(၅)
"ခက်ခက် .... ခက်ခက်..."
ပွင့်ဖြူသည် ခက်ခက်အား ကျောင်းဝင်းထဲတွင် လှည့်ပတ်ကာ လိုက်ရှာနေလေသည်။
ပွင့်ဖြူတို့ ကျောင်းက အတော် ကြီးသည်။ ကျောင်းဆောင်ကအတော်ကြီးပြီး အခန်းတွေလည်း များသည်။ ကျောင်းဝင်းကလည်း တအားကျယ်ပြီး တ၀က်လောက်က သစ်ပင်တွေ ထူထပ်ကာ တောကြီးလို ဖြစ်နေသည်။
ပွင့်ဖြူသည် ဆောင်းတွင်းကြီးတွင် ချွေးများထွက်နေကာ မျက်နှာတွင်လည်း ဆံပင်တချို့ ကပ်နေသည်။
သူမမျက်လုံးသည် ဂနာမငြိမ်ဖြစ်နေလေသည်။
"ခက်...ခ.....ဟင်..."
ပွင့်ဖြူ ဘေးဘက်နားမှ လှစ်ကနဲ့ ဖြတ်သွားသော အရိပ်ကြောင့် ခက်ခက်ကို အော်ခေါ်နေရင်း လန့် ကာ ဖြတ်ကနဲ့ လှည့်ကြည့်မိလိုက်သည်။
ဘာမှမရှိချေ..။
ပွင့်ဖြူလည်း ဆက်မလျှောက်ရဲတော့ဘဲ ဘေးပတ်ပတ်လည်ကို ကြည့်နေမိသည်။ ပတ်ဝန်းကျင် တခုလုံးလည်း ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
တချက်တချက်တွင် ဆွဲဆွဲငင်ငင်အူနေသော ခွေးအူသံများက လွဲပြီး ဘာမှ မကြားရချေ။
ဆက်လျှောက်သွားလိုက်လျှင် ဒီကျောင်းဆောင်အဆုံးရောက်ပြီ ဖြစ်သည်။ ဒီကျောင်းဆောင် ဆင်ဝင်အောက်ကနေ နောက်ကျောင်းဆောင်ဆီကို အုတ်စီလမ်းလေးဖြင့် ဆက်သွယ်ထားပေးပြီး မိုးအခါ သွားလာဖို့ အဆင်ပြေစေရန် လမ်းတလျှောက်ကို အမိုးများ မိုးပေးထားလေသည်။အုတ်စီလမ်းကလေး၏ ဘေးတဖက်တချက်တွင်တော့ သစ်ပင်များဖြင့် အုံ့ ဆိုင်းနေသည့် တောရှိလေသည်။
ပွင့်ဖြူသည် ထိုလမ်းကို ကြည့်ပြီး နောက်ကျောင်းဆောင်ကို ဆက်သွားရမလား မသွားရဘူးလား တွေဝေနေမိလေသည်။သို့ သော် ခက်ခက် ပျောက်နေသောကြောင့် သူမ မသွားရဲလို့ မရချေ..။
ပွင့်ဖြူလည်း လက်သီးကိုဆုပ် အံကိုကြိတ်ပြီး ကျောင်းဆောင်အပြင်ဘက် ထိုအုတ်စီလမ်းလေးပေါ် ခြေစချလိုက်သည်။ လကွယ်ညဖြစ်သဖြင့် ဘာမှမမြင်ရချေ။ လမ်းမီးတိုင်လေး အနည်းငယ်သာ ရှိသောကြောင့် မြင်ရသည်ဆိုရုံသာ ရှိလေသည်။
ရုတ်တရက်လေပြင်းတချက်ဝှေ့ လိုက်သောကြောင့် အေးစိမ့်စိမ့်ဖြစ်သွားသဖြင့် ပွင့်ဖြူ ၀တ်ထားသည့်အနွေးထည်ကို ရင်ဘတ်လုံအောင် ဆွဲစိမိလိုက်သည်။
"အစ်မ ပွင့်ဖြူ"
သူမနား အနားမှ အနီးကပ် လေသံသဲ့သဲ့ဖြင့် ခေါ်သည်ကို ကြားလိုက်ရသောကြောင့် ပွင့်ဖြူဆတ်ကနဲ့ တုန်သွားမိသည်။ ဘေးဘီကို ကြည့်တော့လည်း ဘာမှမရှိ။
ပွင့်ဖြူ လန့် သွားကာ ခြေလှမ်းတွေကို မြန်လိုက်သည်။
