ဖရက်ဒီ မြင့်မားထွန်းတောက်သော မိုးကောင်းကင်ယံသို့ ပျံသန်းလာနေသည်။ ဖြူဖွေးသော တိမ်စိုင်များသည် အိစက်နူးညံ့သော အိပ်ရာများနှယ် သူ့ ခြေထောက်များအောက်မှာကျန်ခဲ့သည်။ တိုးဝင်လာသော လေများက ၀တ်ရုံစများကို တဖျတ်ဖျတ်ပြင်းထန်စွာ ရိုက်ခတ်နေကာ ဖရက်ဒီ၏ ရွှေရောင်ဆံပင်များကို ဆောက်တည်ရာမရအောင် ယိမ်းထိုးနေစေသည်။
စူးရှသော စွန်ငှက်တစ်ကောင်၏ အော်မြည်သံနောက်မှာ အညိုနှင့်အဖြူ ရောင် စွန်ငှက်ကြီးတစ်ကောင် ဖရက်ဒီ့နားသို့ ၀ဲပျံလာနေသည်။
ပီဆို...
ဖရက်ဒီ ရင်ထဲဝမ်းသာ ၀မ်းနည်းဖြစ်သွားသည်။ ဖေဒေ၏ စွန်ငှက်ကြီးသည် သူ့ဘေးမှ ခန့်ညားစွာ အတောင်ပံများကို ဖြန့်ကားပြီး ပျံသန်းလာနေသည်။
မင်း ဘယ်ကရောက်လာတာလဲ.. ငါဒီကအပြန် ဒန်နရယ့်ဆီလိုက်ခဲ့ပါလား... မင်းကိုသာတွေ့ရင် သူ အရမ်းဝမ်းသာမှာ..
စွန်ငှက်ကြီးမှာ ဖရက်ဒီ၏ အတွေးကို နားလည်စွာ သဘောတူသည့်အလား နောက်တစ်ကြိမ် စူးရှစွာအော်မြည်လာသည်။ သိပ်မကြာသော အချိန်တိုတစ်ခုအတွင်းမှာပင် နှင်းဖုံးနေသည့် မြင့်မားသောတောင်တန်းများထံ ဖရက်ဒီ ရောက်လာခဲ့သည်။
မြင့်မားသော တောင်တန်းတောင်ချွန်များသည် တစ်ခုနှင့်တစ်ခု အက်ကြောင်းမထင်နိုင်သည်အထိ ပေါင်းစပ်ထားသလို ရှည်လျားလွန်းနေသည်။ တောင်တန်းများ၏ အတော်မြင့်သော ထိပ်ပိုင်းအထိ အစိမ်းရောင် မြက်ခြုံပုတ်တစ်ချို့ဖြင့် ဖုံးအုပ်ထား၍ တောင်ကြောတစ်ခုလုံး စိမ်းနေသလို ထင်ရသည်။
တောင်တန်းထိပ်များတွင် အညိုနှင့်အနက်ရောင် ရောယှက်သော ကျောက်ဆောင်ချွန်များသာရှိနေပြီး ၎င်း ကျောက်ဆောင်များပေါ်တွင်ဂွမ်းစိုင်တစ်ချို့ ပြန့်ကျပက်ဖြူးထားသည့်ဟန်ထင်ရသော နှင်းများရှိနေသည်။
ဖြူဖွေးသောနှင်းများမှာ ကျောက်ဆောင်အားလုံးကို ဖုံးကွယ်ထားသည်တော့မဟုတ်။ လွန်ခဲ့သော ရက်များက ကျရောက်ခဲ့သည့် နှင်းပွင့်များသည် ကျောက်ဆောင်တစ်ခုနှင့်တစ်ခုကြား သို့မဟုတ် နေရောင်နှင့်မတွေ့သည့် အမှောင်ရိပ်ကျရာ နေရာများတွင် ယခုအချိန်ထိ နှင်းခဲများအဖြင့် တွယ်ကပ်ကာ အရှုံးပေး အရည်ပျော်ရန် ငြင်းဆန်နေကြသည့်အတွက် တောင်တန်းမြင့်များသည် သနပ်ခါးမညီသော အဘွားအိုတစ်ယောက်လို အိနြေ္ဒရှိနေသည်။

ESTÁS LEYENDO
Black Angel ( S - 1 )
Fantasía(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee