1.5K 55 0
                                    

တကယ်တန်း အချစ်တစ်ခုကို အခြေတည်ပြီး ဘ၀တစ်ခုဆို တည်ဆောင်ခြင်းဆိုတာ အပြောလွယ်သလောက် လက်တွေ့ခက်လှသည်။ နားဝင်ချိုသလောက် လမ်းကကြမ်းသည်။ ကျောင်းစာတစ်ဖက်၊ ခြံတစ်ဖက်နှင့်( ခြံထဲတွင် ဂန္ဓမာပန်းများစိုက်ပြီး ဈေးတွင် ဖောက်သည် သွင်းရန် သူတို့နှစ်ဦးတိုင်ပင်ခဲ့ပြီးဖြစ်သည်) အလွန်ပင်ပန်းသည်။ နေပူ၊ မိုးရွာ ဒဏ်နှင့် အသား အရည်များ ကြမ်းတမ်းနေသော သုတခကို ကြင်နာစွာကြည့်လိုက်သည်။
ညီလေးရယ်။ မင်းလဲ ကိုယ့်ဘ၀ထဲကို ၀င်လာမှပဲ ပင်ပန်းနေပြီ၊ တစ်နေ့၊ တစ်နေ့ ကျောင်းတက်ရ၊ ကျူရှင်တက်ရနဲ့ ပင်ပန်းပါတယ်ဆိုမှ ညနေစောင်း လို့ အိမ်ပြန်ရောက်ရင်၊ ပန်းပင်တွေကို ရေလောင်း ပေါင်းသင်၊ ဒါနဲ့တင်မပြီးသေး။ မနက်ကျရင် အစောကြိး ဈေးထဲ သွားပြီး ပန်းတွေ လိုက်သွင်း၊ ပန်းဖိုးလိုက်ကောက်လုပ်နေရတာ မင်းပင်ပန်းလွန်းပါတယ်။ မင်းလက်ဖ၀ါး တွေလဲ ကြမ်းတမ်းလာမှန်း ကိုယ်သိပါတယ်။ မင်းကို အားနာစွာနဲ့ ကျေးဇူး တင်ပါတယ်ကွာ။ မင်း စိတ်မပျက်အောင်၊ မင်းစိတ်ဓာတ်မကျအောင် ကိုယ်အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။
'ဟေ့လူကြီး ဘာတွေ တွေးပြီး အချောင်ခိုနေတာလဲ၊ ဒီမှာ တစ်ယောက်တည်း သိမ်းကျုံးလုပ်နေတာကို…´
ပန်းပင်များကို ရေလောင်းရင်း နှုတ်ခမ်းစူစူဖြင့် လှမ်းမာန်နေသော သုတခကို ကြည့်ပြီး ပြုံးလိုက်သည်။
'အာ အချောင်ခိုတာမဟုတ်ပါဘူး။ င့ါညီလေးက ပင်ပန်းတယ်ဆိုတော့ ညကျရင် ညဈေးတန်းမှာ မုန့်လိုက်ကျွေးရင်ကောင်းမယ်လို့တွေးနေတာ။´
'အပိုတွေ မလုပ်စမ်းပါနဲ့ မောင်ရာ။ ဒါတွေက ပါးမွှားလေးတွေ။ ဘ၀အတွက်ပဲ လုပ်ရမှာပေါ့ဗျ။ ညီလုပ်နိုင်ပါတယ်.။´
'လုပ်နိုင်မှန်းတော့သိတာပေါ့ဗျ။ ဒါပေမယ့် ကိုယ်က ညီ့အတွက် လုပ်ပေးချင်တာပါ။ ဒါနဲ့ ဒီတစ်ပါတ် စနေနေ့ကျရင် ကျူရှင်းမရှိဘူး၊ ရွှေတောင်ဦးသွားကြရအောင်လေ။´
'ရွှေတောင်ဦးကြီးပဲ သွားလှချည်လား။ဒီတစ်ဖြတ်ကျောင်းတတ်တာ။ ဗောဓိတစ်ထောင် မရောက်သေးဘူး။ ဘောဓိတစ်ထောင်သွားတာမှ ဟုတ်ဦးမယ်။ ပြီးတော့ မိုးညှင်းသမ္ဗုဒ္ဒေ လဲ ၀င်ဖူးလို့ရတာကို။ ဘောဓိတစ်ထောင်ပဲ သွားကြမလား။´
'အင်း ဟုတ်တော့လဲဟုတ်ပါတယ်။ ထန်းဇလုပ်နဲ့ ရွှေတော်ဦးက ရောက်တာများနေပြီ။ ပြီးတော့ မိုးနည်းနည်း နည်းလာရင် ဗိုလ်ဝင်တောင်လဲ သွားရအောင်လေ။ တွင်းတောင်ဖက် ရော။´