"အစ်မ ပွင့်ဖြူ"
ဟော..ထပ်ကြားရပြန်ပြီ။ ဒီတခါတွင်တော့ ပွင့်ဖြူ နောက်လှည့်ကြည့်လိုက်ရာ စာမရီ ကို တွေ့ လိုက်ရသည်။ ဟိုလို ကြောက်စရာ ပုံစံဖြင့်မဟုတ်။ သူမကို ပကတိ လူလူချင်းတွေ့ နေရသည့် အနေအထားဖြင့် တွေ့ ရခြင်းဖြစ်သည်။
ပွင့်ဖြူလည်း အကောင်လိုက်မြင်လိုက်ရသဖြင့် အကြောင်သားဖြစ်သွားပြီး ဘာမှမပြောမိ။ သူမကလည်း ဘာမှမပြောဘဲ ဒီတိုင်းပဲ ပွင့်ဖြူကို ကြည့်နေလေသည်။
စာမရီ၏ မျက်လုံးသည် ဆွေးရီနေလေသည်။ ပါးစပ်ကလည်း ဟစိ ဟစိ ဖြစ်နေလေသည်။ သူမသေဆုံးသွားစဉ်က အ၀တ်အစားကိုသာ ၀င်ထားသည်။ သူမအောက်ပိုင်းကတော့ မှောင်နေသည်။
သေချာမမြင်ရချေ။
ဟစိဟစိဖြစ်နေသောပါးစပ်ကို သေချာကြည့်လိုက်သည့်အခါ စာမရီသည် ပွင့်ဖြူကို တစ်စုံ တစ်ခု ပြောနေခြင်းဖြစ်ကြောင်းသတိထားမိလေသည်။ သို့ သော် ဘာအသံမှ မကြားရချေ။
ပွင့်ဖြူလည်း အရဲတင်းကာ (ခက်ခက်ကိုလည်း သူမဆွဲခေါ်သွားသဖြင့်)
"စာမရီ.....ခက်ခက်ဘယ်မှာလဲဟင်.."
"...."
သူမက ပါးစပ်လှုပ်ပြီး တစ်စုံတစ်ခု ပြောနေသော်လည်း ပွင့်ဖြူ မကြားရချေ။
"တို့ ကို ပြောပါ။ စာမရီ..ခက်ခက်ဘယ်မှာလဲ"
စာမရီက ဒီတခါတော့ ဘာမှမပြောတော့။ ဖြတ်ကနဲ့ ပျောက်သွားသည်။ ပြီးတော့ အုတ်စီလမ်းလေး ဘေးဘက်ရှိ သစ်ပင်တစ်ပင်အောက်တွင် ဖြတ်ကနဲ့ ပြန်ပေါ်လာသည်။
"စာမရီ ...ခက်ခက်ဘယ်မှာလဲ တို့ ကိုပြောပါ"
ပွင့်ဖြူလဲ အုတ်စီလမ်းလေး ပေါ်မှဆင်းကာ ထိုသစ်ပင်အောက်ကို လျှောက်သွားရင်း မေးသည်။
စာမရီသည် ဖြတ်ကနဲ့ ပျောက်သွားပြန်ကာ ဟိုးတောဘက်အတွင်းပိုင်း တစ်နေရာတွင် ပြန်ပေါ်လာပြန်သည်။
ပွင့်ဖြူသည် ထိုအခါမှ စာမရီက သူမကို လမ်းပြနေခြင်းဖြစ်ကြောင်း သဘောပေါက်ကာ သူမပေါ်လာသည့်နေရာကို လိုက်တော့သည်။
စာမရီက ပေါ်လိုက်ပျောက်လိုက် နှင့် လမ်းပြနေသည်။ ပွင့်ဖြူကလည်း လိုက်သည်။ နောက်ဆုံးတွင် စာမရီ ပေါ်လာသည့်နေရာမှာ သံဆူးစည်းကြိုးများကာထားသည့် နေရာဖြစ်လေသည်။ ထိုနေရာသည် ကျောင်းနယ်နိမိတ် အဆုံး ဖြစ်လေသည်။ ထိုသံဆူးကြိုးများ၏ တစ်ဖက်တွင်တော့ ဘာမီးမှ မရှိသဖြင့် မှောင်မည်းလျက်ရှိသည်။
စာမရီသည် သံဆူးကြိုး၏ တဖက်တွင် ပေါ်လာပြန်လေသည်။ ပွင့်ဖြူသည် မှောင်မဲနေသောနေရာဖြစ်သောကြောင့် မသွားရဲဘဲ ခဏ ရပ်နေလေသည်။
"စာမရီ....တို့ ကြောက်နေတယ်...သိလား.."
