Chapter (1) (zawgyi+Unicode)
"၀ုတ်ဝုတ်...၀ုတ်ဝုတ်...၀ုတ်ဝုတ်...."
ခွေးဟောင်သံmessage ring tone ကြောင့် K မျက်လုံးမှိတ်ကာ သီချင်းနားထောင်နေရာမှ ပြုံးကာ ကွန်ပြူတာရှိရာသို့တရွေ့ရွေ့လာခဲ့သည်။
ဖွင့်ထားသောLaptop တွင် K နှင့် Chat နေကျသူတွေက စာပို့လာလေပြီ။ တနည်းအားဖြင့်ပြောရင် K ဆီကိုအခစားဝင်လာကြပြီပေါ့။ မီးစိမ်းပြီး စာပို့လာသူတွေက ၁၀ ယောက်။ သိတယ်လေ။ သူတို့K နဲ့ တွေ့သွားပြီးရင် စွဲသွားကြမှာသေချာသည်။K က ကိုယ့်အရေးအသားစွမ်းရည်ကို ယုံကြည် သည်။
"ဟိုင်း ချစ်ကေလေးနေကောင်းရဲ့လား။ "
"ဟုတ် ကောင်းတယ်ကို။ ကိုရော နေကောင်းရဲ့လား။"
"ချစ်ညီလေး ညီလေးရဲ့ဇာတ်လမ်းလေး အဆက်မတင်သေးဘူးလား။"
"ဟုတ် တင်မှာပါကိုကြီး။ ကေလေး ခုတလော mood သိပ်မ၀င်လို့ပါ။"
"ချစ်လေး...ကိုကို့ရဲ့ ပီကေလေး။ အရမ်းလွမ်းတယ်ကွာ။ မနေ့က ဘာလို့ လိုင်းမတက်တာလဲ"
"ကေလေး အရမ်းအလုပ်ရှုပ်နေလို့ပါကိုကို။ ကေလေးလည်း အတူတူပါပဲ ကိုကိုရယ်။"
"မောင်... မ ကိုခုတလောအရမ်းစိမ်းတယ်နော်။ ဘာလဲ။ အသစ်တွေ့နေလို့လား။ "
"ဟင့်အင်း မရယ်။ မောင့်လိုလူကို ဘယ်သူက မ လို အရေးစိုက်ပြီး စကားလာပြောမှာလဲ။ မောင့်အမျိုးတွေရောက်နေလို့ပါ။ မောင်လည်း မ ကို လွမ်းလို့ သေလုမတတ်ပါပဲဗျာ။"
"ကိုကြီး...နေကောင်းလား။ ချစ်တယ် ကိုကြီးကို။ ကျွန်တော်တနေ့လုံး ကိုကြီးကို သတိရနေတာ"
"ကိုကြီးလည်း အတူတူပါပဲ ညီရယ်..စာလုပ်အုံးနော်။"
"ကိုကို...ညလေးဆီ စာလည်းမပို့ဘူးနော်။ ညလေးကို စိမ်းနေတယ်။"
"ညလေးရယ် ကိုကို meeting တွေတက်နေရလို့ပါကွယ်။ လူက မအားပေမယ့် ညလေးကို အမြဲသတိရပါတယ်ဗျာ.."
K သည် စကားပြောနေကြယောက်ျားမိန်းမ အပေါင်းကို သင့်တော်သလို စာပြန်လိုက်သည်။ စာရိုက်နေကျ လက်ချောင်းများကကျင့်သားရစွာဖြင့် အားလုံးကို လျင်မြန်စွာရိုက်ပြီး စာပြန်ပြီးလေပြီ။ ဘယ်သူမှ အမျုားနဲ့တယောက်ပြောနေသည်လို့ ထင်မည်မဟုတ်ပေ။ ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ K အတွက် ဘာမှမထူးခြားပါ။ အွန်လိုင်းပေါ်မှရက်ရောလှသော အချစ်များ၊ အလွမ်းများကို K ပြုံးရုံပြုံးကာ အချစ်ဗုံးကြဲပစ် လိုက်သည်။
"ဟိုင်း My lovely K..."