'အာ တွင်းတောင်က ထပ်မသွားချင်တော့ပါဘူး။ ဆေးနံ့တွေက ဖြင့် နံကနံနဲ့။´
သုတခပြောတာလဲဟုတ်တော့ဟုတ်သည်။ ဒုတိယနှစ် ဒုတိယနှစ်ဝက် တက် ကတည်းက ပိတ်ရက်တိုင်းနီးနီး နှစ်ယောက်အတူတူ ဘုရားစုံဖူးကြသည်။ သွားသည့်နေရာ များလဲ နှံ့လာသည်။ ချစ်သူနှစ်ဦး ဘုရားမှ အတူတူ ဆုတောင်းခဲ့ကြသည်။ ကြည်နူးခဲ့ကြသည်။ ချင်းတွင်းမြစ်ကမ်းတွင် ကြင်နာစွာ နမ်းရှိုက်ခဲ့ကြသည်။ ချင်းတွင်းတံတားပေါ်တွင် သီးချင်း ပြိုင်တူ ဆိုခဲ့ကြသည်။ မုံရွာတွင်လာလုပ်သော ရှိုးပွဲများးကို အတူတူ ကြည့်ခဲ့ကြသည်။ သန်းခေါင်ယံတိတ်ဆိတ်ချိန်တွင် ကျောက္ကာလမ်းပေါ်တွင် စိန်ပြေးတမ်း ဆော့ခဲ့ကြသည်။
'ဟေ့လူကြီး ဘာတွေစဉ်းစားနေပြန်ပြီလဲ။ မေးနေတာကြားလား။´
'အဲ ဟင်.. ဘာကိုပြောတာလဲ။ မသိလိုက်ဘူး။´
'ထင်သားပဲ ညီ့မှာဖြင့်တစ်ယောက်တည်းအရူးလိုကြီးပြောနေတာ။ ခြံနာမည်ကို ဘယ်လိုပေးမလဲလို့ ။ ခြံနာမည်လေး ရှိရင်ကောင်းတာပေါ့။´
'ခြံနာမည်။ အင်း ရတနာဗိုလ်စံအိမ် လို့ပေးမလား။´
'အာ… ဘယ့်နှယ့်ဟာကြီးတုန်း မမိုက်ပါဘူး။´
'ဒါဆိုရင် တူနှစ်ကိုယ်တိုင်းပြည်။´
'အာ အဲဒါက ကိုင်ဇာသီချင်းကြီးလေ။´
'အင်း ကိုင်ဇာသီချင်းမကြိုက်ရင် ကံ့ကော်တောမျိုးအောင် အဲ… ကံ့ကော်တော.. မဟုတ်သေးပါဘူး။ ဂန္ဓာမာတောလို့ပေးမလား။´
'အာ တစ်ခုမှမမိုက်ဘူး။ ဂန္ဓာမာမြိုင်လို့မပေးလို့တော်သေးတယ်။´
ရှုံ့မဲ့ကာပြောနေသာ သုတခကို ကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
'ရော်… သေချာလဲမစဉ်းစားဘူး။ ပေါ့ပေါ့တန်တန်နဲ့။´
'ဒါဆို ညီပေးကြည့်။´
'ညီကတော့ သီးသန့်ကမ္ဘာလို့ပေးမလားလို့။ မဟုတ်လဲ အေးချမ်းဘုံဆိုရင်ကော။´
'အင်း သီးသန့်ကမ္ဘာကတော့ ဟုတ်တုတ်တုတ်ပဲ။ အေးချမ်းဘုံက တော့ သူများခြံတွေ လဲ သုံးကြတာ ဆိုတော့ သိပ်မမိုက်ပါဘူး။´
'အင်းပါ ဒါဆို နောက်မှစဉ်းစားကြတာပေါ့။ ကဲကဲ အစ်ကိုလဲ ပစ္စည်းတွေသိမ်းတော့။ မိုးချုပ်ခါနီးပြီ၊ ဒီညမိုးရွာမလားမသိဘူး။ စောစောရေချိုးပြီး စောစောနားမှ ရမယ်။´
ပစ္စည်းပစ္စယျများ သိမ်းဆည်းချိန်နေသော သုတခက တစ်စုံတစ်ခုကို သတိရဟန်ဖြင့် လှမ်းမေးလိုက်သည်။
'ဒါနဲ့ညီ မချောက ဒီနေ့ပန်းဖိုး လာပေးသေးလား။´
'ဟင့်အင်းမပေးသေးဘူး။ ဒီနေ့လဲမပေးနိုင်သေးဘူးတဲ့။´
