(၃)
ယုံကြည်မှုရဖို့ လိုအပ်နေသောအချိန်တွင် အယုံအကြည်မခံရခြင်း.......။
အတော်ဘဲ ဆိုးဝါးသော ခံရခက်သော ခံစားချက်ဖြစ်သည်။
ဒီဒဏ်ရာတွေနဲ့ ကျောင်းလည်း မသွားချင်သော သူမဟာ (ဒဏ်ရာတွေထက် စိတ်ကနာကျင်တာကပိုသည်) ကျောင်းမသွားဖို့ ပဲ ဆုံးဖြတ်လိုက်တော့သည်...။
ကျောင်းလည်းမသွား၊ အဆောင်မှာလဲ ဘာမှ မလုပ်ဖြစ်ပဲ အိပ်ယာထဲတွင်သာ ခွေခွေလေး လှဲနေမိသည်။
အဖြစ်အပျက်က အတော်ပင် ရှုပ်ထွေးလွန်းနေသည်။ သူမကို သတ်သောသူကိုလည်း သူမ မသိရ။ ပြီးတော့ သတ်သွားသည့် ကောင်မလေးအလောင်းနဲ့ ပတ်သတ်လို့ လဲ အစအနတောင် မကျန်။ ရိုက်ထားသည့်ဓာတ်ပုံကလည်း အဖျက်ခံထားရသည်။ ဒါ့အပြင်
သူမနှင့် တွဲဖော်တွဲဖက် ဇင်ဇင်ကလည်း သူမကို မယုံကြည်ချေ။ သူမ စိတ်ဖိစီးမှုများနေသဖြင့် ထင်ယောင်ထင်မှားဖြစ်နေသည်ဟုပဲ ထင်နေပုံ ရလေသည်။ ထို့ ကြောင့်သူမကို ပိုဂရုစိုက်ကာ ခဏတိုင်း ခဏတိုင်း ကျောင်းကနေလာလာပြီး လာလာကြည့်နေသဖြင့် သူမကပင် အားနာရသည်။
ဘယ်သူမှ မယုံကြည်ကြသဖြင့် အထီးကျန်ကာ အားငယ်နေမိသည်။
သူမကို လူတွေဟာ အခုမှ မယုံကြတာမဟုတ်ပါ။ "ဟဲ့ ဒီနားက ပိုက်ဆံက ဘယ်ရောက်သွားပြန်တာလဲ"
"ဘယ်သူရှိမလဲ..ဟိုဗိုင်းတာမလေးပဲ ဖြစ်မှာပေါ့ မွေးလာတဲ့သန္ဓေကိုက ယုတ်တာကိုး"
သူမနားထဲ ငယ်ငယ်က သူမကို ပြောနေသည့် အမျိုးများ အသံများကို ပြန်ကြားယောင်လာသဖြင့် ခေါင်းကို ခါပြီး နားကို ယောင်ယမ်းပိတ်လိုက်မိသည်။ သွားကြစမ်းပါ..ဒီမှတ်ဥာဏ်တွေ...သူမ ပြန်မမှတ်ချင်ပါ။
သူမသည် ဘ၀တစ်လျှောက်လုံး အယုံအကြည် အထားမခံခဲ့ရသော သူတစ်ယောက်ဖြစ်ပါသည်။
ရုတ်တရက် စိတ်က ဟို တတိယနှစ်က ကောင်မလေးဆီ ရောက်သွားသည်။
အင်း..အဲ့ဒီကောင်မလေးက ဘယ်သူပါလိမ့်..?
