ကမ္ဘာ့သိပ္ပံနည်းပညာကများက သဘာဝဘေးအန္တရယ်ဆိုးများကို ကြိုတင်ခန့်မှန်းနိုင် ပါသည်။ မုန်းတိုင်းတိုက်မည်ဟု ပြောနိုင်သည်။ ငလျှင်လှုပ်မည်ဟု ခန့်မှန်း နိုင်သည်။ မီးတောင် ပေါက်ကွဲမည်ဟု တွက်ချက်နိုင်သည်။ သို့သော် မတားမြစ်နိုင်ကြ။ ဘေးကင်းရာနေရာသို့သာ ရှောင်တိမ်းပုန်းကွယ်နေရသည်။ ထို့အတူတစ်ခါတစ်ခါတွင် ကံကြမ္မာက ရက်စက်မည်ဟု ကြို သိနိုင်သော်လည်း တာမြစ်၍မရနိုင်။ ရှောင်တိမ်းပုန်းကွယ်ရန် မဖြစ်နိုပါသည်။ ထိပ်တိုက် ရင်ဆိုင်ရန်သာ အင်အားစုထားရသည်။
'မောင်.... ဘာတွေတွေးနေတာလဲ။´
'ဘာရယ်မဟုတ်ပါဘူး။ သစ်ခွတွေ ခူးထားတာစောများစောသလားလို့´
ချစ်ရဲ့မျက်နှာ ညိုမှောင်နေမှန်းသိပါတယ်။ ဖွင့်ဟမပြောကြပေမယ့် ကျိတ်ပြီး စိုးရိမ်နေကြတာမဟုတ်လား။
'သြော်ဒါများအထူးအဆန်းလုပ်လို့မောင်ရယ်။ ဘာမီတွန်နဲ့စိမ်ထားရင် ခံတာပဲဟာ။ မောင့်သစ်ခွတွေက ခံမှာပါ။ နောက်ပြီး ခုက သိပ်မပူဘူးဆိုတော့ အရမ်းကြီးမစိုးရိမ်ပါနဲ့။ မနက်ဖြန်ကျမှ ခူးရင် မီမှာမဟုတ်ဘူး။´
အော်ဒါမှာထားသော ပန်းများကြိုခူးထားခြင်းက စိတ်သက်သာစရာ စကားဖြစ်လာခြင်း ကပင်ကျေးဇူးတင်စရာကောင်းနေသည်။
'ပန်းတွေထားခဲ့လိုက်တော့။ ထမင်းစားမယ်။ လက်ကို သေချာဆေးခဲ့နော်။´
'အေးပါကွာ။ ဟုတ်ပါပြီ။ နေရာတကာဆရာကြီးလုပ်လိုက်ရမှ..ဟွန်း´
နှာခေါင်းရှုံ့ကာ မဲ့ရွဲ့ပြလိုက်သည်။ ပေါ့ပါးစွာရယ်မောနေသော သုတခ၏ ရယ်သံက ခြောက်ကပ်ကပ်ဆန်လှသည်။
'လာ... ထမင်းပြင်ထားပြီးပြီ။´
စာကြည့်စာပွဲအဖြစ်သုံးလိုက် ထမင်းစားစာပွဲအဖြစ်သုံးလိုက်နှင့် ဘက်စုံသုံး ဖော်မီကာစာပွဲလေးပေါ်တွင် ဟင်းအမယ်စုံလင်နေမှန်းသတိထားမိသည်။ အမှောင်ထုကို တွန်းလှန်ရန် ဖယောင်းတိုင်ငယ်လေးက ကြိုးစားပေးနေရှာသည်။
'၀ါး... ဟင်းအမယ်စုံလှချည်လား။ ဘာတွေချက်ထားတာတုန်း´
'ဒီလိုပါပဲ။ ဒီမှာ ကြက်မြစ်ကြက်သည်း၊ ဒါက ၀က်ခြေထောက်စွတ်ပြုတ်၊ ပြီးတော့ ဒါ ရုံးပတီသီးကြော်မှာ မြေပဲဆံထောင်းပြီးဖြူးထားတာ။ အတို့အမြှုပ်ကတော့ ထုံးစံအတိုင်းပဲ။´
'ရှလွတ်၊ မိုက်တယ်ကွာ။ ဒါနဲ့ ဘာအကြံအစည်တွေရပြီး ဟင်းတွေဒီလောက် အများကြီး ချက်ထား ရတာတုန်း၊´
