အခန်း - (၄)

473 33 0
                                    

(4)
၆ နာရီပဲ ရှိသေးသော်လည်း ဆောင်းလက်ကျန်သဘာဝကြောင့် မှောင်စပြုနေပြီဖြစ်သည်။
ရဲကားဆီမှ နီတလှည့် ပြာတလှည့် အလင်းရောင်ကြောင့် ပတ်ဝန်းကျင်မှာလဲ နီလိုက်ပြာလိုက်ဖြစ်နေသည်။
ပွင့်ဖြူသည် အုတ်ခုံလေးတွင် ငြိမ်သက်စွာ ထိုင်ရင်း ရုတ်ရုတ်သဲသဲဖြစ်နေသော လူများ၊ ရဲကားများ၊ လူနာတင်ကားများကို ငေးကြည့်ရင်း စိတ်က လွင့်ချင်ရာလွင့်နေလေသည်။
ခက်ခက်ကတော့ မငြိမ်သက်နိုင်ဘဲ အသည်းအသန် ငိုကြွေးနေသည်။ တချက်တချက် ဆိုင်ရာလူများ စစ်ဆေးနေသော အလောင်းဆီသို့ ပြေးသွားမည်လုပ်နေသဖြင့် ဆရာမများနှင့် သူ့ သူငယ်ချင်းများက ဆွဲထားရသည်။
ခက်ခက်ငိုနေသည့်ဟန်မှာ အလွန်သနားစရာကောင်းလှသဖြင့် ကြည့်မိသူတချို့မှာ ၀မ်းနည်းစိတ်များ ကူးစက်ကာ မျက်ရည်စို့ လာသဖြင့် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်နေရလေသည်။
ပြီးလျှင် ကျောက်ရုပ်ကဲ့သို့  မလှုပ်မယှက် မျက်နှာသေကြီးဖြင့် ထိုင်နေသော ပွင့်ဖြူဆီသို့ အကြည့်များရောက်လာကာ မေးငေါ့ကြပြန်လေသည်။
ပွင့်ဖြူမှာ စောစောက သူမ သိလိုက်ရသော အချက်အလက်များကို ပြန်လည်တွေးတောနေမိသည်။
အလောင်းအား စစ်ဆေးချက်အရ စာမရီမှာ မနေ့က သတ်ခံရခြင်း မဟုတ်ဘဲ လွန်ခဲ့သည် နှစ်ပတ်ကျော် သုံးပတ်ခန့် အကြာက အသတ်ခံရခြင်း ဖြစ်သည်ဟု အကြမ်းဖျင်း ခန့် မှန်းထားကြသည်။ ခေါင်းကို တစ်စုံတခုဖြင့် ဖိခြင်းခံရခြင်းကြောင့် သေဆုံးသွားရသည်ဟုလည်း ကောက်ချက်ချထားကြလေသည်။
ပွင့်ဖြူ အလွန်သိချင်သော အရာမှာ မနေ့က သူမတွေ့ ခဲ့သည့်  စာမရီက ဘယ်သူလဲ..?
မနေ့ ကသူမ ရှေ့ မှာ ကောင်လေးက စာမရီခေါင်းကို ပြားနေအောင် နင်းပြီးသတ်သွားသည်ကို သူမမြင်လိုက်ရသည်ပဲလေ....။
အိပ်ရေးပျက်ပြီးပဲ မြင်တာလား...။
အိပ်ရေးပျက်ပြီး မြင်ရအောင်လဲ ကောင်လေးက စာမရီကို သတ်ပြီးနောက် အဲ့ပုံရိပ်က ပျောက်သွားတာမဟုတ်ချေ.....။
ကောင်လေး(လူသတ်သမား)က သူမကို ပါ သတ်ရန် ကြိုးစားသေးသည်ဘဲမလား...လူသတ်သမား ပစ်လိုက်သော တုတ်ကြောင့် ခါးနာနေသည့် ဒဏ်ရာ၊ ပွန်းရာပဲ့ရာများ ၊ သူမလည်ပင်းမှ အညိုအမည်းများက သူမထင်ယောင်ထင်မှား ဖြစ်ခဲ့တာ မဟုတ်ကြောင်း သက်သေခံနေသည်။
ဒါဆို မနေ့ ညက တွေ့ ခဲ့တဲ့ စာမရီ  က ဘယ်သူလဲ?
ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုပဲ ထပ်တလဲလဲ မေးနေမိလေသည်။
သေပြီးသွားတဲ့ စာမရီ ၀ိဥာဉ်လား..
သို့မဟုတ် စာမရီနဲ့ တအားရုပ်ဆင်တဲ့ သူလား
သို့ မဟုတ် စာမရီမှာ အမြွာ ရှိတာလား.
ရုတ်တရက် စာမရီအလောင်းကို ထုတ်ပိုးထားသည့် တွန်းလှည်းပေါ်မှ အိတ်ဆီ အကြည့်ရောက်သွားသည်။
စာမရီ ရယ်...နင့်အတွက် အမှန်တရားတစ်ခုကို ငါဘယ်လို ဖော်ထုတ်ပေးရမလဲဟာ....
ပွင့်ဖြူ ခေါင်းတွေ နောက်လာသောကြောင့် နဖူးပေါ်မှဆံပင်များကို ဆွဲသိမ်းကာ နောက်သို့ ပို့ လိုက်မိသည်။ ပြီးတော့ အပေါ်ဘက်ကို လေပူတစ်ချက်မှုတ်လိုက်မိသည်။
xxxxxxxxxxxxxxxxx
အဆောင်သို့ ပြန်ရောက်လာသည်နှင့် ပွင့်ဖြူ ခေါင်းမှာလောင်းကာ ရေချိုးပစ်လိုက်သည်။ ဆောင်းတွင်းမို့ အေးစက်နေသော ရေများက ပွင့်ဖြူရင်ထဲက သောကများကို မအေးစေပါ။ တခွက်ပြီး တခွက် လောင်းချိုးနေမိသည်မှာ ဘယ်လောက်ကြာသွားသည်မသိ ဇင်ဇင်အော်မှ ပွင့်ဖြူ ရပ်မိသည်။
အ၀တ်အစားလဲပြီးသွားသည်နှင့် ရေများကို ပြီးစလွယ်သုတ်ကာ ကုတင်ပေါ် ထိုင်နေမိလေသည်။ ဇင်ဇင်က ရေစိုနေသောကြောင့် လုံးနေသော ဆံပင်များကို မြင်သောအခါ တဘက်ယူလာပြီး ပွင့်ဖြူခေါင်းကို ပြောင်အောင် သုတ်ပေးသည်။ ပြီးတော့ hair coat လိမ်းပေးပြီး dryer နဲ့ သေချာမှုတ်ပေးလေသည်။
ပွင့်ဖြူလည်း ဘာမှမပြောမိဘဲ ဇင်ဇင် လုပ်ပေးသမျှကို ငြိမ်ခံနေမိသည်။
ပြီးတော့ စောစောကလိုပဲ ကုတင်ပေါ် ပြန်ထိုင်နေလေသည်။ ဇင်ဇင်က တော့ ဘာမှမပြောတော့ဘဲ ခေါင်းယမ်းကာ ထွက်သွားသည်။ထိုစဉ် ph မြည်လာသဖြင့် ပွင့်ဖြူလဲ ခက်ခက်ဆီမှဖြစ်နေသောကြောင့် ကောက်ကိုင်လိုက်သည်။
"အင်း ပြောခက်ခက်"
"မပွင့်ဖြူ...." ခက်ခက်အသံက အေးစက်ခြောက်ကပ်နေသည်။
"ညီမ အမအဆောင်ရှေ့ ရောက်နေတယ်..စကားပြောရအောင် ထွက်ခဲ့ပါလား"