အခုခေတ်မှာ လူတစ်ယောက်အကြောင်း စုံစမ်းရန်မှာ ထင်သလောက်ကြီးမခက်ချေ...။ ခေါင်းရင်းမှ ဖုန်းကို လှမ်းယူကာ ဖေ့ဘွတ် ဖွင့်သည်။ ပြီးတော့ သူမ သိသည့် third year ညီငယ် ညီမငယ်များ အကောင့်ထဲဝင်ကြည့်ကြည့်သည်။ မကြာခင်မှာပဲ group photo တစ်ခုမှတဆင့် ကောင်မလေးအကောင့်ကို ရသွားသည်။ ကင်မရာဆီ မေးပင့်ကြည့်ပြီး ရယ်မောနေပုံတွင် စိတ်သဘောကောင်းဟန်လေး အထင်းသား ပေါ်နေသည်။ နာမည်က စာမရီ တဲ့။ စာမရီ timeline ပေါ် ကြည့်ကြည့်မိသည်။ စာမရီ နောက်ဆုံးတင်ထားသော post မှာ
'Life is too short too spend time with people who suck the happiness out of you' ဖြစ်သည်။့ အဓိပ္ပာယ်ကတော့ ဘ၀က တိုလွန်းလို ကိုယ့်ပျော်ရွှင်မှုကို ဖျက်ဆီးမယ့်သူတွေနဲ့ အချိန်မဖြုန်းချင်ဘူး ဟူပြီး ဖြစ်သည်။ လွန်ခဲ့သော တစ်လခန့် က တင်ထားခဲ့ခြင်းဖြစ်သည်။
စာမရီ ပုံတချို့ ကို သူမ save ကာ သိမ်းထားလိုက်သည်။
စာမရီ ဆိုတဲ့ကောင်မလေး အိမ်က စာမရီ ပျောက်နေတာ မသိကြဘူးလားမသိ။ သူမလည်း စာမရီအိမ်လိပ်စာ သို့မဟုတ် ဖုန်းနံပါတ် ကို သိချင်လာသည်။ ဘာပဲဖြစ်ဖြစ် မိဘတွေကို သူမ အသိပေးသင့်သည်ဟု ထင်သည်။ အိပ်ယာထဲမှ ထလိုက်ပြီး လွယ်အိတ်ကို လွယ်ကာ စာမရီ့ မိဘတွေ လိပ်စာ ဖုန်းနံပါတ် စုံစမ်းရန် ကျောင်းထဲသို့ ဆိုင်ကယ်ဖြင့် ထွက်လာခဲ့သည်။
လေကတဖြူးဖြူးတိုက်နေဆဲဖြစ်သည်။
ဆိုင်ကယ်စီးရင်း သူမစိတ်က တိုက်ခတ်နေသော လေများကဲ့သို့ လွင့်ချင်ရာလွင့်နေသည်။
ကျောင်းထဲရောက်သောအခါ တတိယနှစ်ဘက်ကို ထွက်လာခဲ့သည်။ မေးမေးမြန်းမြန်းဖြင့် သူမအတန်းကို သွားရသည်။ ပြီးတော့မှ အခန်းထဲမှ ကောင်မလေးတစ်ယောက်အား စာမရီအကြောင်းကို မေးမြန်းရသည်။
ကောင်မလေးက..
"အော် စာမရီက...ကျောင်းမလာတာကြာပြီ။ စိတ်ထင်...သုံးလေးပတ်လောက်ရှိပြီ...."
ဟင် ကျောင်းကျမတက်ဘဲ အင်တာနက်ကျ လာသုံးသည်တဲ့လား..။
"ဟုတ်လား..သူ့ အိမ်ဖုန်းနံပါတ်သိလားဟင် ညီမလေး..အမကို ပေးလို့ ရလား"
"ဖုန်းနံပါတ်တော့ ညီမမသိဘူး...အော် သိလောက်မယ့်သူတော့ ရှိတယ်.သူနဲ့ တအားတွဲတဲ့ကောင်မလေးရှိတယ်.. ခဏနော်" ဟုဆိုကာ နောက်ဆုံးနား မကျတကျမှာ ထိုင်နေသော ကောင်မလေးကို တခုခုသွားပြောလိုက်လေသည်။ ထိုကောင်မလေးလည်း သူမဆီသို့ ထလျှောက်လာကာ...