ဟော...လာပါပြီ။K နှင့် လတ်တလောမှ ခင်သွားသော ဦး။ သူ လိုင်းတက်လာလေပြီ။သူလည်း K လို အွန်လိုင်းတွင် စာရေးနေသူ။ K ထက်ဝါရင့်သော၊ တည်ငြိမ်သော အရေးအသားများကို လူအများနည်းတူ K လည်း သဘောကျမိသော တစ်ယောက်သော သူပင်ဖြစ်သည်။
"မင်္ဂလာပါ ဦး။"
"မင်္ဂလာပါ ချစ်ကေလေး။"
"ဦး ဒီနေ့ ၀တ္တုအပိုင်းသစ် တင်မှာလား"
"တင်မယ် ချစ်ကေလေး။"
"ဦးရဲ့ ဇာတ်လမ်းဖတ်ရတာ ကေလေး တကယ်ဖြစ်နေသလိုခံစားရတယ် ဦးရယ်။ ဦး နည်းနည်း လျှော့ပါဦးနော်။ အပိုင်းတွေ အဲ့လောက်ဆက်တိုက်မတင်နဲ့လေ။ဦးကျန်းမာရေးထိခိုက်မှာစိုးလို့ ပြောတာပါ။"
"ကျေးဇူး ကေလေး။ ဦးက ဈာန်ဝင်ပြီးအရမ်းရေးလိုက်မိလို့ပါ။"
"ဦးက အရမ်းကိုအလေးအနက်ထားတာပဲနော်။"
"၀ါသနာကိုး ကေလေးရယ်။"
K သည် စကားပြောကောင်းသော စာရေးဆရာ ဦးကို ၀င်ရောနေတာ အကြောင်းရှိပါသည်။ သူ့ဇာတ်လမ်းထဲမှဇာတ်ကောင်များသည် ကေ လိုချင်သည့် ပုံစံကွက်တိဖြစ်နေသည်။ ထက်မြက် သော၊ ချစ်တတ်သော၊ ပြတ်သားသော၊တဇွတ်ထိုးလုပ်တတ်သော၊ ကြင်နာသော နှင်းထန်ဆိုသည့် ဇာတ်ကောင်လိုချစ်သူ မျိုးကို ကေ ချစ်သူအဖြစ်ထားချင်သည်။
ကေ့ ထံခစားသည့် ကောင်လေး၊ ကောင်မလေးများထဲတွင်ဒီလောက်လေးနက်သူ မရှိသေးပေ။ ထို့ကြောင့် ကေ စာရေးသူ သတိထားမိမည့်စကားလုံးများပစ်သွင်းကာရင်းနှီးမှုကို အရယူလိုက်ခြင်းဖြစ်သည်။ ယခုဆိုလျှင် ဦးက မိမိကို ဖွင့်ဟတိုင်ပင်သည်အထိရင်းနှီးလာလေပြီ။
သူ့စာမူကို သူချစ်သည့်သူများကို ပေးချင်ပေးမည်။မည်သူမှ ပြောခွင့်မရှိဟု ပြောသည်။ ကေ့ကို သူ့စာမူပေးမည်ဟုပြောသောအခါ K ပြုံးလိုက်မိသည်။မိမိဘက်ကျွံလာသည့် စကားကို ရအောင်ချုပ်လိုက်သည်။
"ဘယ်သူက ဘယ်သူ့ကိုချစ်တာလဲဟင်။"
တစ်ဖက်က ခဏငြိမ်သွားပြီးမှ ဆက်ပြောလာခဲ့သည်။
"ဟုတ်ပါပြီ။ ဦးက ကလေးကိုချစ်တာပါ။"
K အောင်နိင်စွာ ပြုံးလိုက်မိသည်။ ဒီတစ်ယောက်ကအရင်လူတွေထက် ခက်မည်ထင်ထားခဲ့တာ သူလည်းပဲ online ပေါ်က အခြားသူတွေလို ရရင်ဘာဖြစ်ဖြစ်အကုန်ယူမည်ဆိုတဲ့အစားထဲက ပါလား။ သို့သော် သူ့ကိုယ်ကိုယ် အသက် ၃၅ဟု ပြောသော ဦးဟု မိမိခေါ်နေသောသူသည်လတ်တလောတွင် အွန်လိုင်းပေါ်တွင် လူဖတ်များသော yaoi story ကိုရေးနေသောလူတစ်ယောက် ဖြစ်သည်။
