အပိုင်း - ၃

3.4K 424 28
                                    

ချန်ယော တစ်ကိုယ်လုံး လွင့်ထွက်သွားသလို ခံစားလိုက်ရသည်။

နွေရာသီကူးပြောင်းကာစမျိုးတွင် ရတတ်သည့် နွေးထွေးသောလေထုက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။ ထိုလေထုက ချန်ယောရဲ့ ကိုယ်အတွင်းကို ပူလောင်စေသည်။ တစ်ကိုယ်လုံး အရည်ပျော်ကျတော့မလို ပူလောင်လာသည်။ တစ်လောကလုံး မှောင်မည်းပြီး တိတ်ဆိတ်နေသော်လည်း အကြောက်တရားတို့ ကင်းစင်နေသည်။ တိမ်များကြားတွင် လွင့်မျောနေရသလို ပေါ့ပါးစွာ ခံစားနေရသည်။ စိတ်ဝိဉာဉ်မှာလည်း ငှက်မွေးကဲ့သို့ အလေးချိန်မရှိသော ဒြပ်ထုတစ်ခုလို ခံစားရသည်။ နှစ်ပေါင်းများစွာကြာအောင် ထိတ်လန့်မှု၊ စိုးရိမ်မှုများဖြင့်သာ နေခဲ့ရသော်လည်း ယခုအခါတွင် မမြင်ရသော တစ်စုံတစ်ခုက စိုးရိမ်စရာမရှိကြောင်း ပြောပြထားသကဲ့သို့ စိတ်ထားမှာ တည်ငြိမ်နေသည်။ ဒီလိုငြိမ်းချမ်းမှုမျိုးသည် ချန်ယော ကလေးဘဝကတည်းက ပျောက်ဆုံးခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ ကလေးဘဝတုန်းက အရာအားလုံးကို အကြောက်အလန့်ကင်းခဲ့သလို၊ ကြောက်မက်ဖွယ် အိမ်မက်ဆိုးများမှာလည်း မမက်သေး။ ထို့ကြောင့် ရင်တုန်ပန်းတုန် အိပ်ရာနိုးတာမျိုးလည်း မဖြစ်ဖူးသေး။ ချန်ယောအတွက် ငြိမ်းချမ်းမှုဆိုသည်မှာ သူအသက် ၆နှစ် မတိုင်ခင်က အချိန်တွေမှာဘဲ တွေ့ခဲ့ဖူးတာမျိုး။

ချန်ယော သူ့ကိုယ်သူ သေလားရှင်လားမသိချေ။ တစ်ကိုယ်လုံးထုံကျင်နေတာကို ကြည့်ပြီးတော့ သေသွားတာဖြစ်ဖို့များလိမ့်မည်။ သေခြင်းတရားသည် တုန်လှုပ်သင့်သောအရာဖြစ်သော်လည်း ထူးဆန်းစွာ တည်ငြိမ်မှုသာ ခံစားရသည်။ ကိုယ်နဲ့ စိတ်နဲ့ မမြဲတော့တာကတော့ သေချာသည်ဟုထင်သည်။ ဘယ်ရောက်လို့ ဘာဖြစ်နေမှန်းတော့ ချန်ယောမသိပါချေ။

ချန်ယောစိတ်ထဲတွင် နောက်ဆုံးမှတ်မိတာက ကားလမ်းမပေါ် ရောက်သွားခြင်းနှင့် ကားဟွန်းတီးသံကို ကြားရခြင်း။ သို့သော် ထိုအရာများသည်လည်း အဝေးက သူနှင့်မဆိုင်သည့် အရာမျိုးလို ဘာမှ တိတိကျကျ ရေရေရာရာ မမှတ်မိ။ ဘာဖြစ်ခဲ့တာလည်း ဆိုသည့်အကြောင်းကို စဉ်းစားတာနဲ့တင် စိတ်ပင်ပန်းလာသည်။ ထို့ကြောင့် ထိုကိစ္စကို လက်လျှော့လိုက်ပြီး နောက်မှပဲ ထပ်စဉ်းစားတော့မည်ဟုတွေးမိသည်။

မင်းသားလေးကို ကယ်တင်ခြင်းDonde viven las historias. Descúbrelo ahora