"အမက စာမရီ အသိလားဟင်....ညီမလဲ သူကျောင်းမလာတာကြာလို့ စိတ်ပူနေတာ... ဖုန်းဆက်တော့လဲမကိုင်ဘူး"
သူမက ခေါင်းခါလိုက်ပြီး
"အသိမဟုတ်ဘူး ညီမ အမ သူ့ အိမ်လိပ်စာကို ညီမသိချင်လို့ အစ်မ ကိစ္စလေးရှိလို့ပါ"
ထိုကောင်မလေးက သူမကို တမျိုးသော မျက်ဝန်းဖြင့်ကြည့်ရင်း...
"စာမရီ က မိဘမရှိတော့ဘူး အစ်မ သူက အဒေါ်တစ်ယောက်နဲ့ နေတာ..သူ့ အိမ်ဖုန်းနံပါတ်ကို မပေးချင်လို့ တော့မဟုတ်ဘူး သူ့ အဒေါ်က သူ့ ကို ထမင်းကျွေး ကျောင်းစရိတ်ပေးထားရင် တာဝန်ကျေပြီ မှတ်နေတဲ့ သူမျိုး..အဲ့ဒါကြောင့်မပေးတာပါ.."
အော်..သူမ နဲ့ စာမရီ ဟာ အဖြစ်ချင်းတူလေသည်။ သူမသည်လည်း မိဘမဲ့ တစ်ယောက်ဖြစ်ခဲ့ပြီး အဒေါ်တွေကြားထဲမှာပဲ ကြီးပြင်းလာခဲ့သူဖြစ်သည်။ ကောင်မလေးက ဆက်ပြီး
"သူကျောင်းမလာတာ တစ်လလောက်ရှိပြီ.စာမေးပွဲကလည်း နီးနေပြီ...အဆောင်မှာလဲ သူမရှိဘူး...
အဲ့ဒါ ညီမလဲ သူ့ ဖုန်းခေါ်ကြည့်တော့ ခေါ်လို့ မရဘူး... သူ့ အိမ်ကလည်း ဖုန်းတော့ခေါ်ကြည့်လိုက်တယ်..အိမ်မှာလဲ မရှိဘူးတဲ့....သူဘယ်တွေများရောက်နေလဲမသိဘူး...."
သွားပြီ...။ စာမရီ နဲ့ တွဲနေတဲ့သူကတောင် မသိမှတော့ သူမက ဘာမှ သိမှာမဟုတ်တော့ချေ..။ ကောင်မလေးက သူ့ အား စူးစမ်းသော မျက်ဝန်းများဖြင့်
"အစ်မ..စာမရီ အကြောင်း တခုခု သိထားလားဟင်"
သူမ(ပွင့်ဖြူ) ဘာပြန်ပြောရမယ်မှန်းမသိ..။ ထိုကောင်မလေးကို လူရှင်းသည့် အိမ်သာနား ခေါ်လာခဲ့သည်။ ပြီးတော့ သူမ မနေ့ ညက ကြုံခဲ့ရသည်များကို ပြန်ဇာတ်ကြောင်းလှန်ရသည်။ စကားဆုံးတော့ ထိုကောင်မလေးက ဒေါသကို ထိန်းထားသော အသံဖြင့်...
"မဖြစ်နို်င်တာ..စာမရီက အဆောင်မှာတောင် မရှိတဲ့ဟာဘဲ...ဘာလို့ မနေ့ ညက လိုင်းလာသုံးရမှာလဲ..မဟုတ်တာတွေ မပြောပါနဲ့ .."
