နှလုံးသား၏လိုအင်ဆန္ဒ
"ပြန်ဝတ်လို့ရပြီမလား?"
"ဟုတ်ကဲ့ မယ်မယ်~ "
ဆေးသမလေးမှ စိတ်တိုင်းကျစစ်ဆေးပြီးသည့်နောက် လင်းယွီ အပျိုတော်များ အသင့်ယူဆောင်ပေးလာသည့် ဝတ်ရုံကောင်းကောင်းတစ်ထည်အား ခန္ဓာထက်ပြန်လည်ဝတ်ဆင်လိုက်၏။ ဆေးသမလေးမှာ နတ်ဘုရားကဲ့သို့ ဧကရီ၏ နို့နှစ်ရောင်ဖွေးသည့် အသားအရည်နုထွေးထွေးအား မြင်လိုက်ရ၍ အားကျခြင်း၊အသားအရည်၏ကောင်းခြင်းဖြာဖြာအား နှစ်သက်မိခြင်းတို့ပင်ဖြစ်လာရ၏။ မည်သို့ပင်ဆိုစေ ဧကရီ၏ရိုးရှင်းရှင်းဝတ်ရုံ ကိုယ်ထက်မြန်းရရုံရှိသေးသည်။ ရေ့မြေ့သခင်က တဲနန်းဆောင်သို့ အလျင်စလိုကြွမြန်းလာပါ၏။
"အခြေအနေဘယ်လိုရှိလဲ?"
"မယ်မယ့်မှာ ကိုယ်တွင်းဒဏ်ရာ တစ်ခုတစ်လေမှ အသေးအမွှားတောင် မရှိပါဘူး အရှင်မင်းကြီး~ "
"သေချာတယ်နော်။"
"ဟုတ်ကဲ့~ "
"သွားလို့ရပြီ။ ခဏနေရင် မိဖုရားတဲဆီကို ထပ်စစ်ဆေးဖို့ သမားတော်ကို ထပ်လာခိုင်းလိုက်"
"ဟုတ်ကဲ့~ "
ဆေးသမလေးက အရိုအသေပြုကာ ထွက်ခွာသွားသည်အထိ လင်းယွီက နေရာ၌မလှုပ်မယှက်…… ဧကရာဇ်ကြွမြန်းလာသည်အား မြင်ရသည်ပင် ခေါင်းညွှတ်ခြင်းဖြင့်သာ အရိုအသေပြု၏။ ဟန်ကျင်းရှန်းမှာ သူမ၏မရိုမသေပြုမှုများထံ၌ အသားကျသွားရော့ထင့်။ စိတ်ထင့်ဟန်ပင်မပြ လင်းယွီထိုင်နေသည့် နေရာ၏မျက်နှာချင်းဆိုင်၌ အလျင်းသင့်ဝင်ထိုင်၏။
သို့ပေသိ စကားတစ်လုံးတစ်ပါဒမှမဆို ဆိတ်ဆိတ်နေမြဲ…။ လင်းယွီသည်လည်း စကားအစပျိုးပေးချင်ဟန်မရှိ မျက်လွှာချလျက်သာ သက်ပြင်းဖျော့ဖျော့ချီ၏။ ဤအခြေအနေတိုင်းဆက်ရှိနေရင်းမှပင် အမွှေးတိုင်တစ်ဝက်ခန့်မျှ ကုန်ချိန်မှ ဟန်ကျင်းရှန်းကစကားစလာ၏။
"ဘာလို့ ကျားနောက်ကို လိုက်ပြေးသွားတာလဲ?"
"……"
ဟန်ကျင်းရှန်း၏ စကားကြောင့် လင်းယွီ၏လက်ဖျားတို့ မသိမသာ ဝတ်ရုံဖျားကိုဆုပ်မိလျက်သား…။ စိတ်နှလုံးကတုန်လှုပ်သွားရသော်ငြား တည်တင်းသည့်မျက်နှာထားကမူ မည်သည့်အမူအရာမှ ပေါ်မလာခဲ့။ သို့သော် ကံကောင်းစွာနှင့်ပင် ဟန်ကျင်းရှန်းက သက်ပြင်းချရင်း စကားလွှဲ၏။
أنت تقرأ
Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)
أدب تاريخي#Zawgyi #Unicode [Own Creation ]ရှင်းချန်း ဧကရီရဲ့ လူသိမခံဝံ့တဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်~ မင်္ဂလာဦးညမှာတင် အေးစက်စက်ဧကရီဆီက အငြင်းခံခဲ့ရတဲ့ ဧကရာဇ်~ သုံးထောင်သော မိန်းမလှတွေကို ဧကရာဇ်နဲ့ ပေါင်းဖက်ရေးကို အလှည့်ကျ ဘယ်လိုစီစဉ်ရမလဲ တွေးနေတတ်တဲ့ ဧကရီ~~