Part 57

16.7K 1.6K 97
                                    

တောက်ပနေသော နေလုံးသည် လင်းထင်းသော အဖြူရောင်မှ အ၀ါရောင်၊ အ၀ါရောင်မှ အနီရောင်၊ ထို့နောက် အနီရောင်မှ ပန်းရောင်သို့ တဖြည်းဖြည်းပြောင်းလဲလာပြီး နောက်ဆုံးတွင် မည်းမှောင် ပျောက်ကွယ်လာနေသည်။ အမှောင်ထုသည်လည်း လောကကြီးတစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် လွှမ်းခြုံလာနေပြီဖြစ်သည်။

ဝေဆာစွာပွင့်လန်းနေသော နေကြာပန်းပွင့်များမှာ ရုတ်တရက် မီးမြှိုက်ခံလိုက်ရသော လူသေကောင်များလို ဇက်ကြိုးငိုက်ကျနွမ်းခြောက်သွားသည်။ ပိုးကောင်ငယ်များနှင့် ငှက်ငယ်များ၏ အော်မြည်သံများ ပျောက်ဆုံးကာ တဟူးဟူး တိုက်ခတ်လာသော လေကြမ်းသံသာ သေမင်းတမန်၏ ရှေ့ပြေးသံတစ်ခုလို ဆူညံစွာ ထွက်ပေါ်လာနေသည်။

ဘာကိုမှန်းမသိသည့် စိုးထိတ်မှုများကြောင့် ဒန်နရယ်၏ ခြေဖျားလက်ဖျားများ အေးစက်လာနေသည်။

"အခုမှ မွန်းတည့်ချိန်ရှိသေးတယ်..ဘာလို့နေ၀င်သွားတာလဲ....."

မည်းမှောင်သော အမှောင်ထုထဲတွင် ဖရက်ဒီ၏ မျက်လုံးများသည် ရဲရဲနီလာနေကာ သက်မောတစ်ချက်ကို မောပန်းစွာ ရှိုက်လာခဲ့သည်။

"ငါ့အတွက် ဒီ့ထက်ပိုပြီး အချိန်တွေ ရှိလိမ့်ဦးမယ်လို့ ထင်ထားတာ..."

"ဖရက်... ဘာဖြစ်လို့လဲ.. ဘာတွေဖြစ်နေတာလဲ....."

"နေနတ်သား ငါ့အဖေကို အရှုံးပေးလိုက်ရပြီနဲ့တူတယ်.."

အမှောင်ထဲမှ ဖရက်ဒီ၏အသံသည် ဒန်နရယ့်နားမှာ ကြောက်စရာကောင်းနေသည်။

"နေနတ်သား အရှုံးပေးလိုက်ရပြီ.. ဟုတ်လား."

"ငါတို့သွားမှဖြစ်မယ် ဒန်နရယ်.. ငါ သူ့ကို အချိန်မီတားမှဖြစ်မယ်.."

"ဖရက်.. ကျွန်တော့်ကိုနည်းနည်းလောက် ရှင်းပြစမ်းပါ.. ဘာတွေဖြစ်နေတာလဲ..."

"ဒီအတိုင်းဆိုရင် လောကကြီးတစ်ခုလုံး နေ့အလင်းရောင်ဆိုတာရှိတော့မှာ မဟုတ်ဘူး.. ညအချိန်ပဲ ထွက်လို့ရတဲ့ မြေအောက်ထဲက ငရဲကောင်နတ်ဆိုးအားလုံးကို ငါ့အဖေက ခေါ်ထုတ်လာလိမ့်မယ်.. ငါတားမှဖြစ်မယ် ဒန်နရယ်... နောက်ကျသွားရင် ဘယ်လူသားမှ ချမ်းသာရာရမှာမဟုတ်ဘူး..."

Black AngelWhere stories live. Discover now