ပွင့်ဖြူလဲ ဘာမှပြန်မဖြေတော့ဘဲ ဖုန်းချလိုက်ကာ အနွေးထည်တစ်ထည်ဆွဲယူပြီး အဆောင်ရှေ့ ထွက်ခဲ့လိုက်သည်။
ခက်ခက်က ဒန်းပေါ်ထိုင်နေသဖြင့် ပွင့်ဖြူလည်း ဘေးမှာ ၀င်ထိုင်လိုက်သည်။
ခက်ခက်သည် မို့ အစ်နေသော မျက်လုံးများနှင့် သူမကို တချက်ကြည့်ကာ
"အစ်မ ညီမတစ်ခုစဉ်းစားနေတာ..စာမရီက ဆုံးသွားတာ သုံးပတ်လောက်ရှိပြီဆိုရင် ဘာလို့  မနေ့ညက စာမရီ့ ကို အစ်မမြင်တာလဲ..အဲ့ဒါကို ညီမနားမလည်နိုင်ဘူး "
ပွင့်ဖြူလဲ ဒါကို နားမလည်ဖြစ်နေသည်မို့ ခက်ခက်ကို မဖြေနိုင်ချေ။
"အစ်မလဲ မသိဘူး ညီမ"
ခက်ခက်က ရုတ်တရက်ထလိုက်ပြီး သူစီးလာသည့် ဆိုင်ကယ်ပေါ် တက်ခွကာ
"အစ်မ ညီမနဲ့ လိုက်ခဲ့...မိန်းဆောင်သွားရအောင် ညီမတို့ တစ်ခုခုများသိနိုင်မလားလို့လေ"
ပွင့်ဖြူလဲ ဘာမှစဉ်းစားမနေတော့ဘဲ သူမနောက်တွင် ၀င်ထိုင်လိုက်သည်။
xxxxxxxxxxxxxxxxx
"စာမရီက ဘယ်နားမှာ ထိုင်နေတာလဲအမ"
ပွင့်ဖြူက သူမမြင်ခဲ့သည့် နေရာဆီ လျောက်သွားပြီး
"ဟောဒီနေရာမှာ မြင်ခဲ့တာ..ဒီဘေးမှာ အဲ့ဒီကောင်လေး ထိုင်နေခဲ့တယ်.."
မိန်းဆောင်အောက်တွင် ခက်ခက်က ပွင့်ဖြူမြင်ခဲ့သည်များကို အသေးစိတ်ပြန်လည် မေးမြန်းနေခြင်း ဖြစ်သည်။
"အစ်မမြင်တာ စာမရီ ရဲ့ ဝိဥာဉ်ပဲ ထင်တယ်နော်..."
ပြောချင်ရာပြောပြီးမှ ခက်ခက်ရော ပွင့်ဖြူပါ ကျောထဲမှ စိမ့်ကာ ကြက်သီးများ ထကုန်လေသည်။ အထူးသဖြင့် ပွင့်ဖြူမှာ စာမရီ ခေါင်းတက်နင်းခံရသည့်မြင်ကွင်းကို ပြန်မြင်ယောင်မိကာ အနည်းငယ် ကြောက်မိသွားလေသည်။
စာမရီသေဆုံးသည်မှာ သွေးရိုးသားရိုး မဟုတ်ဘဲ ပိုးစိုးပက်စက် အစိမ်းသေ သေရခြင်းဖြစ်သောကြောင့် သူမသည် ကျွတ်လွတ်မည့်ဟန် မရှိချေ..။
တကယ်ပဲ စာမရီ ၀ိဥာဉ် ဟာ သူမကို ဒီမြင်ကွင်းကို ပြန်လည် ပြသခဲ့တာလား..။ ဘာကြောင့်ပြသခဲ့တာလဲ..။ ပွင့်ဖြူသည် တစ်စုံတရာကို စဉ်းစားမိကာ...