ပွင့်ဖြူလည်း ကောင်မလေးမျက်လုံးထဲ တည့်တည့်ကြည့်ပြီး
"ဒီမှာ ညီမ အမပြောမယ် အစ်မပြောနေတာတွေအကုန်က အမှန်ပဲ..အမ မင်းကို မညာဘူး..ညီမက စာမရီနဲ့ အရင်းနှီးဆုံးလူမို့ အမ ညီမကို ပြောပြတာ....လူတွေက အစ်မထက် သက်သေကို ပိုယုံနေတော့လည်း...အစ်မလဲ မတတ်နိုင်တော့ဘူး"
ထိုကောင်မလေးက ပွင့်ဖြူကို ယုံကြည်နေဟန်ရှိသွားသော်လည်း အဖြစ်အပျက်ကို လက်မခံနိုင်ဟန် ရှိလေသည်။ ထို့ နောက်တစ်ခုခုကို လေးလေးနက်နက်တွေးနေဟန်နှင့် ငြိမ်သွားသဖြင့် ပွင့်ဖြူလဲ ငြိမ်သက်နေမိသည်။
တိတ်ဆိတ်သွားသောကြောင့် လေတိုက်သည့်အခါ သစ်ရွက်တွေ တရွှက်ရွှက် ဖြစ်နေသည့်အသံကိုသာ ကြားရသည်။
စာမရီရယ်......နင့်အတွက် ငါအမှန်တရားတစ်ခု ကို ဖော်ထုတ်ပေးမလို့ ပါ။ ငါတို့ ကို ကူညီပါဟယ်..နင့်သူငယ်ချင်း ငါ့ကို ယုံကြည်လာအောင် ကူညီပေးပါဟာ...။
ပွင့်ဖြူ တိတ်တိတ်လေး တိုင်တည်မိလေသည်။ ကောင်မလေးက..
"မနေ့ ညက မိန်းဆောင် အောက်မှာ ဖြစ်သွားတာ ဟုတ်တယ်နော်.."
ပွင့်ဖြူ ခေါင်းညိတ်ပြလိုက်သည်။ သူမက ပွင့်ဖြူကို ကြည့်ကာ ခေါင်းတချက်ဆတ်ပြီး
"ဒါဆို ညီမ တို့ CCTV ကနေ တချက်ကြည့်ကြည့်ရအောင်....ဒါတွေမြင်မှပဲ ညီမ လက်ခံနိုင်မယ်..."
ပွင့်ဖြူ အခုမှ တွေးမိသည်။ ဟုတ်သားပဲ CCTV တွေ ကျောင်းက တပ်ထားတာ မကြာသေး...သူမမနေ့ ညကအဖြစ်အပျက်တွေကို CCTV ကနေ ကြည့်နိုင်လောက်သည်။
သူတို့ နှစ်ယောက်သား ရုံးခန်းသို့ သွားရောက်ကာ ဆရာမကို သွားပြောကြည့်သည်။ (လိမ်တော့ လိမ်ရသည်)
"ဆရာမ ညက သမီးပိုက်ဆံအိတ် ကျန်ခဲ့လို့ အဲ့ဒါ CCTV ကနေ ကြည့်ကြည့်ချင်လို့ ပါ"
ဆရာမသည် စိတ်ရှုပ်သွားဟန်ဖြင့်
"နေဦး ဆရာကြီးဆီ မေးပေးဦးမယ်.." ဟုဆိုကာ ထွက်သွားသည်။ ဆရာမသည် အတော်အလုပ်ရှုပ်နေဟန်တူသည်။ စားပွဲပေါ်လည်း စာရွက်များဖြင့် ရှုပ်နေသည်။ သူမဆံပင်မှာလည်း ပန်းမျိုးစုံဖြင့် ရှုပ်နေသည်။ အခန်းတစ်ခုလုံးလဲ ကြိုးများ စာရွက်စာတမ်းများ ကွန်ပျူတာပုံများ.ဖြင့် ရှုပ်နေလေသည်။
ပွင့်ဖြူလဲ ထိုကောင်မလေးနှင့် အတူ ထိုင်စောင့်နေရင်း စိတ်လှုပ်ရှားစွာ ဘာတွေတွေးနေမိမှန်းမသိ။
"ညီမကို ခက်ခက် လို့ ခေါ်လို့ ရပါတယ်..ခတ္တာ ပါ"
"အစ်မက ပွင့်ဖြူပါ..."