"ဦး K ဘုရားရှိခိုးလိုက်ဦးမယ်။ ၁၅ မိနစ်လောက်ကြာမယ်။ ဦးစောင့်ချင်စောင့်လေ။ မဟုတ်လည်းဆင်းနှင့်လို့ရတယ်နော်။"
"ကောင်းပြီ ကလေး။ ဒါဆို Good night နော်။ ဦးဖုန်း Battery ဒေါင်းနေလို့။ Loveyou K လေး။"
K လိုင်းပေါ်မှ ခဏဆင်းကာ မျက်လုံးမှိတ်ထားလိုက်သည်။ဟုတ်သော်ရှိ မဟုတ်သော်ရှိ တကယ် မဟုတ်သည့်တိုင် ကေ့ကို ချစ်နေသူ၊ ကရုစိုက်နေသူရှိနေသည်ဆိုသည့် ခံစားချက်က K ကိုအရမ်း သက်တောင့်သက်သာဖြစ်စေပါသည်။
"ကောင်း ဆေးသောက်ရတော့မယ်နော်။"
အိမ်တော်ထိန်း အန်တီစုက ဆေးကို လင်ဗန်းပေါ်တင်ကာသစ်သီးဖျော်ရည်တစ်ခွက်နှင့် လာပို့သည်။
"အင်း...စားပွဲပေါ်တင်ထားလိုက် အန်တီစု။"
"တခါတည်းသောက်လိုက်ပါလား ကောင်းရယ်။ တော်ကြာ ဟိုတနေ့ကလိုကောင်းသောက်ဖို့ မေ့သွားရင်မမကြီးက အန်တီစုကို ဆူလိမ့်မယ်။"
"မဆူပါဘူး။ ထားခဲ့တော့ဗျာ.."
"ကလေးရယ် တခါတည်းသောက်လိုက်ပါနော်။ ကလေးအတွက်လိုအပ်လို့ပါ။ အန်တီစု စောင့်ပေးပါ့မယ်။ကောင်းလေး သောက်ပြီးတဲ့အထိ စောင့်ပေးမယ်။."
"ကျွတ်....."
K စိတ်ပျက်သလို စုတ်သပ်ကာ ဆောင့်ကြီးအောင့်ကြိးဖြင့်အန်တီစုလက်ထဲမှ ဆေးများကို လှမ်းယူကာ ပါးစပ်ထဲ ပစ်သွင်းလိုက်ပြီး သစ်သီးရည်ကို မော့သောက်လိုက်သည်။
နေ့တိုင်း တနေ့ သုံးကြိမ်သောက်နေရသောဆေးကို K မုန်းလှပြီ။ သောက်လည်း ဘာမှ မထူးပေ။ အထီးကျန် ဘီးတပ်ကုလားထိုင်ပေါ်မှ ဘယ်တော့မှမထနို်င်သော ဘ၀။ အကို၊ အစ်မများလို နိုင်ငံခြား စာသွားမသင်ရ၊ အပြင်ထွက်ခွင့်မရသည့်ဘ၀။ ထမင်းစားလျှင် အလုပ်သမားများ ပြင်ပေးသည့် ထမင်းကို ကိုယ့်အခန်းထဲမှာပဲ စားရသည့်ဘ၀၊ ဒယ်ဒီနှင့် မာမီလည်း အပြင်တွင် ငွေနောက် အသည်းအသန်လိုက်ကာ မိမိကို မေ့ထားသည့် ဘ၀တွင်K ဘာကို ဖက်တွယ်ပြီး အသက်ဆက်ရှင်ရမည်ကို မသိတော့ပေ။
ည ၁၁ နာရီကျော်တော့မှ ကိုကိုဖြိုးပြန်လာခဲ့သည်။ကိုကိုဖြိုးက အကိုအကြီးဆုံး။ ဒယ်ဒီတို့ ရှယ်ယာပါထားသော အထူးကုဆေးရုံကြီးတွင် ထိုင်နေသူ။
"ကောင်း...ဒီနေ့ ဘယ်လိုလဲ။ နေလို့ကောင်းရဲ့လား။"