"ဒီလိုများ ဖြစ်မလား..ခက်ခက် အစ်မကို စာမရီ က သူ့ လိုမဖြစ်စေချင်လို့ များ ဒီမြင်ကွင်းကို မြင်အောင် ပြပြီး ပြေးအောင် လုပ်ခဲ့တာများလား.....အစ်မစိတ်ထင် အဲ့ဒီကောင်လေးဟာ လူသတ်သမား မှန်း အစ်မသိအောင် ဒီမြင်ကွင်းကို ပြန်ပြ ခဲ့တာ ဖြစ်မယ်ထင်တယ်...."
"ဒါဆို စာမရီက အစ်မကို ကယ်ဖို့ ကြိုးစားခဲ့တာပေါ့"
ပွင့်ဖြူလည်း အဲ့လိုတော့ မဖြေနိုင်ချေ...။ ဖြစ်နိုင်ချေရှိတာကို တွေးနေရတာ ဖြစ်သည်။
တွေးတောရင်းနှင့် ကြက်သီးများ တဖြန်းဖြန်းထနေသဖြင့် ကြောက်စိတ်ကို ထိန်းနေရသည်။
ခက်ခက်လဲ သူမလိုပင် ထိန်းနေဟန်ရလေသည်။
ထိုစဉ် မီးချောင်းများမှာ မှိတ်တုတ် မှိတ်တုတ်ဖြစ်ကုန်လေသည်။
ထို့နောက် ရှိရှိသမျှ လျှပ်စစ်မီးများအကုန် မှိတ်သွားကာ မှောင်အတိကျသွားလေသည်။
ပွင့်ဖြူနဲ့ ခက်ခက်သည် ဘာမှ မမြင်ရတော့။
ခဏအကြာတွင် အလွန်စိုးရွားသော အနံများ ရလာလေ၏။
မီးများ တဖြတ်ဖြတ်နဲ့ ပြန်လင်းလာပြန်သည်။
လေမတိုက်ပါဘဲနှင့်  အိမ်သာ တံခါးက ချိုင်းကနဲ့ ပိတ်သွားသည်။
ပွင့်ဖြူနဲ့ ခက်ခက်တို့သည်  အလွန် ကြောက်လန့်လျက်ရှိနေလေပြီ။
မီးတွေက မှိတ်တုတ် မှတ်တုတ် ဖြစ်ကာ မှိန်ပျပျ ဖြစ်သွားလေသည်။
ပွင့်ဖြူ မီးချောင်းကို မော့ကြည့်နေစဉ် ခက်ခက်က သူမလက်ကို လာဆွဲသဖြင့် ခက်ခက်ကို ကြည့်လိုက်ရာ ခက်ခက် ကတနေရာကို ညွှန်ပြနေလေသည်။
မှိန်ပျပျ အလင်းရောက်အောက် ကော်ရစ်ဒါတွင် မိန်းကလေးတစ်ယောက်လမ်းလျှောက်နေသည်ကို တွေ့ရလေသည်။
ဘုရားရေ. စာမရီပါလား
ကျောပေးလျှောက်နေသောကြောင့် မျက်နှာကို မမြင်ရသော်လည်း ခန္ဓာကိုယ်အချိုးအစားနှင့် အ၀တ်အစား အရ စာမရီဖြစ်ကြောင်း သိနေရလေသည်။
အ၀တ်အစားကလည်း သွေးတွေ ရွှဲနေသည်။ သွေးများသည် ဆံပင်မှ တစ်စက်စက် စီးကျနေလေသည်။
သူမသည် ပွင့်ဖြူတို့ ကို မကြည့်ဘဲ တနေရာဆီကို လျောက်သွားနေလေသည်။
ပွင့်ဖြူနှင့် ခက်ခက်တို့ သည် စကားပင်မပြောနိုင်ဘဲ ကြောက်လွန်းသဖြင့် တဆတ်ဆတ်တုန်နေလေသည်။
သူမတို့ ကို ကျောပေးကာ လျှောက်နေသော စာမရီသည် ရုတ်တရက် သူမတို့ ဘက်ကို ဆတ်ကနဲ့ လှည့်ကြည့်လေသည်။
သူမ၏ ခေါင်းသည် ပြားလျက်ရှိပြီး..မျက်လုံးတစ်ဖက်မှာ လစ်လပ်နေလေ၏...။
ဟထားသော ပါးစပ်ထဲတွင် သွားများမှာ ကြေမွနေပြီး တချို့ နေရာများတွင် သွားမရှိတော့ချေ...
