသည်။ နဂိုမျက်ဝန်းအစိမ်းရောင်အား ခဲရောင်မျက်ကပ်မှန်ဖြင့်ဖုံးကွယ်ဖြစ်ခြင်းက အရေးကြီးအလုပ်ကိစ္စတွေရှိမှသာဖြစ်သည်။ အမြဲလိုလိုမဟုတ်ဘဲ ရံဖန်ရံခါ မျက်နှာဖုံးကွယ်ပြီး အလုပ်လုပ်ရသည့်အချိန်တွေဆိုလျှင် တမူကွဲပြားနေတဲ့မျက်လုံးကြောင့် မျက်ကပ်မှန်ကိုလကျာ်ရှင်လိုအပ်ခဲ့သည်။
" ဟင် ? "
မျက်ကပ်မှန်တပ်ထားတဲ့ပုံစံက အတော်လေးထူးဆန်းနေသလားလို့ လကျာ်ရှင်စဉ်းစားနေသည့်အချိန်မှာ နောက်ထပ်ထူးဆန်းသောစကားကို သူမပြောသွားခဲ့ပြန်သည်။
" ဘာမှမဟုတ်ဘူး ချိန်းထားတာရှိတာသွား "
ပြန်မေးဖို့ကြည့်လိုက်ပေမဲ့ အရှေ့ကနေထွက်သွားပြီဖြစ်သောကြောင့် လကျာ်ရှင်လည်း နေရာမှာတင်ကြောင်တောင်တောင်လေးကျန်ရစ်ခဲ့ရသည်။ ဖုန်းမျက်နှာပြင်ကိုပိတ်ပြီး အနက်ရောင်မှန်သားပြင်ကနေ ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်ရင်း လင်းလာတဲ့မျက်နှာပြင်ကိုသာ ခပ်တွေတွေထပ်ငေးကြည့်ဖြစ်သည်။
...........................................................

ESTÁS LEYENDO
စွန့်ပစ်ခံအချစ် ( Anemone ) Z + U ©
Romanceလှပသိမ်မွေ့သောအမျိုးသမီးလုပ်ငန်းရှင် လင်္ကာသုံနှင့် အသက်ဆယ်နှစ်ကွာဟတဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်လိုတဲ့ ဟန်နွေနွံ။ မရိုးရှင်းသောအမျိုးသမီးဖြစ်လင့်ကစား ရဲတင်းစွာပတ်သက်ဖို့ကြိုးစားသည့် နုနယ်ပျိုမျစ်တဲ့ဟန်နွေနွံနှလုံးသားထဲမှာ အချစ်ဆိုတာမရှိဘူး။ မထင်မှတ်...