2.7K 79 0
                                    


Tutorial တစ်ဘာသာပြီးတစ်ဘာသာ ဖြေနေရသော်လည်း ညီခေတ်လင်း၏ စိတ်များက အဆောင်ကိုရောက်နှင့်နေပြီ။ ညနေပိုင်း တစ်ချိန်သာ တက်သွားပြီး၊ ခေါင်းအရမ်းကိုက်တယ် ဟုဆိုတာ အဆောင်ပြန်သွားသော သုတခကို စိတ်အရမ်းပူမိသည်။ အဆောင်ကိုလိုက်သွားချင် သော်လည်း၊ Tutorial ဖြေပေးတဲ့သူရှိမှဖြစ်လိမ့်မည်။ တစ်ဘာသာကို နှစ်ယောက်စာ ဖြေပြီး၊ နောက်ဆုံး မိုင်နာ ဘာသာ တစ်ချိန်ကိုလစ်လာခဲ့လိုက်သည်။
ညီလေးရယ် မင်းအဆင်ရဲ့လား၊ သက်သာရဲ့လား၊ မင်းတစ်ယောက်တည်း ဆေးခန်းသွားပြ နေသလား။ တကယ်ဆို မင်းအနားမှာ အချိန်ပြည့်နေချင်ပါတယ်ကွာ၊ ဒါပေမယ့် မင်းအတွက် Tutorial ဖြေဖို့လိုသေးတယ်မဟုတ်လား၊ ကိုယ်တွေအရမ်းပူနေမလား၊ ခေါင်းတွေအရမ်းကိုက်နေမလား၊ ရေချိုး ဆင်ခြင်ပါလို့ ကိုယ်အတန်တန်ပြောရက်နဲ့ကွာ။
အဆောင်ဝင်းထဲရောက်သည်နှင့်တစ်ပြိုင်နက် ဆိုင်ကယ်သော့ကိုပင်မဖြုတ်ပဲ သုတခဆီ ပြေးသွားလိုက်သည်။
'ညီလေး..၊ သုတ၊ ညီ အဆင်ပြေလား။ သက်သာလား.´
စိုးရိမ်စိတ်လွန်ကဲစွာဖြင့် သုတခ၏နှဖူးကို စမ်းလိုက်သည်။
အလားလား၊ ပူကျစ်နေတာ၊ မဖြစ်ဘူး ဆေးခန်းသွားပြမှဖြစ်မယ်။
'ညီ အိပ်နေလား၊ ကိုယ်တွေပူကျစ်နေတာပဲ။ လာ ဆေးခန်းသွားပြမယ်၊´
'သြော် ကိုညီရောက်ပြီးလား၊ ဆေးခန်းမသွားချင်ဘူး၊ ဆေးသောက်ထားတယ်. ပျောက်မှာပါ´
ကုတင်ဘေးမှ ခေါင်းကိုက်ပျောက်ဆေး သုံးလုံးကဒ်တွင် တစ်လုံးလျော့နေတာကို မြင်ရသော်လည်း သူ့ရင်ထဲက အပူများက ပျောက်မသွား။
'အာ မရဘူး၊ သွားမယ်။ ဆေးသောက်ထားတာမပျောက်ဘူးပဲကို၊ သွားမယ်၊ မဂျစ်နဲ့ကွာ၊´
'ဟင့်အင်း ဆေးခန်းသွားရင် ဆေးထိုးလိမ့်မယ်။ မသွားချင်ဘူး။´
ဟောဗျာ ဒီအသက်အရွယ်အထိ ဆေးထိုးရမှာကြောက်ရတယ်၊
'ဟာ မဟုတ်ကဟုတ်က ဆေးထိုးတာပဲ၊ ကဲပါ အေးပါ၊ ဆေးမထိုးရအောင် ကိုယ်ဝိုင်းပြော ပေးမယ်။ နော်၊ ထနိုင်လား၊ ထ´
သုတခ၏ လက်မောင်းမှ ကြင်နာစွာဆွဲထူလိုက်သည်။ သို့သော် သုတခက ထမလာ။ တကယ့်ကလေးဆိုးကြီးပဲ။
'ဟင့်အင်း ပြီးတော့ ပိုက်ဆံလဲမရှိဘူး၊ မသွားချင်ဘူး´
'ဘာ´
'အာ လန့်လိုက်တာ နေမကောင်းပါဘူးဆို ဘေးမှာလာအော်နေတယ်´