ပွင့်ဖြူအသံကြောင့် စာမရီမျက်နှာက ညှိုးငယ်သွားလေသည်။ ပွင့်ဖြူလည်း ဆက်ပြီး
"ဒါပေမယ့် တို့သွားမယ်... ခက်ခက်ကို တို့ သွားခေါ်ရမယ် ခက်ခက်က စာမရ်ီပြမယ့် လမ်းမှာ ရှိနေမှာ မလား"
စာမရီ က ခေါင်းခါပြသည်။ ဒါဆို ဘာကို ဆိုလိုတာလဲ။ ခက်ခက်မရှိဘဲ သူမက ဘာလို့ သူမကို ဒီကိုခေါ်လာတာလဲ...
"ဒါဆို စာမရီ တို့ ကို ဘာလို့ ဒီကို ခေါ်လာတာလဲ"
စာမရီက ဘာပြောရမှန်းမသိဖြစ်နေပုံရလေသည်။ သူမပြောရင်လည်း ပွင့်ဖြူမကြားရသဖြင့် သူမက ဆက်သွယ်ရန် အခက်တွေ့ နေပုံရလေသည်။
"စာမရီ အစ်မမင်းကိုပြောမယ်...မင်းခေါ်နေတဲ့ နေရာက အစ်မအတွက် အန္တရာယ်ရှိနိုင်လား"
စာမရီ ခေါင်းငြိမ့်ပြသည်။ သို့ သော် သူမရင်ဘတ်ကိုလည်း ပုတ်ပြသည်။
"အန္တရာယ်ရှိလဲ အစ်မကို မင်းကူညီမယ်လို့ ပြောနေတာလား"
စာမရီက ခေါင်းငြိမ့်ပြသည်။ ပွင့်ဖြူက..
"စာမရီ စောစောက မင်း တို့ ကို လန့် အောင် ဘာလို့ လုပ်ခဲ့တာလဲဟင်...မနေ့ ညကလည်း မင်းအစ်မကို မင်းအသတ်ခံရတဲ့ မြင်ကွင်းကို မြင်အောင် လုပ်ခဲ့တယ်..မလား...စောစောကလည်း မင်းလေသံလေးနဲ့ အမကို ခေါ်သေးတယ်...မလား...ဒါတွေလုပ်နိုင်နေတာပဲ မင်းအစ်မကြားအောင် စကားပြောလို့ မရဘူးလားဟင်...
စောစောကတောင် ပြောခဲ့သေးတာပဲမလား..မိန်းဆောင်အောက်မှာ အား လို့တောင် အော်လို့ ရနေတာပဲ... ဘာလို့ ပြောလို့ မရတာလဲ ခုကျမှ?"