ကိုကိုဖြိုးက အခန်းထဲဝင်လာပြီး K ၏နဖူးကိုလာစမ်းသည်။ ကေ သူ့လက်ကိုပုတ်ထုတ်ကာ
"လူနာတွေ ကိုင်လာပြီး လက်ရောဆေးလာရဲ့လား ကိုကိုဖြိုး။"
ကိုဖြိုး မျက်နှာရှုံ့မဲ့သွားသည်။ ဆတ်ဆတ်ထိမခံဖြစ်နေသောဒေါသအိုး ညီလေး ကောင်းကင်ကို ချော့လိုက်သည်။
"ဆေးလာပါတယ် ကောင်းရ။ ကိုကို ကပိုလို့တောင်ရွံတတ်တာ မင်းသိရဲ့သားနဲ့။ အခု ကိုယ်နည်းနည်းနွေးနေတယ်။ညက အဲကွန်း လျှော့မအိပ်ဘူးထင်တယ်။ကြည့်စမ်း အခုတောင်
20ံ C ထားရသလား။ မင်း ရဲ့ အဲကွန်းremote ကိုသိမ်းသွားရမယ်။"
ကိုဖြိုးက အအေးကို လျှော့ကာ ပြောလိုက်သဖြင့်ကောင်းကင် စိတ်ဆိုးသွားသည်။
"ကိုကို မလုပ်နဲ့နော်။ ကျွန်တော် ဆေးသောက်ပြီးပြီ။"
"ကောင်းကောင်းနေပါ ကောင်းရ။ မင်းအတွက် မာမီလည်း စိုးရိမ်နေတယ်။ နေမကောင်းတာတောင် ဆေးကမှန်မှန်မသောက်ချင်ဘုး။"
"ကျွန်တော်က ဘာလုပ်နေလို့လဲ ကိုကိုရ။ တော်ပြီ။ သွားတော့။ နားငြီးတယ်။"
ကိုကိုဖြိုးက အနောက်မှ သိုင်းဖက်ကာတိုးတိုးပြောလိုက်သည်။ညီလေးထံမှလိုချင်တာ ရှိတာ့ Dr.ဝေယံဖြိုးက ချော့လိုက်သည်။
"စိတ်မဆိုးပါနဲ့ ညီလေးရ။ မနက်ဖြန် ကိုကို off တယ်။ ပဲခူးသွားမလို့။ ညီ့ကို ပါခေါ်ဖို့မာမီတို့ဆီကို ခွင့်တောင်းထားပြီးသား။"
ကောင်းကင် စိတ်ဆိုးပြေသွားသည်။ ကိုကို့ကိုမော့ကြည့်ကာ မေးလိုက်သည်။
"ကိုကို့ သူငယ်ချင်းတွေနဲ့ဆိုရင် မလိုက်ဘူး။"
"ခိုင်နဲ့ပါ။ ညီလေး လိုက်ခဲ့နော်။"
ကောင်းကင် နူတ်ခမ်းဆူလိုက်သည်။ ကိုကိုကမိမိကို အကြောင်းပြကာ ရည်းစားချိန်းသွားချင်တာ။ တကယ်တော့ ကိုကို့မှာ စေ့စပ်ထားပြီးသားမိန်းကလေးရှိသည်။ သို့သော် ကိုကိုက လူရှုပ်လူပွေ။ သူနှင့်လုပ်ဖော်ကိုင်ဖက် ဆရာဝန်မလေးများကိုဟောတယောက် ဟောတယောက်တွဲနေသူ။ မာမီတို့ ကသိတော့ ကိုကို့ကို မျက်စိဒေါက်ထောက်ကြည့်နေသဖြင့်ယခု သူက မိမိကို ခုတုံးလုပ် ကာ ၇ည်းစားချိန်းမည် ဖြစ်သည်။
"နော်...ညီလေး။ ပဲခူးက အင်မတန်ကို ရှုခင်းကောင်းတဲ့ဟိုတယ်မှာ booking လုပ်ထားတယ်။ တနေ့လုံး အေးအေးဆေးဆေး အချိန်ဖြုန်းမယ်။ ညီလေးလဲ ရှုခင်းကြည့်ရင်းစာရိုက်လို့ရတယ်။ နော်..လိုက်မယ်မဟုတ်လား ကောင်း.."