'သြော် မောင်ကလဲ မကြားဖူးဘူးလား။ ဟင်းကောင်းကောင်းစားပါတဲ့၊ ဟင်းကောင်းစားမှ ထမင်းများများစားနိုင်မည်တဲ့၊ ထမင်းများများစားမှ အားရှိမည်တဲ့။ ပြီးတော့ အားရှိမှ အလုပ်လုပ်နိုင်မည်တဲ့။ အလုပ်လုပ်နိုင်မှ ပိုက်ဆံများများရမည်တဲ့။ အဲဒီတော့ ပိုက်ဆံများများရမှ ဟင်းကောင်းကောင်းစားနိုင်မည်။ ဒါကြောင့် ဟင်းကောင်းကောင်းစားပါတဲ့။ မကြားဖူးဘူးလား။´
လက်ချောင်းလေးများကို ချိုးပြီးပြောပြနေသော သုတခကို နားမလည်သလို ခေါင်းခါပြလိုက်သည်။
'ဟင့်အင်း မကြားဖူးဘူး။ ဘယ်သူ့ဒဿနလဲ။´
'ဒဿနမဟုတ်ပါဘူး။ တရုတ်စကားပုံဆိုလား။ ချစ်လဲမသိဘူး... ဟဲဟဲဟဲ´
'ကဲပါ တော်ပါတော့ မသိတာကြီးကို ဆရာကြီးလုပ်ပြနေသေးတယ်။ ဆာပြီကွာ။ စားကြမယ်။´
'ဟုတ်´
'ရော့မောင်ထည့်စား နည်းနည်းစပ်မယ်သိလား။´
'အင်းအင်းရပါတယ် ကိုယ့်ဘာသာထည့်စားမယ်။ချစ်လည်းထည့်စားနော်.´
'စားတယ်မောင်။ ချစ်ကတော့ ဟင်းအိုးလဲချ မောင်ဖုန်းလဲဝဆိုသလိုပဲ။ မြည်းတာနဲ့တင် တော်တော်လေး ၀ခဲ့ပြီ။´
'အိုးဟိုးဟိုး ကြည့်စမ်း ဟင်းခိုးစားတဲ့ကောင်လေးပါလား။´
'အာ တော်ပါတော့။ ရော့ စား အသည်းဖက်ကလေး´
ရုတ်တရက်ခွံ့ကျွေးလိုက်သော အသည်းဖက်ကို ၀ါးစားလိုက်သည်။ ရင်ထဲစို့နင့်မှုများ အားလုံးကို အသည်းဖက်လေးနှင့်အတူ မြိုသိပ် ၀ါးချလိုက်သည်။
'ချစ်စားပါ။ ရော့ ချစ်လဲစား အသည်းဖက်ကလေး´
အားကျမခံပြန်ခွံ့ကျွေးလိုက်သော အသည်းဖက်ကို ပါးစပ်လေးဟပြီး စားလိုက်ချိန်တွင် ရင်ထဲနာကျင်မှုက သိပ်သည်းဆတိုးလာခဲ့သည်။ ခေါင်းလေးငုံ့ကာ ထမင်းတွင်တွင်နယ်နေ သော သုတခအတွက် နှစ်သိမ့်ရန် စကားလုံးမရှာနိုင်လောင်အောင် ရုပ်ပျက်နေရသည်။ ရှိုက်သံသဲ့သဲ့က နားထဲ ပူလောင်စွာစီးဆင်းလာသည်။
'ဟင် ချစ်ဘာဖြစ်တာလဲဟင်။ ငိုနေတာလား။´
'ဟင့်အင်းမဟုတ်ပါဘူး။ ငရုပ်သီးစပ်သွားလို့ပါ။ ဘာမှမဖြစ်ပါဘူး။ ဘာအတွက်ငို ရမှာလဲ´
ဟန်ဆောင်မှုများဖြင့် ဖုံးအုပ်ထားသော စိတ်ခံစားမှုများကို အလိမ်အညာဟု ခေါင်းစဉ် မတပ်ရက်ပါ။
'အေးကွာ မောင်လဲရုတ်တရက်ဆိုတော့အံ့သြသွားတာ။ ငရုပ်သီးရှောင်စားပေါ့။ ကိုယ်ချက်တဲ့ဟင်း အငန်အစပ် ကိုယ့်ဘာသာသိရမှာကို။´
သုတခက ဟန်မဆောင်နိုင်စွာ ငိုကြွေးချလိုက်သည်။
'မောင်...... ဒီလိုနှစ်သိမ့်မှုမျိုးနောက်ထပ် ဘယ်အထိရနိုင်မှာလဲ။ ဒီလိုထမင်းအတူတူ စားဖို့အခွင့် ဘယ်နှစ်ရက်ကျန်သေးလဲဟင်။ အမှန်အတိုင်းဝန်ခံရရင် ချစ်ကြောက်တယ်။ ပါပါးနဲ့ နူနူး တို့အကြောင်းသိတယ်။သူတို့က....သူတို့က.....´
'ချစ်....ဟာ ချစ်ကလဲ ဘာလို့အဲဒါတွေတွေးနေရတာလဲ။ ဟာကွာ။ ချစ်ကလဲကွာ ထမင်းစားနေတာပါဆို။´
