Jong Dae

430 44 4
                                    

ကျွန်တော်သည် ဘယ်သူလဲဆိုတာပင် မေ့သွားချင်သည်အထိ ကျွန်တော့်ဘဝသည် ပင်ပန်းလွန်းလှသည်။ နေ့စဉ် တွေ့ကြုံရသည့် ကိစ္စများသည် တူညီစွာ ကျွန်တော့်အတွက် အမြဲ ခက်ခဲစေလျက်။ ထမင်း နပ်မှန်ဖို့ရန်ပင် မသေချာသည့် ကျွန်တော့်ဘဝကို ကျွန်တော်မုန်းလှသည်။

ထိုသို့ ကြုံတွေ့နေရသော ကျွန်တော့်၏ အသက်သည် အသက်အရွယ် ကြီးမားနေသော ၂၀ကျော် ၃၀ကျော် လူကြီး တစ်ယောက် မဟုတ်ခဲ့။ ဘာဆိုဘာမှ နားမလည်သေးသော ဆယ်ကျော်သက် ကလေးတစ်ယောက်သာ။ ထိုအရွယ်တွင် မိဘများမရှိပါလောဟု မေးသော် ကျွန်တော်သည် ကိုယ့်ကိုကိုယ်ပင် မသိသေးသည့်အချိန်ကတည်းက စွန့်ပစ်ခံရသည်ဟု အတူနေ လူကြီးအချို့က ပြောပြကြသည်။

စွန့်ပစ်သွားသည့်အတွက်တော့ ကျွန်တော် ဝမ်းမနည်း .. ဒီအရွယ်နှင့် ကိုယ်တစ်ယောက်တည်းကိုပင် စားရသောက်ရ ခက်ခဲနေသည့်အချိန်တွင် ကျွန်တော့် မိဘများလည်း မတတ်နိုင်သောကြောင့် စွန့်ပစ်ခဲ့သည်ဟု ယုံကြည်သောကြောင့်ပင်။ ထိုအတွက်လည်း ကျွန်တော် သူတို့အား အပြစ်မမြင်ပေ။

ယခု ကျွန်တော့်တွင် အိမ်ရှိသည်။ တံတားများ၏အောက်တွင် လူအချို့နှင့် လိုက်ကာ လှဲလျောင်းလျက် ကျွန်တော့်အတွက် နေရာ ရစမြဲပင်။ ဆောင်းရာသီဆိုလည်း အေးခဲမည်ကို ပူစရာမလို။ အချင်းချင်း စည်းရုံးကာ ပူးကပ်နေပါက နွေးထွေးစမြဲပင်။ ထိုသို့မဟုတ်တောင် အစာတစ်ခုရှာတွေ့ပါက ငယ်သည် ကြီးသည် ဂရုမစိုက် အမြဲ လုနေရသောကြောင့် ချွေးဆိုသည် ကျွန်တော်တို့လို လူတွေအတွက် အဖော်တစ်ယောက်လိုပင်။

ထိုသို့ နေစရာအတွက် မပူရတောင် စားစရာသည် ကျွန်တော့်အတွက် အကြီးမားဆုံး ပြဿနာတစ်ခု။ အမြဲဆာလောင်နေသော လူများအတွက် စားစရာတစ်ခုအတွက် အသက်ဆုံးရှုံးရမည်ပင် မမှု။ အစားအစာ ရရှိသူ လက်ထဲမှ လုယူရန် အမြဲ ချောင်းနေလျက်ပင်။

မည်သို့ပင် ဆိုစေကာမူ တစ်ခါတစ်ရံ လူကောင်းများဟု ယူဆရသူများသည် စားစရာများ တစ်ကူးတက လာပေးတတ်သလို လမ်းသွားရင်း တွေ့ရင် စားစရာများ ပေးသွားတတ်ကြသည်။ သူတို့ကို ကျွန်တော်တို့လို လူများသည် ကောင်းကင်က စောင့်ရှောက်သူများဟု တိတ်တဆိတ် ခေါ်ဆိုကြလေသည်။

သို့ဖြင့် ကျွန်တော်တို့အား နေ့စဉ်နဲ့အမျှ နောက်က လိုက်ရိုက် .. တွေ့တာနဲ့ ရွံ့ရှာစွာ ဖယ်ဖွာသွားသူများကို ကျွန်တော်တို့ တိတ်တဆိတ် ဘယ်လိုခေါ်ဆိုသင့်ပါဘိ။ သူတို့ကတော့ ပေါ်တင်ခေါ်ဆိုကြပါသည်။ နားထောင်ဖို့ အင်အား မရှိလောက်အောင် ရိုင်းဆိုင်းလှသော နာမည်မျိုးစုံကို .. ထိုကဲ့သို့ မျိုးစုံသော နာမည်များကြောင့် ကျွန်တော့်နာမည်အရင်းပင် ကျွန်တော့် အခုဘဝအတွက် မလိုတော့သယောင်။

ဘယ်သူမှ ရေးကြီးခွင်ကျယ် မမေးခဲ့ပေမယ့် ကျွန်တော့်နာမည်ရှိခဲ့သည်။ 'ဒေး' ဟူ၍ပင် ..

ညဘက် အိပ်ရာဝင်တိုင်း မက်သည့်အိပ်မက် တစ်ပိုင်းတစ်စတိုင်းတွင် ဒေး ဆိုသည့် ခေါ်သံလေးသည် အမြဲကပ်ပါစမြဲ။

အများပြောကြားပါသည်။  စွန့်ပစ်ခဲ့သည့်အချိန်တုန်းက ထားခဲ့သော စာရွက်အပိုင်းအစပေါ်ရှိ ကျွန်တော့်နာမည်သည် Jong Daeဟူ၍ .. ထင်ရတာတော့ ကျွန်တော့်မိဘများ ကျွန်တော့်အား မစွန့်ပစ်ခင် အချိန်ကာလ တစ်ခုက ဒေးဟူ၍ တစ်ခုတ်တရ ခေါ်ခဲ့ကြမည်ပင်။

#Jong Dae

Walk on memoriesWhere stories live. Discover now