ကောင်းကင် ခေါင်းငြိမ့်လိုက်သည်။ ဒီလိုမှမလိုက်ရင် မိမိ ကို ဘယ်သူမှ အပြင်လိုက်ပို့မည် မဟုတ်ပေ။
"အင်း..."
"ကိုကိုက ဒါကြောင့် ကောင်းလေးကို ချစ်ရတာ။ ကဲ... စောစောအိပ်တော့။ လိုင်းပေါ်က ဆင်းတော့။"
ကောင်းကင် ကွန်ပျူတာပိတ်ကာ အိပ်ယာဝင်လိုက်တော့သည်။မနက်ဖြန် ပဲခူးရွှေပြည်သာဟိုတယ် က ကန်နံဘေးတွင် နေပူဆာလှုံရင်း စာရေးရမည်။ အချစ်ကောင်းကင်မှအလွမ်းမိုးတိမ် ၏ နောက်ဆက်တွဲကို ဘယ်လိုလေး ဆက်ရေးမည်ဟု စိတ်ကူးယဉ်ရင်း အိပ်ပျော်သွားခဲ့သည်။
ကောင်းကင်သည် ကားနောက်ခန်းတွင် ထိုင်ပြီးရှုခင်းများကိုငေးရင်းလိုက်ပါလာခဲ့သည်။ရှေ့မှ ကားမောင်းနေသော ကိုကိုဖြိုးနှင့် သူ့ချစ်သူ ခိုင်ခိုင်ကလက်ကိုင်လိုက်၊ ပါးနမ်းလိုက်၊လုပ်နေသဖြင့် မျက်စိနောက်လာပြီး မျက်လုံးမှိတ်ကာ အိပ်လိုက်လာခဲ့သည်။ စိတ်ကူးထဲတွင် K ၏ ရေးလက်စ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေ အသက်ဝင်လာခဲ့သည်။
" မျက်လုံးမှိတ်လိုက်သည်နှင့်ထူးဒီပါက အသက်ဝင်လာခဲ့သည်။ ထူးဒီပါက K ထံ စောစောစီးစီးပေါက် ချလာပြီး အတင်းတောင်းပန်ကာမိမိကို တနေရာလိုက်ပေးခဲ့ပါရန် ခေါ်နေသည်။ အားနာတတ်သော K က သစ်စိမ်းချိုးချိုးကာ မိန်းမတစ်ယောက်နှင့်လက်ထပ်သွားသည့် ငယ်ချစ်ဦး၏ ညှိုးငယ်သော မျက်နှာကြောင့်လိုက်မသွားသင့်ဟု တွေးထားသော်လည်းဦးနှောက်က မတားဆီးနိုင်ခင် နှလုံးသား ကစေခိုင်းလို့ ခေါင်းငြိမ့်မိသွားသည်။ ရုတ်တရက်ပျော်သွားသည့် ထူးဒီပါ၏ ရုပ်ကို ကေ ကြည့်ရင်း စိတ်ထဲ ကြည်နူးသွားမိသည်။
ဘာပဲဖြစ်ဖြစ်သူနဲ့ ကေ က သူငယ်ချင်းအဖြစ်တော့ရှိသေးသည်။ သူငယ်ချင်းနှင့်အပြင်သွားတာပဲ လေ ဟုစိတ်ကိုဖြေသိမ့်ကာ ထူးဒီပါနောက်ကို လိုက်လာခဲ့သည်။ ကေ ကားမောင်းတာ နှေးလို့ဆိုပြီး ထူးက သူကိုယ်တိုင်မောင်းသည်။ကားလေးကပဲခူးသို့တရိပ်ရိပ်ဦးတည်ပြေးနေခဲ့သည်။ ထူး က ကားကို ကရုစိုက်မောင်းနေပြီး ကေ့ကို စကားတခွန်းမှမပြောသဖြင့် ကေလည်း သူ့ကို ဘာမှ ပြန် မပြောမိပါ။ ခြောက်နှစ်လုံးလုံးတွဲလာပြီး ရုတ်တရက်ဖြတ်ကာ မိန်းမယူသွားသော ငယ်ချစ်ဦးကို ကေ့ဘက်က ဘာမှစပြီးပြောစရာမရှိပါ။