ချစ်သူကိုရင်ထဲ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ ကိုယ့်အသံကို၌က ငိုသံစွက်နေမှန်းသိသာပါသည်။
မပေးဘူး။ ပြန်မပေးဘူး။ ဒါငါ့ချစ်သူပဲ။ ဘယ်သူတွေ ဘယ်လိုပဲပြန်ခေါ်သွားခေါ်သွား လုံးဝမပေးဘူး။ လုံးဝပြန်မလွှတ်ဘူး။
'ချစ်ပြန်လိုက်မသွားဘူးဆိုရင် မောင်တို့ ဝေးစရာအကြောင်းမရှိဘူး။ ဘာမှမကြောက် နဲ့နော်။ မောင်တို့မဝေးရပါဘူး။´
'မောင် သူတို့ဘယ်လိုခွဲခွဲ ချစ်ကိုမထားခဲ့နဲ့နော်။ နော်မောင်နော်။ ချစ်ကို မထားခဲ့ပါနဲ့နော်။´
'အေးပါချစ်ရယ်။ ဘာကိုတွေးကြောက်နေတာလဲ။ မောင်တို့နှစ်ယောက်အတူတူ ရင်ဆိုင်ရင်ဖြစ်တာပဲ။´
အားပေးနှစ်သိမ့်ပေးနေရပေမယ့် ကိုယ်ကိုယ်တိုင်က အားသိပ်မရှိတာတော့သေချာ သည်။
'မောင်က ပါပါးအကြောင်းမသိလို့။ ပါပါးကအရမ်းသေချာတိကျတာ။ တစ်ခုခုလုပ် ဖို့ဆိုရင် အကွက်စေ့ ထောင့်စေ့အောင် သေချာချင့်ချိန်ပြီး လုပ်တက်တယ်။ သူ့ခွင်ထဲရောက် အောင် လဲ ဆွဲသွင်းပြီး ပိုင်ပြီဆိုမှ ဆွဲခုတ်လိုက်တာမျိုး...။´
'ကိုယ့်ဖေဖေလဲ အဲလိုပါပဲ။ ဒါပေမယ့် ချစ်ရာ မောင်တို့က ကြိုပြီးတွေးပူနေတာပါ။ မိဘတွေက သဘောတူရင်တူမှာပေါ့။ ဘယ်ပြောလို့ရမလဲ၊´
အားပေးစကားအဖြစ်သာ ပြောလိုက်ရသော်လည်း သိပ်တော့သဘာဝမကျ။ သိပ်မသေချာပါ။ ဖြစ်နိုင်ခြေနည်းလွန်းလှသည်။
'တကယ်လို့ မောင့်မိဘတွေနဲ့ ချစ်မိဘတွေနဲ့ တစ်ပြိုင်တည်းရောက်လာရင်ဘယ်လို လုပ်မလဲဟင်၊ ချစ်တို့ကိုသူတို့ခွဲကြမှာ။ ချစ်သိတယ်။ ချစ်တို့ဘာလုပ်ကြမလဲဟင်။ အဲလိုသာဆိုရင်..´
ငိုကြွေးရှိုက်ဖိုနေသောမေးခွန်းက သူ့နှလုံးသားတည့်တည့်ကိုထိမှန်သွားသည်။
'ဟမ်၊ အင်း အဲဒါဆိုရင်တော့ နှစ်ခါမပင်ပန်းဘူးပေါ့။ သူတို့တွေ လက်လျှော့လက် မြောက်ပြီးပြန်သွားအောင် လုပ်ရမှာပေါ့။ တိတ်ပါကလေးရယ်။ တိတ်ပါတော့နော်။ မောင်တို့မဝေးဘူး၊ ဟုတ်ပြီလား။´
ဘုရားဘုရား၊ ကံကောင်းထောက်မပြီး မိဘတွေ အားလုံးတစ်ပြိုင်နက် တည်းရောက် မလာကြပါစေနဲ့။ ကိုယ်တွေကမှ နှစ်ယောက်တည်း သူတို့အားလုံး လေးယောက်ဆို မဖြစ်ဘူး။
'မောင်.........။ မောင်ဘာလို့အားတင်းထားရတာလဲ။ မောင်ငိုလိုက်လေ။ ငိုလိုက်ပါ။ မောင့်ရင်ထဲမှာပြည့်နေတယ်ဟုတ်လား။ ငိုလိုက်ပါမောင်ရယ်။ ချစ်သိပါတယ်။´
'ချစ်.........´
ချစ်သူကပြောမှ မျက်ရည်များ ပါးပြင်ပေးကို စီးလိမ့်လာသည်။