'ဘာပိုက်ဆံမရှိတာလဲ၊ ကိုယ့်မှာပိုက်ဆံရှိတယ်။ မပေနဲ့ သွားမယ်။ လာထ၊ ထကွာ မထနိုင်ရင် အဆောင်မှုးနဲ့ ဆွဲထူမှာနော်။´
'အာ မသွားချင်ဘူး၊ ဆေးမထိုးချင်ဘူး ဆေးပဲသောက်မယ်။´
'သြော် ဆေးမထိုးရပါဘူးဆိုနေ။ ကိုယ်က ဆေးမထိုးရအောင် ၀ိုင်းပြောပေးမယ် ဟုတ်ပြီလား။´
'ဟင့်အင့် ဒီအဖျား၊ အပူရှိန်နဲ့ဆို ဆေးထိုးကြမှာ၊ ဆေးထိုးမှ အပူရှိန်ကျမှာ´
ဘုရားရေ၊ ဆေးထိုးမှသက်သာမယ်ဆိုတာသိရက်သားနဲ့ ဆေးထိုးရမှာကြောက်လို့ ဆေးခန်းမသွားဘူးတဲ့လား။
'အာ မသိဘူးကွာ၊လာသွားမယ်၊ မထနိုင်ရင် အောက်ထပ်က ဟိုပင်တို့ကို ခေါ်လိုက်မယ်။´
'ဟင့်အင်းမခေါ်နဲ့ထပါ့မယ်။ ဆေးမထိုးရဘူးဆိုတာသေချာတယ်နော်။´
'အင်းပါ ကိုယ်တတ်နိုင်သလောက်ဝိုင်းပြောပေးပါ့မယ်၊´
'ဟင် တတ်နိုင်သလောက်၊ ဟင့်အင်းဒါဆိုမသွားဘူး´
အိပ်ရာပေါ်မှအနည်းငယ်ကြွလာသော ခန္ဓာကိုယ်က ပြန်လဲကျသွားသည်။ ညီခေတ်လင်းက စိတ်မရှည်စွာ ပွေ့ချီလိုက်သည်။အော်ဟစ် တားဆီးသော်လည်း ဂရုမစိုက်ပဲ ထွက်လာလိုက်သည်။
'နောက်ကနေဆိုင်ကယ်စီးနိုင်မလား၊ တစ်ယောက်ယောက်ခေါ်ပေးရဦးမလား။´
'ဟင့်အင်းမခေါ်နဲ့´
'ဒါဆိုလဲပြီးတာပဲ၊ တက်´
သုတခဆိုင်ကယ်ပေါ်ရောက်သည်နှင့်တပြိုင်နက် ဆိုင်ကယ်ကိုမောင်းထွက်လိုက်သည်။ သုတခက သူ့ကျောပြင်ပေါ် မှီရင်း လိုက်လာသည်။
ညီလေးရယ်…. ကိုယ့်ရင်ထဲမှာ ဘယ်လောက်ပူလောင်နေလဲမင်းသိလား၊ မင်းတစ်ခုခု ဖြစ်သွားရင် ကိုယ်ဘယ်လိုဖြေနိုင်မလဲ၊ မင်းကိုအချိန်ပြည့်စောင့်ရှောက်ချင်တာ မင်းကိုသိပ်ချစ်လို့ပေါ့။ ကိုယ်မင်းကိုသိပ်ချစ်နေတာ၊ မင်းမသိဘူးလား၊ မင်းသိပါတယ်။ မင်းမြင်နိုင်တယ်၊ မင်းမြင်နေရတယ်၊ ဒါပေမယ့် ညီရယ်…..။ ညီ ကိုယ်ဖွင့်ပြောတဲ့အခါကျရင် မင်းရှက်ပြီးငြင်းလေမလား၊ မင်းဒေါသထွက် မလား၊ ကိုယ့်ကို မုန်းသွားမှာလား၊ မင်းရင်ထဲမှာ အချစ်ရှိတယ်လို့ ကိုယ်ထင်တယ်၊ ဒါပေမယ့် မင်း ၀န်ခံပါ့မလား။ ၀န်ခံပေးပါညီလေးရယ်။ ကိုယ့်ဘ၀မှာ မင်းရှိမှ ဖြစ်မယ်ဆိုတာ ကိုယ်သိလိုက်ရပြီလေ။