ထူးရဲ့မျက်နှာကသိပ်တော့မကောင်းပေ။ သူတို့အိမ်ထောင်ရေးသိပ်အဆင်မပြေဘူးဟုကြားသည်။ ဒါကလည်း သူ့ရွေးချယ်မှုပဲလေဟုတွေးသော်လည်း ငယ်ချစ်သံယောဇဉ်ဖြင့် စိတ်တော့မကောင်းပါ။ ထူးဒီပါ မိမိကို ချစ်ပါသည်။သို့သော် သူက သားသမီးများနှင့် မိသားစုကို ဖန်တီးချင်သောကြောင့် ကေသီ့ကို ရွေးချယ်သွားခဲ့ခြင်းဖြစ်သည်။ဒါဆို သူပျော်သင့်ပါသည်။ ဘာကြောင့်အခုကျမှ မိမိကို လာရှာတာပါလိမ့်ဟု ကေတွေးနေမိသည်။
ထူးမောင်းသောကားလေးကလေကို ခွင်းကာ ပဲခူးသို့အရှိန်နှင့်ပြေးနေသကဲ့သို့ ကေ ရဲ့စိတ် ကလည်း အတိတ်ကို အရှိန်နှင့်သွားနေပါသည်။ဘယ်လောက်တောင် စိတ်တို့လွင့်မျောသွားလဲ မသိတော့။ ပဲခူးရောက်သွားမှန်းပင်မသိပေ။"
ဘယ်လောက်တောင် မိမိ၏ စိတ်ကူးယဉ်ဇာတ်လမ်းထဲ ဈာန်ဝင်သွားမိသည် မသိတော့။ ကိုကို ဖြိုးအသံကို ကြားမှသတိဝင်လာသည်။
"ကောင်း...အိပ်ပျော်နေတာလား ညီလေး။"
ကောင်းကင် မျက်လုံးဖွင့်ကြည့်လိုက်တော့ကားပါကင်မှတဆင့် ကန်ရေကိုတွေ့လိုက်ရသည်။ ကောင်းကင်၏ စိတ်တို့ လန်းသွားတော့သည်။ ကိုကိုဖြိုးကကောင်းကင်ကို ပွေ့ကာဘီးတပ် ကုလားထိုင်ပေါ်တင်ပေးလိုက်သည်။ သူ့ရည်စား မမခိုင်က စလင်းဘတ်လွယ်ကာReception
ကိုတန်းသွားကာ Booking ယူထားသည့် အခန်းသော့များကိုသွားထုတ်သည်။
"ဘယ်လိုလဲ။ သာယာတယ်နော် ကောင်း။ ကောင်းရဲ့အခန်းက ကန်ရေပြင်ကို စီးမြင်ရတယ်သိလား။ လေကလည်းလတ်ဆတ်တယ်။ ကောင်းလည်း နားနားနေနေစာရေးပေါ့။ တွေ့လား။ နေရောင်လည်း တောက်ပနေတယ်နော်။ကောင်းကင်ကလည်းကြည်လင်နေတာပဲ။ ကောင်းရဲ့ အချစ်ကောင်းကင်မှ အလွမ်းမိုးတိမ်ကို ဆက်ရေးပေါ့။ထူးဒီပါနဲ့ဇာတ်လမ်းအဆက်ပေါ့...ဟုတ်လား။"
ကောင်းကင်က နည်းနည်းရှက်သွားသည်။ မိမိရေးသည့်ဇာတ်လမ်းကို ကိုကိုဖြိုးပါးစပ်မှပြောလာ သည်ကို ကြားတော့ အံ့သြပြီးရှက်သွားသည်။
"ကိုကိုနော်။ ဘာတွေလာပြောနေတာလဲ"
ကောင်းကင်း စူပုတ်ကာပြောလိုက်သည်။ ကိုကိုဖြိုးကာရယ်ကာ ကောင်းကင်၏ ဘီးတပ် ကုလားထိုင်ကို တွန်းရင်းပြောလိုက်သည်။ ညီလေးကို ဖားထားရသည်။ဒါမှ မာမီတို့ကို ပြန်မတိုင် မှာမဟုတ်လား။