'ဟာ သူတို့လဲများနေပြီနော်။ ငါးသောင်းလောက်တောင်ရှိတော့မယ်။ အယ် ဘယ်ကမလဲ ခုနစ်သောင်းတောင် ပြည့်ရင်ပြည့်နေလောက်ပြီ။´
မချောဆိုတာက သူတို့ခြံနှင့်အနီးဆုံး မြေကွက်မှ တဲစောင့်သည့်မိသားစုမှဖြစ်သည်။ အနီးဆုံးဆိုသော်လည်း သူတို့တဲနှစ်ခုကြားတွင် မြေကွက် တစ်ကွက် ခြားနေသေးသည်။ သူ့အမျိုးသား ကိုပေါက်က အလုပ်အကိုင်မယ်မယ်ရရမရှိပဲ၊ နှစ်လုံး၊ သုံးလုံးနှင့် အလုပ်ရှုပ်နေ သူဖြစ်သည်။ နှစ်နှစ်အရွယ် ကလေးလေးတစ်ဖက်နှင့် မချောက လုပ်ကျွေးရှာသည်။
'အေးကွာ ပေးလဲ ပေးနိုင်သလောက်ပေါ့။´
'အောဟောဟော သူတော်ကောင်းမောင်ကြီးရေ၊ ဒါကျုပ်တို့ချွေးနည်းစာဗျ။ သူတို့ အတွက် စိုက်ပေးတာမဟုတ်ဘူး။ မရလို့ကတော့ သူ့အိမ်ကို အကြွေးနဲ့သိမ်းပစ်လိုက်မယ်။´
စိတ်ဆတ်လက်ဆတ်ပြောနေသော သုတခကို ကြည့်ရင်း ခုံတန်းလေးပေါ်ထိုင် တက်ထိုင်လိုက်သည်။ ခြေထောက်ရေးဆေးပြီးနောက် သုတခက ဘေးနားလာထိုင်ရင်း ဘုတောလိုက်သည်။
'ဘာတွေ ပြုံးဖြီးဖြီးလုပ်နေတာလဲ။ ဒီမှာစိတ်တိုနေပါတယ်ဆို။´
'ညီ စိတ်တိုတဲ့ပုံစံလေးက ချစ်စရာလေးလို့။´
'အာ ပေါက်ပန်းလေးဆယ်။´
ရှက်သွားသော သုတခကို ကြည့်ပြီးအသံထွက်အောင် ရယ်လိုက်သည်။ နေဒဏ်၊ လေဒဏ်ကြောင့် အသားများ ညိုမဲလာသော်လည်း၊ အပြစ်အနာကင်းရှင်းနေသည်။
'ဟောဗျာ။ တကယ်ပြောတာ ချစ်လေးရဲ့။´
'ဟာ ဘယ်လိုကြီးခေါ်တာလဲဗျ။ မခေါ်စမ်းပါနဲ့ အဲလိုကြီး၊´
'ခေါ်မှာပဲ၊ ခေါ်မှာပဲ ကိုယ့်ချစ်သူကို ချစ်လေး လို့ခေါ်တာ ဘာဖြစ်လဲ။´
'ဟာဗျာ မခေါ်စမ်းပါနဲ့၊ နားကလော(လိုက်)တာ။´
ပြုံးဖြဲဖြဲနှင့် ခေါင်းကုတ်နေသော သုတခက သဘောကျနေမှန်းသူသိပါသည်။ သုတခက သူ့ရင်ခွင်ထဲ ခေါင်းထဲဝှက်ထားသည်မဟုတ်လား။
'နောက်ဆို နားယဉ်သွားမှာပါ၊ ချစ်။ နောက်ပြီးချစ်ကကိုယ့်ကို ကိုညီလို့မခေါ်နဲ့တော့။´
'ဟင် ဘယ်လိုခေါ်ရမှာလဲ၊´
သုတခက စိတ်ဝင်စားဟန်ခေါင်းထောင်လာသည်။
' မောင်လို့ခေါ်´
'ဟာ ဗျာ။ မခေါ်ချင်ပါဘူး။´
'အမယ် ခုနလေးကတော့ ခေါ်ပြီးတော့။´
'အွန် ဘယ်မှာခေါ်လို့လဲ မခေါ်ပါဘူး။´
'ခေါ်ပါတယ်။ တစ်ခါတစ်ခါ မောင်လို့ခေါ်တယ်။ မှတ်မိသလောက်ဆို လေးငါးခြောက် ခါမကတော့ဘူး။´
'ဟုတ်မနေဘူး။ မခေါ်ပါဘူး။´
'ခေါ်တယ်။ ကားဂိတ်မှာလွမ်းလားလို့မေးတုန်းက လွမ်းပါသကောမောင်တဲ့၊ နောက်ပြီး ကျောက်နဂါးသွားတုန်းကလဲ မောင်လို့ခေါ်တယ်။ ခုနလေးကတင်၊ မောင်ကြီးလို့ခေါ်လိုက် တာ။´