စာမရီကလည်း ပွင့်ဖြူကို နားလည်ရခက်သော မျက်လုံးများနှင့်ကြည့်ပြီး ခေါင်းသာ ခါပြနေလေသည်။
ပွင့်ဖြူလည်း သက်ပြင်းချလိုက်ပြီး...
"စာမရီ...တို့ ခဏစဉ်းစားချင်တယ် ..."
စာမရီက ခေါင်းငြိမ့်ပြသည်။
ပွင့်ဖြူလည်း အနားက လဲနေသော သစ်ပင်ပေါ်ထိုင်ချလိုက်လေသည်။ စာမရီက သူမအရှေ့ နားသို့ တဖြည်းဖြည်းချင်း လွင့်မျောလာလေသည်။
ပွင့်ဖြူသည် သူမဘ၀ကို သူမ ပြန်တွေးမိသွားသည်။ ပြီးတော့ ဘာကိုရယ်ချင်မှန်းမသိ ခပ်ဟက်ဟက် ရယ်မိလိုက်ပြီး...
"စာမရီ မင်းသိလား...မင်းနဲ့ အစ်မဘ၀ က ဘ၀တူတယ်....သိလား
တို့ မှာလဲ မိဘမရှိတော့ဘူး..တို့ က အဒေါ်တွေအိမ်မှာ တလှည့်စီနေပြီး တလှည့်စီနေပြီးကြီးပြင်းလာတဲ့သူတစ်ယောက်ပဲ.."
စာမရီက တဖြည်းဖြည်းလွင့်လာကာ သူမဘေးက သစ်တုံးတွင် လာထိုင်လေသည်။
"တို့ အမေက အဖေနဲ့ ခိုးရာလိုက်ပြီးတဲ့နောက်..အမေက အိမ်က နှင်ချခံရတယ်.. ဒါပေမယ့် ကုသိုလ်ကံလို့ ဆိုရမလား..အမေနဲ့ အဖေ အတူအလုပ်တွဲလုပ်တဲ့အခါ..တဖြည်းဖြည်း ချမ်းသာလာခဲ့တယ်...
တို့ လူမှန်းမသိတဲ့အချိန်မှာပဲ အဖေရော အမေရော အက်စီးဒင့် တစ်ခုနဲ့ ဆုံးသွားတယ်...
တို့ ဘ၀က အဲ့ဒီကစပြီး အဒေါ်တွေစီမှာ နေခဲ့ရတယ်..တို့ ကံကိုက ဆိုးတာထင်ပါတယ်..အဒေါ်တွေဟာ တို့ ကို ကြည့်မရကြဘူး..တကယ်ကတော့ အဖေ့ကို ကြည့်မရကြတာပါ..အမေ့ကို သူသာခေါ်မထုတ်သွားရင် သေမှာမဟုတ်ဘူးတဲ့...သူတို့ သတိရတိုင်း တခုခုစိတ်မကြည်တိုင်း တို့ ကို အမြဲအပြစ်တင်တယ်..သန္ဓေယုတ်တယ်တို့ ဘာတို့ ပေါ့..ကလေးတစ်ယောက်အနေနဲ့မခံစားနိုင်အောင် ရက်ရက်စက်စက် ပြောတယ်..."
စာမရီက ငြိမ်ငြိမ်သက်သက်ပင် နားထောင်နေလေသည်။
ရယ်တော့ရယ်ရလေသည်။း ၀ိဥာဉ်တစ်ယောက်နှင့် မှောင်မှောင်မဲမဲ တောကြီးထဲတွင် ထိုင်ပြီးထို ၀ိဥာဉ်ကို ရင်ဖွင့်နေမိလေသည်။
တကယ်တမ်းတော့ ပွင့်ဖြူသည် သူမကို ၀ိဥာဉ်ဟုလည်း မမြင်မိပါ။ တစ္ဆေတစ်ကောင် သို့မဟုတ် သရဲဟုလည်း မမြင်မိတော့ပါ။ သူမနှင့် ဘ၀ချင်းတူသည်ဟူသည့်တစ်ချက်ထဲနှင့် ယုံယုံကြည်ကြည်ရင်ဖွင့်နေမိခြင်းးဖြစ်သည်။
"ဒါပေမယ့် သူတို့ က တာဝန်တော့ ကျေပါတယ်.တို့ ကို ကျောင်းထားပေးတယ်...နေစရာ စားစရာပေးတယ်..ဒီလောက်နဲ့ တင် တို့ ကျေနပ်ရမှာပေါ့လေ......ဘာပဲဖြစ်ဖြစ် တို့ ကျေနပ်ရမှာပေါ့.."