"မရှက်ပါနဲ့ကွ။ ကိုကိုလည်း ကောင်းလေးရဲ့ ပရိသတ်ပါကွ။ ထူးဒီပါကို နူတ်ဆက်ခဲ့တဲ့အခန်းကကိုကို အကြိုက်ဆုံးပဲ သိလား။"
ကောင်းကင် တကယ်မျက်နှာပူလာသည်။
"ကိုကိုနော်။ ထပ်ပြောရင် မာမီတို့ကို ဖုန်းဆက်တိုင်တော့မယ်။"
Dr. ဝေယံဖြိုးက ရယ်ကာ ကောင်းကို ချော့လိုက်သည်။
"အိုကေ...အိုကေ... ကိုကိုမစတော့ဘူး။ "
ကောင်းကင်သည် ကန်ကိုတိုက်ခတ်လာသည့်ရေနံ့သင်းသည့် လေးကို ရှုလိုက်ပြီး မျက်စိမှိတ်ကာ လိုက်လာခဲ့သည်။ မဟုတ်လျှင် ရုပ်လေးသနားကမားနှင့်ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေသည့် မိမိကို သနားသလို၊ စူးစမ်းသလိုကြည့်နေမည့် ဟိုတယ် ၀န်ထမ်းတွေရဲ့မျက်လုံးအကြည့်ကို တွေ့နေရမည် ဖြစ်သည်။
ကိုကိုဖြိုးက အလိုက်တသိဖြင့် ကောင်းကိုကောင်း၏ အခန်းထဲ တန်းပို့ပေးလိုက်သည်။ ကိုကိုပြောသည့် အတိုင်း ကောင်း၏ အခန်းက ကန်ကိုမျက်နှာမူထားသည်။ပြတင်းတံခါးကို ဖွင့်လိုက်သည်နှင့် ကန်လေအေးက အခန်းထဲဝင်လာခဲ့သည်။
"ကိုကို ကောင်းကို ၀ရန်တာကို ပို့ပေးပါ။ လက်တော့ကို တခါတည်းဆင်ပေးခဲ့နော်။"
"မနားတော့ဘူးလား ကောင်း။"
"ဟင့်အင်း။ အိပ်ရေးဝပြီ။ စာရိုက်ချင်လို့။"
"အိုကေ။ ကောင်းလေး ဘာစားမလဲ။ ကိုကို လာပို့ခိုင်းလိုက်မယ်။"
"Fresh Juice တခုခု ပို့ခိုင်းလိုက်ပါ။"
"ကောင်းပြီလေ။ နေ့လည်စာစားခါနီးလာခေါ်မယ်။ ကိုကို ခဏသွားနားလိုက်ဦးမယ်။ တခုခုလိုရင်ဖုန်းဆက်လိုက်နော်။ ကိုကို ဘေးခန်းမှာရှိနေမယ်။"
ကောင်းကင် ဘာမှမပြော ခေါင်းသာငြိမ့်လိုက်သည်။ကိုကို ကအလိုက်တသိ တံခါးပိတ်ကာ ထွက်သွားတော့သည်။ ကောင်းကင်း လက်တော့ပ်ကို ဖွင့်ကာ ကားပေါ်တွင်တွေးခဲ့သည်ကို ချရေးလိုက်သည်။ ပထမ မိမိ Account တွင် နမူနာတင်လိုက်သည်။ ပြီးလျှင် စာဖတ်သူတွေရဲ့ အမြင်ကို စောင့်ကြည့်ရမည်။ စာရေးသူများအတွက် မိမိပိုက်ဆံနှင့်မိမိ ဖုန်းဘေလ် အင်တာနက်ဘီလ် အကုန်ခံပြီး ဝါသနာအရ စာရေးသော်လည်း စာဖတ်သူများ၏ စိတ်ပါဝင်စားစွာအားပေးဖတ်ရှုမှုကလွဲပြီး ဘာမှ ပြန်မရပေ။