'ဟုတ်တယ်ချစ်၊ မောင်လဲသိပ်ကြောက်တယ်။ ဖေဖေတို့မေမေတို့ရောက်လာမှာ ကိုကြောက်တယ်။ ချစ်နဲ့ခွဲရမှာကိုကြောက်တယ်။ မောင်တို့ရဲ့ ဒီကမ္ဘာလေး အဖျက်စီးခံရမှာကို ကြောက်တယ်။ မောင်ကြောက်တယ်။´
ဟန်မဆောင်တော့ပဲ အားပါးတရငိုကြွေးလိုက်သည်။
'မောင် ကျောင်းကိုရပ်နားတင်ပြီး ချစ်တို့ထွက်ပြေးရအောင်လေ။ ခဏရှောင်နေရ အောင်။ လက်ထဲမှာလဲ ပိုက်ဆံနည်းနည်းရှိတယ်။´
ငိုသံအစား စိုးရိမ်သံများ ပြောင်းလဲနေရာယူလာသည့် ချစ်သူ့နှုတ်ခမ်းလေးကို ငတ်မွတ်စွာ စုပ်နမ်းလိုက်သည်။
'မောင်တို့ဘယ်အထိရှောင်နိုင်မှာလဲ...။ မောင်လဲစဉ်းစားဖူးပါတယ်။ ဒါပေမယ့် မောင်နောက်ထပ်ရှောင်မနေချင်တော့ဘူး။ မောင်တို့တစ်သက်လုံးစာအတွက် တစ်ကြိမ် တစ်ခါတော့ ရင်ဆိုင်ချင်တယ်။ မောင်တို့နှစ်ယောက်ရဲ့အချစ်စစ်ဟာ မောင်တို့နှစ်ယောက် ကိုကာကွယ်ပေးနိုင်မှာပါ။´
အဆိုးအညံ့တွေရယ် ကုန်ပါတော့လား။ ဘ၀မှာ အေးအေးချမ်းချမ်းလေး ခဏဖြစ်ဖြစ် နေခွင့်ရပါစေ။
'ကဲ မျက်ရည်တွေသုတ်လိုက်တော့။ ညလည်းနက်နေပြီ ပန်းကန်းတွေဆေးရဦးမယ်။´
မျက်ရည်သုတ်ပြီးနှစ်ယောက်သာအတူတူပန်းကန်များကိုသိမ်းလိုက်ကြသည်။ပန်းကန်း ဆေးရန် အိမ်အရှေ့ဖက်ခြမ်းရှိ ရေတွင်းလေးဆီကို သွားလိုက်ကြသည်။ ထိန်ထိန်သာသော လမင်းကြီး၏ အလင်းရောင်ကပင် ထိတ်လန့်ချင်စရာကောင်းလွန်းနေသည်။
'လမင်းကြီးရယ် ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို မခွဲလိုက်ပါနဲ့ပါ။ နော်´
ပန်းကန်ခွက် ယောက်များဆေးကြောကြပြီးချိန်တွင်ပြောလိုက်သောချစ်သူ၏ စကား ကြောင့် ပြုံးပြလိုက်မိသည်။ တဆက်တည်းခြေလက်သန့်စင်ကြပြီးအိမ်ထဲပြန် ၀င်လိုက်ကြ သည်။
'ချစ် ဘုရားရှိခိုးပြီး အိပ်ရာဝင်ကြရအောင်။ စိတ်ပူစရာတွေမတွေးနဲ့တော့။ အိပ်ရေး ၀၀အိပ်မှ လောကဓံကို ခံနိုင်ရည်ရှိမှာ။ စိတ်တွေလျှော့ချလိုက်တော့။´
'ဟုတ်..မောင်။´
တုန်လှုပ်ကြောက်ရွံ့နေသောချစ်သူလေးကို ကြင်နာစွာပွေ့ဖက်ထားလိုက်သည်။ နှစ်ယောက်သားအတူတူဘုရားရှိခိုးကြပြီး အိပ်ရာဝင်လိုက်သည်။ တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်လှဲလိုက်ပြီး မျက်နှာနှစ်ခုကြားတွင် ညာဖက်လက်များက တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။
ကျွန်တော်တို့နှစ်ယောက်ရဲ့အချစ်အိမ်လေး တည်တံ့နိုင်ပါစေသောဝ်.............။