ခပ်ညည်းညည်းလေးပြောနေသော ပွင့်ဖြူကို စာမရီက လှည့်ကာ စာနာသလို ကြည့်လေသည်။ ပွင့်ဖြူက အမှောင်ထဲကို စူးစိုက်ကြည့်ရင်း..
"တို့ ကြားဖူးတယ်...လောကကြီးမှာ ကိုယ်သေသွားလို့ ငိုနေခဲ့မယ့်သူ ကြေကွဲဝမ်းနည်းနေမယ့်သူမရှိလို့ ရှိရင် အသက်ရှင်နေလဲ ဘာမှမထူးဘူးတဲ့....
တို့ သေလို့ ၀မ်းနည်းမယ့်သူလဲ မရှိဘူးဆိုတော့ တို့ ဘ၀က အသက်ရှင်နေလဲ ဘာမှမထူးဘူးထင်တာပဲ..
ဘာမှန်း မသိပေမယ့် တို့ မင်းကို ကူညီပါ့မယ်....
ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ တို့ ဘေးမှာ စာမရီ...မင်းရှိနေတာပဲလေ..."
ထိုစကားကို ပြောလိုက်ရင်း ပွင့်ဖြူသည် စာမရီဘက်ကို လှည့်ကြည့်လိုက်သည်။ စာမရီ၏ မျက်လုံးများသည် ပွင့်ဖြူဘ၀ကို စာနာပါသည်။ နားလည်ပါသည်။ ဟူသည့် အဓိပ္ပာယ်များအပြည့်ပေါ်နေလေသည်။
စာမရီနှင့် ပွင့်ဖြူသည် တစ်ယောက်နှင့် တစ်ယောက် ငေးစိုက်ကြည့်နေမိလေသည်။
ထိုအခိုက်အတန်....
ထိုအခိုက်အတန့် လေးတွင် ပွင့်ဖြူနှင့် စာမရီသည် တစ်ယောက်နဲ့ တစ်ယောက် နားလည်သွားသလို ခံစားလိုက်ရလေသည်။ (သို့မဟုတ် သူမ စိတ်ထင် တာလည်း ဖြစ်နိုင်ပါသည်။)
တခါတရံတွင် တစ်ယောက်နှင့် တစ်ယောက်နားလည်ရန် (သို့ မဟုတ်) ခင်မင်ရင်းနှီးသွားရန် အချိန်အကြာကြီး၊ စကားလုံးတွေ အများကြီး မလိုအပ်ပါ။ စကားလုံးအနည်းငယ်နှင့် တိတ်ဆိတ်မှု တချို့ ကိုသာလိုအပ်ပါသည်။
ပွင့်ဖြူ အံကြိတ်လိုက်ပြီး မတ်တပ်ရပ်သည်။ ဖုန်းထုတ်ကာ မီးဖွင့်သည်။ ဖုန်းမီးအလင်းရောင်ကြောင့် အရှေ့ ကို အနည်းငယ်တော့ မြင်ရလေသည်။
ပွင့်ဖြူသည် ယိုင်နဲ့နေသည့် သံဆူးကြိုးများကို အနားမှ သစ်ကိုင်းခြောက်ကို ကောက်ကာ ရိုက်ပြီး ဖြတ်ပစ်လိုက်သည်။
ပွင့်ဖြူသည် အမှောင်ထုကြီးထဲကို ဖုန်းမီးအလင်းရောင်ဖြင့် တလှမ်းချင်းဝင်သွားလေတော့သည်။
ဆက်ရန်...