နှာခေါင်းမှာလဲ ပြားနေသည့်အပြင် ပါးတဖက်မှာ ချို င့်နေလေသည်။
ဆိုးဝါးလှသည့် အပုပ်နံ့ မှာလည်း သူမတို့ ဆီကို လေနှင့်အတူတူ တချက်တချက် ရောက်လာလေသည်။
ပွင့်ဖြူရော ခက်ခက်ပါ နှစ်ယောက်သား မလှုပ်မယှက် မျက်လုံးအပြူးသားဖြင့် ထိုအရာကြီးကို ကြည့်နေမိလေသည်။
လက်များ နှုတ်ခမ်းများမှာလည်း ကြောက်စိတ်ကြောင့် တဆတ်ဆတ် တုန်နေလျက်ရှိလေသည်။
ရုတ်တရက်ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်သွားလေသည်။
ဘာသံမှပင် မကြားရတော့။
အားလုံးငြိမ်သက်နေကြလေသည်။
ထို့နောက် ထိုအရာကြီးသည် အားကနဲ့  စူးရှစွာ အော်လိုက်ပြီး သူမတို့ ဆီသို့ လက်တဖက်ကို ဆန့် တန်းကာ တလှမ်းချင်း လျှောက်လာလေသည်။
တဖြည်းဖြည်းနီးလာတော့မှ ပွင့်ဖြူလဲ သတိဝင်လာကာ ကြောင်နေသော ခက်ခက်ကို ဆွဲရလေသည်။
ခက်ခက်ကို ဆွဲလိုက်သော်လည်း ခက်ခက်က ပါမလာဘဲ ပျော့ခွေကာလဲသွားသဖြင့် ပွင့်ဖြူပေါ်ပိပြီး ပွင့်ဖြူပါ လဲကျသွားလေသည်။
ထိုအရာကြီးသည် လဲကျနေသော သူမတို့နားရောက်လာသည့်အချိန်မှာပင်
မှိတ်တုတ် မှိတ်တုတ် ဖြစ်နေသော မီးမှာလည်း ဖျက်ကနဲ့ လုံးဝပိတ်သွားတော့သည်။
ပွင့်ဖြူဘာမှမမြင်ရ
ထိုစဉ်မှာပင် ငယ်သံပါအောင် အော်လိုက်သော ခက်ခက် အသံကိုကြားလိုက်ရသည်။
"အား  အမ အမ  ဆွဲနေပြီ   ညီမကို ကယ်ပါ......"
ပွင့်ဖြူလဲ ခက်ခက်အား အမှောင်ထဲတွင် လိုက်စမ်းကာ ရှာကြည့်လေသည်။ ထို့နောက် ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်သွားသည်။
"ဖျတ် ဖျတ် ဖျတ် ဖျတ်"
မီးများ ပြန်လင်းလာသည်။
ပွင့်ဖြူသည် လေးဘက်ထောက်လျက်သား ဖြစ်နေရာမှ ကြောင်တောင်တောင်လေး မတ်တပ်ထရပ်လိုက်သည်။
ဘယ်သူမှ မရှိကြတော့။
မိန်းဆောင်အောက်တွင် ပွင့်ဖြူ တယောက်ထဲသာ မတ်တပ်ရပ်လျက် ရှိနေလေသည်။
ဆက်ရန်....

ထိုကဲ့သို့လည်းWhere stories live. Discover now