အင်း ပန်းမျိုးပန်းနွယ်တွေပေါ့..။ ထိုအချိန်မှာပင် ရှုပ်နေသော ဆရာမ ပြန်ရောက်လာပြီး
"CCTV က ည၁၀နာရီခွဲ မှာ ပါဝါကြိုး ပျက်သွားတယ်...ည ၁၀နာရီ ခွဲအရှေ့ ပိုင်းတော့ ညည်းတို့ ကြည့်လို့ ရတယ်..အဲ့နောက်ပိုင်းတော့ ရိုက်ထားတာ ရှိမှာမဟုတ်ဘူးတဲ့ ဆရာ ကြီးက ပြောလိုက်တယ်..."
ပွင့်ဖြူနဲ့ ခက်ခက်တို့ သည် တစ်ယောက်နဲ့ တစ်ယောက် အံ့သြစွာ ကြည့်မိသွားလေသည်။
ဟိုကောင်လေးများ ဖျက်သွားသလား.? သူတို့ တစ်ယောက်နဲ့ တစ်ယောက်ကြည့်နေတာကို မစောင့်နိုင်တော့သည့် ဆရာမကတော့ သူ့ နေရာသူ ပြန်ထိုင်ကာ စာရွက်တွေနှင့် အလုပ်ပြန်ရှုပ်နေလေသည်။
"မနေ့ ည ၉နာရီကနေ ၁၁နာရီကြားပါ"
ဆရာမကလဲ ချောက်ချောက်ချောက်ချောက်နှင့် နှိပ်ကာ
"ကဲ ကြည့်ကြ ကြည့်ကြ ကိုယ့်ပစ္စည်းကိုတောင်နိုင်အောင် မသိမ်းနိုင်ကြတာ ဘယ်လိုဟာတွေလဲမသိဘူး "
ပွင့်ဖြူက ဘာမှမပြောမိဘဲ Screen ကို စူးစိုက်ကြည့်နေမိသည်။ ညက သူမရောက်လာသည့်ပုံရိပ်များ...တခြားလူပုံရိပ်များ..ဟို ကောင်လေး နှင့် ကောင်မလေးကို တော့ မမြင်ရသေးချေ...ပြီးတော့ Assignment လုပ်နေပုံ နှစ်နာရီကျော်ကြာသဖြင့် မကြည့်ဘဲ ရစ်လိုက်သည်။သို့သော် တနေရာတွင် ခဏရပ်လိုက်သည်။ ဟို လူသတ်သမား ရောက်လာသည်ကို တွေ့ ရသည် ။ တီဗွီထဲမှ ပွင့်ဖြူသည် စာကို အာရုံစိုက်နေသဖြင့် မသိလိုက်ချေ..။ လူသတ်သမားသည် မျက်နှာကို ခပ်ငုံ့ ငုံ့လုပ်ထားသောကြောင့် မျက်နှာကို လုံးဝ မမြင်ရချေ..။ ထို့ နောက် တီဗွီထဲမှ ပွင့်ဖြူသည် ညောင်းညာလာဟန်ဖြင့် laptop ကို ဘေးချကာ မတ်တပ်ရပ်အညောင်းဆန့် လေသည်။
ထို့ နောက် ပွင့်ဖြူလမ်းလျှောက်ထွက်သွားလေသည်။ ဗွီဒီယို က အဲ့ဒီမှာပဲ ပြီးဆုံးသွားလေသည်။
နောက်ထပ် သက်သေတစ်ခုတော့ သွားပြန်ပြီပေါ့....။
နှစ်ယောက်သားရုံးခန်းထဲမှ အသာထွက်လာရင်း ပွင့်ဖြူတွေးတောနေမိသည်။ ခက်ခက်က ရုတ်တရက် သူမဘက်လှည့်ကာ
"ညီမ လက်သင့်မခံနိုင်ဘူးဖြစ်နေပေမယ့် အစ်မကို ညီမ ယုံကြည်နေတယ်.... ဘာပဲဖြစ်ဖြစ်ပါ..ညီမလည်း စာမရီကို ရှာချင်တယ်..သူတစ်ခုခုဖြစ်နေရင်လည်း ကျွန်မကယ်ချင်တယ်..အစ်မတစ်ခုခု အကူအညီလိုရင်ပြောပါ ညီမဖုန်းနံပါတ်ပေးထားခဲ့မယ်..."