အတွေးစပေါင်းများစွာကို ရပ်တန့်လိုက်ပြီးဆေးခန်းဝင်းဝင်လိုက်သည်။ ဆိုင်ကယ်ပေါ်က ဆင်းပြီး လူနာများ စောင့်နေသည့်ထိုင်ခုံတွင်နှစ်ယောက်အတူတူထိုင်လိုက်သည်။ လူနာနည်းနည်း လေးဆိုတော့ ကိုယ့်အလှည့်ချက်ချင်းရောက်လိမ့်မည်။ သုတခက အားဖျော့စွာ သူ့ပုခုံးထက် မှီထားသည်။ သုတခက အလှည့်ကျသဖြင့် စမ်းသပ်ခန်းထဲဝင်သည့်အထိ'ဆေးမထိုးချင်ဘူး´ဟု တစ်ဂျီဂျီပြော နေသေးသည်။
ဆရာဝန်က အဖျားတိုင်း၊ စမ်းသပ် ပြီး ဆေးထိုးရမည် ဟုပြောတော့၊ သုတခက အားကိုးတကြီးလှမ်းကြည့်လိုက်သည်တော့ မသိသလိုလိုနှင့်မျက်နှာလွဲပစ်လိုက်သည်။ ဒေါသစိတ်ဖြင့် မျက်လုံးများ ၀ိုင်းရဲနေသော သုတခ၏အကြည့်များကို သူနားလည်ပါသည်။ 'ကတိမတည်ဘူး၊ အား မကိုးရဘူး´ဆိုသည့် နာကျည်းချက်များ၊ 'ဆေးမထိုးချင်ဘူး´ ဟု ငြင်းဆန်ချင် သော ဆန္ဒများ ရောထွေး ကာ မျက်ရည်ဝိုင်းနေသည်။ ဆောရီးညီလေးရယ်. မင်းမြန်မြန်နေကောင်းဖို့အတွက်ပဲ။
ညီလေးရယ် ကိုယ်တောင်းပန်ပါတယ်။ မင်းမြန်မြန်နေကောင်းဖို့လိုတယ်မဟုတ်လား။
ဆေးထိုးပြီး ဆရာဝန်က သောက်ဆေးများပေးသည်။ ဆောင်ရန်၊ ရှောင်ရန်များကို ပြောပြသည်။ ဆေးခန်းက ထွက်လာပြီး ဆိုင်ကယ်ပေါ်တက်လိုက်သည်နှင့် သုတခ ငိုချလိုက်သည်။
'ညီရယ် မငိုပါနဲ့ကွာ။ ကိုယ်တောင်းပန်ပါတယ်နော်။ ညီမြန်မြန်နေကောင်းဖို့ ကိုယ် ညာလိုက်တာပါ။ ကိုယ်စိတ်ပူတာပါ။´
'မပြောနဲ့ လူညာကြီး၊ နောက်ကို သူ့စကားဘယ်တော့မှမယုံဘူး´
ရင်ထဲဆစ်ကနဲ့နာကျင်သွားသည်။
'ကိုယ်တောင်းပန်ပါတယ်ကွာ၊ ညီမြန်မြန်နေကောင်းဖို့ ကိုယ်ညာမိတာပါ။ ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်။ မငိုပါနဲ့တော့နော်။´
'မသိဘူး၊ ငိုမှာပဲ။ ဆေးထိုးတာနာတယ်။ ကြောက်ပါတယ်ဆို´
'အဆောင်ရောက်ရင် ကိုယ်ချေပေးမယ် ဟုတ်ပြီလား။´
'မသိဘူးဗျာ။´
ညီရယ် ကိုယ်ညာတယ်ဆိုပေမယ့် ကိုယ့်ရဲ့လိမ်ညာမှုက ဖြူစင်ပါတယ်ကွာ။ ကိုယ့်ရင်ထဲက အချစ်တွေ လဲဖြူစင်ပါတယ်။ ကိုယ်မင်းကို ချစ်တယ်လို့ဖွင့်ပြောတဲ့အခါကျရင် မင်းယုံကြည်ပေးပါ။ ကိုယ့်ရဲ့အခြားစိတ်ဓာတ်၊ ခံယူချက်တွေကိုမင်းမယုံကြည့်နိုင်ဘူး ဆိုရင်တော့ ကိုယ့်အချစ်ကို တော့ ယုံကြည်ပေးပါ။ တစ်နေ့နေ့မှာ မင်းနာလည်မှာပါ။
အဆောင်ရောက်တော့ သုတခကို အိပ်ရာထဲ သိပ်ပေးလိုက်သည်။
'ကိုညီ………´
'ဟင် ပြောသုတ´
'ကျေးဇူးပဲနော်။ အစစအရာရာကူညီတဲ့အတွက်´