ဒါပေမယ့် ဒီ စာရေးရသည့် ဘဝကို ကောင်းကင် ခေါ် ကေလေး တကယ်ကို ပျော်သည်။ မိမိ လက်ရှိဘဝက ဘာဖြစ်နေပါစေ.... မအောင်မြင်သော သင်တန်းကျောင်းတစ်ခုကို ထူထောင်ပြီး စာသင်နေသည့် ဆရာဖြစ်စေ၊ စီးတီးမတ်က အရောင်းစာရေးဖြစ်စေ၊ ခရီးသွားအေဂျင်စီမှ စာရေးမဖြစ်စေ၊ စားပွဲထိုးဖြစ်စေ၊ စာရေးနေချိန် မိမိဇာတ်လမ်းထဲတွင် လုပ်ငန်းကြီးတစ်ခုကို အုပ်ချုပ်ရသည့် နိုင်ငံခြားမှ ဘွဲ့လွန်ကို ယူခဲ့သည့် ပျိုတိုင်းကြိုက်နှင်းဆီခိုင် သူဌေးသားလေးဖြစ်နေနိုင်သည်။
မင်းက သနားစရာ မျက်မမြင် ကောင်လေးတစ်ယောက်ဖြစ်နေရင်တောင် သီချင်းဆိုနေစဉ် မင်းက ဘုရင်တစ်ပါးဖြစ်သည် ဆိုသည့် ကဗျာထဲက စာသားလိုပေါ့။ ကေလည်း ကိုယ်ဖန်တီးသည့် ဇာတ်လမ်းထဲတွင်ဘယ်လိုလူ မဆို ဖြစ်ချင်တာ ဖြစ်ခွင့်ရသည်။
လက်တွေ့ဘဝမှ ထွက်ပြေးခွင့်ရသည့် စာရေးခြင်း အလုပ်ကို ကေ တကယ်ကို စွဲလန်းမိသည့် အကြောင်းရင်းဖြစ်သည်။ ကံကောင်းလျှင် အွန်လိုင်းပေါ်က မနူးမနပ်ကလေးများနှင့် အပျော်ရှာလို့ရသေးသည် မဟုတ်လား။
ကေ ထိုသို့တွေးပြီး ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။
=====================================
ဒီဇာတ်လမ်းက အရင် ကျွန်တော် ရေးခဲ့ဖူးတဲ့ (အချစ်မျက်နှာဖုံးတပ်ဆင်၍ အမုန်းဝတ်ရုံလွှမ်းခြုံသော ) ဆိုတဲ့ ဇာတ်လမ်းကို ပြန်လည်တည်းဖြတ်ပြီး ရေးသားလိုက်တာဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က ရေးထားသည့် ဟာကွက်ဖြစ်နေသည့် အခန်းများကို ပြန်လည်ပြင်ဆင်ပြီး စာဖတ်သူများ ကြည့်ရှုခံစားဖို့ အကောင်းဆုံးဖန်တီးတင်ဆက်သွားမှာဖြစ်ပါတယ်။
KAMU SEDANG MEMBACA
The Prince from the Dream Land (Completed) (အိပ်မက်တိုင်းပြည်မှ မင်းသားလေး)
Romansaလူဆိုတာ မွေးဖွားကြီးပြင်းသည့်နေရာကို ရွေးချယ်ခွင့်မရကြပေ။ တချို့က ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်သည်နှင့် ကိုယ်ဖြစ်ချင်သည့် အနေထားကို ရအောင် ကြိုးစားခွင့်ရပေမယ့် ကံဆိုးပြီး ထိုသို့ကြိုးစားခွင့်မရသော လူတချို့သည် မိမိကိုယ်ကို လှည့်စားပြီး စိတ်ကူးယဉ်လောက...