ပွင့်ဖြူသည် အသာခေါင်းငြိမ့်ပြလိုက်ပြီး ဟိုးဘက်က သစ်ပင်များအုံ့ ဆိုင်းနေသည့်နေရာကို ငေးနေမိလေသည်။
စိတ်ထဲ အဲ့ဒီဘက်မှ တစုံတစ်ယောက်သည် သူမကို ခေါ်ဆောင်နေသလို ခံစားလာရသည်။
ရုတ်တရက် သူမကို သူမ မထိန်းချုပ်နိုင်ခင်မှာပဲ ပွင့်ဖြူသည် ထိုနေရာဆီသို့ လျှောက်သွားမိနေပြီ ဖြစ်သည်။
ဘုရားရေ ငါဘာတွေ ဖြစ်နေတာလဲ ပြန်လှည့်စမ်း...စိတ်တစ်ခုက သူမကို တားမြစ်နေသော်လည်း တစ်စိတ်က အဲ့ဒီ တောအုပ်ဘက်ကို သွားချင်နေကာ ဘယ်လိုမှ ထိန်းချုပ်လို့ မရ..။ ခက်ခက်ကလဲ
"အစ်မ အစ်မပွင့်ဖြူ..ဘာဖြစ်သွားတာလဲ...ဘယ်သွားနေတာလဲ"
နောက်ကနေ ထပ်ချပ်မခွာလိုက်ရင်း မေးနေလေသည်။
တောအုပ်နား တဖြည်းဖြည်းနီးလာပြီမို့ မြေကြီးထဲတွင် တစွန်းတစထွက်နေသော အရာတစ်ခုကို ထင်ရှားစွာ မြင်လာရသည်။ ခက်ခက်က သူမ စူးစိုက်ကြည့်နေသောအရာကို ကြည့်ကာ.
"ဟင် ဒါ..ဒါ.စာမရီ့တဘက်ပဲ..."
ပွင့်ဖြူနဲ့ သူမသည် ထိုတဘက်ပန်းရောင်လေးအား ကြည့်နေရာမှ နှစ်ယောက်သား မျက်လုံးချင်းဆုံမိသွားလေသည်။ ထို့ နောက် ထို တဘက်အား နှစ်ယောက်သား မြေကြီးထဲမှ ၀ိုင်းဆွဲထုတ်ကြလေသည်။ ထုတ်မရသဖြင့် မြေကြီးကို ၀ိုင်းတူးကြရင်း အလွန်စိုးရွားသော အနံ့ ထွက်လာလေသည်။
ခက်ခက်မှာ သွေးရူးသွေးတန်း တူးနေရင်းနှင့် မျက်ရည်များပင် ကျလာလေသည်။ သူမလည်း တူးရင်း တူးရင်း ပုပ်စော်တအားနံလာသဖြင့် အသက်ရှူမ၀ဖြစ်နေသော်လည်း တူးနေဆဲဖြစ်သည်။
ခက်ခက်မှာ တူးရင်း အန်လေသည်။ သူမတို့ နှစ်ယောက်သားတူးရင်းနှင့် တစုံတရာသည် ပေါ်လာလေသည်။နှစ်ယောက်သား ထိုအရာကို သေချာကြည့်မိသောအခါ....
ဘုရားရေ ထိုတစွန်းတစထွက်နေသော အရာသည် လူတစ်ယောက်လက်ချောင်း.....
အတိအကျပြောရလျှင် မိန်းကလေးတစ်ယောက်၏ လက်ချောင်းများ...ဆက်ရန်.