'ရပါတယ်ညီရယ်။ အဲဒါတွေမတွေးပါနဲ့၊ စိတ်ချလက်ချအိပ်၊…. နော်….။ ကိုယ်ဒီညစောင့် ပေမယ်´
'ခုနလေးက ပြောတာတွေ စိတ်မဆိုးပါနဲ့နော်၊ ကျွန်တော်အရမ်းအားငယ်သွားလို့ပါ´
'ရပါတယ်၊ ဘာမှအားမငယ်ပါနဲ့၊ ကိုယ်မင်းဘေးမှာ အချိန်ပြည့်ရှိပေးမယ် ဟုတ်ပြီလား။´
'ဟုတ်.... ။ ဒါပေမယ့်´
'ဒါပေမယ့် ဘာဖြစ်တုန်း´
'အားနားစရာကြီးဗျာ။´
'မလိုပါဘူးကွာ၊ အိပ်၊ အိပ် ပျော်အောင်အိပ်၊ အဲ တစ်ခုခုစားမလား၊ ကွေကာအုပ် သောက်မလား။ ရေနွေးရှိတယ်။´
'ဟင့်အင်းမသောက်ချင်ဘူး။´
'ဒါဆိုကိတ်မုန့်စားလေ။´
'ဟင့်အင်း။ ခုမစားချင်သေးဘူး။´
'OK ဒါဆို နောက်တစ်ခေါက် ဆေးသောက်ခါနီးမှ စားလိုက်နော်။ဆေးသောက်မယ့် အချိန်ကျရင် ကိုယ်နှိုးပေးမယ်´
'ဟုတ်..´
မျက်လုံးလေးများကို မှိတ်ပြီး၊ ၀င်သက်ထွက်သက်ကို  မှန်မှန်ရှုနေသော သုတခကို ကြင်နာစွာ ပွတ်သက်နေမိသည်။ သီချင်းတစ်ပုဒ်ကိုပင် ဆိုညည်းချော့ သိပ်နေ မိသည်။ ညာဖက်လက်မကို အားကြိုးတစ်ကြီးဆုပ်ကိုင်ထားသော သုတခက တကယ့်ပိဘိကလေး တစ်ယောက်လို။ သုတခ၏ ကိုယ်အပူရှိန်တဖြည်းဖြည်းကျသွားမှ သူ့ရင်ဘတ်ထဲမှ အပူလုံးကြီးကလဲ တဖြည်းဖြည်း အရည်ပျော်သွားသည်။ နွမ်းလျှစွာ အိပ်ပျော်နေသော သုတခ၏ ပါးပြင်ရဲရဲလေးကို ချိုမြိန်စွာ မွေးကြူပစ်မိသည်။
'အိပ်ပါ ကောင်လေးရယ်၊ ဖြစ်နိုင်ရင် ကိုယ့်ရင်ခွင်ထဲမှာကို ချော့သိပ်ပြီးအ အိပ်စေချင်ပါတယ်။ မင်းကိုယ့်ရင်ခွင်ထဲမှာလုံလုံခြုံခြုံအိပ်စက်နိုင်ပါတယ်။ မင်းအတွက် တစ်ဘ၀စာ ကာကွယ်နိုင်တဲ့အချိန်ကျရင် ကိုယ့်ရင်ခွင်ကို ခိုလှုံဖို့ ဖိတ်ခေါ်ချင်ပါ တယ်။ အဲဒီအချိန်ကျရင်၊မငြင်းလိုက်ပါနဲ့နော်။ မင်းလေးဟာ ကိုယ့်ဘ၀ရဲ့ အနှစ်သာရပါ။ ´
မျက်လုံးစုံကို မှိတ်ပြီး စိတ်ကူးယဉ် ကမ္ဘာ တစ်ခုကို ပုံဖော်ကြည့်မိသည်။
စိတ်ကူးထဲတွင် သုတခနှင့် သူနှင့်နှစ်ယောက်တည်း။
ပြုံးလို့...........။ ပျော်လို့............။ ကြည်နူးလို့............။ နေရောင်ချည်တွေက လဲ လတ်လတ်ဆတ်ဆတ်။ ပန်းတွေကလဲ  ပွင့်လို့။ စမ်းချောင်းလေးက စီးနေသေးတယ်။ ကျေးငှက်တွေကလဲ ပျော်မြူးလို့။
ဒီစိတ်ကူးလေး လက်တွေ့မှာ ဖြစ်ပါရစေလား.............။

မျက်​ရည်​ကင်းမဲ့ဇုန်​Where stories live. Discover now