'ဟာ အဲဒါက ဒီတိုင်းတိုင်း သဘောရိုးခေါ်တာပါ။´
'သဘောရိုးပဲခေါ်ခေါ်၊ သဘိုးရောပဲခေါ်ခေါ် ခေါ်ဖို့အဓိက ခေါ်စမ်းပါ ချစ်လေးကလဲ။´
'အဲဒါမိန်းကလေးတွေ သုံးနဲ့ဟာကြီး။ မခေါ်ချင်ပါဘူး။´
'ဟုတ်တယ်လေ။ ချစ်က ကိုယ့်မိန်းမပဲဟာ။ ခေါ်စမ်းပါ။ ကိုယ့်ယောက်ျားကို မောင်လို့ ခေါ်တာများ။´
'ဟာ ဘာမိန်းမလဲ၊ ဘာမိန်းမလဲ.၊ ယောက်ျားမှ ယောက်ျားစစ်စစ်နော်၊ အတောင် နှစ်ဆယ်ဝတ် မင်းယောက်ျားဗျ။´
'သြော် ဟုတ်လား။ ဒါဆို ကိုယ်က ယောက်ျားတစ်ယောက်ကို ချစ်နေမိတာပေါ့။ အိုးအို ဘယ်လိုလုပ်ကြမလဲ။´
မျက်နှာတစ်ခုလုံး ညိုဆင်းသွားသော သုတခကို ကြည့်ပြီး သူဆက်နောက်လိုက်သည်။
'ဘယ်လိုလုပ်ရမှာလဲ၊ ဒီယောက်ျားကို လင်မတော်ချင်ဘူးဆိုလဲ ကွာလိုက်ပေါ့။ ပစ်ထားခဲ့ပေါ့။ ပြီးမှ လိုချင်တဲ့မိန်းမယူပေါ့။ ဒါပဲရှိတာကို။´
ဆောင့်ကြီးအောင့်ကြီးပြောက မတက်ရပ်လိုက်သော သုတခကို အသည်းအသန်ဆွဲ ထားလိုက်သည်။
'ချစ်ကလဲကွာ ကိုယ်ကစတာကို၊ စတယ်ဆိုတာကို သိသိကြီးနဲ့ကွာ၊ ကိုယ်က မောင်လို့ ခေါ်စေချင်လို့ပါ။ စိတ်မဆိုးပါနဲ့နော်။ နော်လို့။´
'မသိဘူး။ဘာမှမပြောနဲ့။´
'ဟာကွာ ချစ်ကလဲကွာ။ စိတ်မဆိုးပါနဲ့နော်။ ကိုယ်က နောက်တာပါဆို။ချစ်မကြိုက်ရင် နောက်ကို မစတော့ဘူး။နော်။ စိတ်မဆိုးနဲ့နော်။ ´
'ပြီးတာပဲ ဒါဆိုသွားမယ်။လွတ်တော့´
'ဟင် ဘယ်သွားမှာလဲ။´
'ရေချိုးမလို့လေ။ ဘယ်ကိုသွားရမှာလဲ။ မောင်ကလဲ´
'ဟာ ချစ်၊ မောင်လို့ခေါ်လိုက်တာနော်။ ဟုတ်တယ်နော်။ ထပ်ခေါ်ပါဦးနောက်ထပ်´
'အာ ရှက်ပါတယ်ဆို သူကလဲ ဇွတ်အသည်းအသန်ပဲ မရဘူး။ မခေါ်တော့ဘူး။´
'ဟာ။ လုပ်ပါကွာ။ ချစ်ကလဲ။ ခေါ်စမ်းပါ။ တစ်ခေါက်လောက်။´
'မောင်း´
'ဟာ အဲလိုမဟုတ်ဘူးကွာ။ မရဘူးကွာ။ ချိုချိုသာသာလေးပြန်ခေါ်။´
'မ…အောင်…အောင်..အောင်´
'ဟာ ချစ်နော်။ ကိုယ်စိတ်မရှည်ရင် နမ်းပစ်မှနော်။´
'ကဲကဲကဲ ဒါဆို.. နားနားကပ်ခေါ်မယ်၊ မျက်စိမှိတ်၊´
သူ့မျက်လုံးများကို မှိတ်လိုက်ပြီး ခေါ်သံချိုချိုလေးကို နားစွင့်နေမိသည်။
'သိပ်ချစ်တယ်…မောင်ရယ်…´
ချိုမြိန်သော စကားလုံးကို ဖန်တီပေးသည့် နှုတ်ခမ်းတစ်စုံကိုအနမ်းတစ်ပွင့်ဖြင့် ဂုဏ်ပြုပေးလိုက်သည်။

မျက်​ရည်​ကင်းမဲ့ဇုန်​حيث تعيش القصص. اكتشف الآن