ဒီမိုကရေစီနှင့် အစိုးရ
***************
လူအချို့သည် အစိုးရကို နိုင်ငံတော်ဟု ထင်နေတတ်ကြသည်။ အမှန်စင်စစ် အစိုးရသည် နိုင်ငံတော် မဟုတ်ချေ။ အစိုးရသည် ပြည်သူမှရွေးကောက် တင်မြှောက်ထားသော နိုင်ငံ၏အမြင့်ဆုံး ပြည်သူ့ဝန်းထမ်းအဖွဲ့အစည်းသာ ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုတို့သည် မိမိတို့နှင့်ထိုက်တန်သော အစိုးရကို မိမိတို့ကိုယ်တိုင် ရွေးချယ်ကြရခြင်း မည်၏။ အသို့ဆိုလျှင် ကျွန်တော်တို့၏ မြန်မာနိုင်ငံတော်သည် ရှေးခေတ်အဆက်ဆက်ကကော အစိုးရကို ထိုကဲ့သို့ ရွေးချယ်တင်မြှောက်ခဲ့ကြသည်လားဟု မေးစရာရှိလေသည်။ ထိုမေးခွန်းကို သိရန်အတွက် ကျွန်တော်တို့်သည် မြန်မာနိုင်ငံရေးလမ်းကြောင်းကို ပြန်ကြည့်ကြရမည်ဖြစ်သည်။ ထိုသို့ ပြန်ကြည့်သောအခါ မြန်မာနိုင်ငံရေးသည် အာဏဖီဆန်ရေးလမ်းစဉ်၊ ပုဂ္ဂိုလ်မုန်းတီးရေးလမ်းစဉ်တို့နှင့်အတူ အတ္တများကြီးစိုးနေမူများကို တွေ့မြင်ရလေသည်။Richard Heffenderက လူလူချင်း တစ်ဦးပေါ်တစ်ဦး မှီခိုအားထား စုစည်းခြင်းဖြင့်သာ လူအများစု၏ စိတ်နှလုံးကို ကြီးမားလာစေနိုင်ပြီး ဒီမိုကရေစီနိုင်ငံများတွင် စုပေါ်င်းဖွဲ့စည်းခြင်းပညာသည် သိပ္ပံပညာရပ်အားလုံး၏ မိခင်ဖြစ်သည်ဟု ဆိုထားသည်။ ထိုအတိုင်းပင် ကျွန်တော်တို့သည် ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် ပြည်သူများအနေဖြင့် မိမိ ကိုယ်ကို စောင့်ထိန်းခြင်း၊ စည်းကမ်းလိုက်နာခြင်းတို့နှင့်အတူ စောင့်ထိန်းသင့်သည့် အပြုအမူများနှင့် ကျင့်ဝတ်များကို လိုက်နာကြဖို့ လိုသည်။ ဒီမိုကရေစီသည် ညီမျှမူနှင့်လွတ်လပ်မူဟူသည့် အဓိပ္ပါယ်ကို ဖော်ဆောင်ပါသော်လည်း အရာခပ်သိမ်းကို ထင်သလိုလုပ်ဆောင်ခွင့် ပေးထားခြင်းမျိုးမဟုတ်ပေ။ ဒီမိုကရေစီစနစ်တွင် လူတစ်ဦမှ လွတ်လပ် မူနှင့် ရပိုင်ခွင့်များကို ဖော်ဆောင်ရာ၌ အခြားလူတစ်ဦးကို ထိခိုက်နစ်နာစေခြင်းမျိုး မရှိရချေ။ ထိုကြောင့် နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီစနစ် အောင်မြင်မူသည် ပြည်သူများမှ စည်းကမ်းကို စောင့်ထိန်းခြင်းနှင့် ထိုစည်းကမ်းကို အရည်အသွေးမြှင့်ပေးခြင်းတို့နှင့်လည်း သက်ဆိုင်လေသည်။ သို့ဖြင့်၍ မြန်မာ့နိုင်ငံ၏ ဒီမိုကရေစီသမိုင်းသည် မည်မျှတန်းဖိုးမြင့်ခဲ့သည်၊ မည်မျှတန်ဖိုးနိမ့်ခဲ့သည်တို့ကိုလည်း ပြန်လည်လေ့ လာရန် လိုပြန်သည်။ သို့မှသာ မိမိတို့သည် အဘယ်ကြောင့် စည်းကမ်းလိုက်နာသင့်သည်ကို သိရှိကြရလိမ့်မည် ဖြစ်သည်။