( unicode )
-
-
-
ဖြစ်ကတတ်ဆန်း ဆန်တဲ့ လောကထဲ
ဘယ်သူ ၊ ဘယ်ကမှန်း မသိတဲ့
အညတရလေး တစ်ယောက် ဝင်လာခဲ့တယ် ။
နေ့စဉ်ဘဝရဲ့ ဝါသနာ အပါဆုံး အလုပ်က
ဘုရားပေးတဲ့ ဆုလာဘ်လေးကို
တစ်စိမ့်စိမ့် ငေးဖို့ ဖြစ်လာတယ် ။
အားလပ်ချိန်တိုင်းရဲ့ အဖြေရှာဖို့က
အတိမ်အနက် မဲ့သော ပုစ္ဆာငယ်လေး
တစ်ပုဒ် ဖြစ်တတ်ခဲ့တယ် ။အချစ်ဆိုတာ သူများတွေလို
မျက်ဝန်းချင်းဆုံပြီး ကျီစယ် ရမှန်း မသိခဲ့ဘူး ။
မျက်လုံးချင်း စကားပြောတယ် ဆိုတာ
ရူးနေတဲ့ သူတွေ အလုပ်လို့
မုဆိုးတစ်ယောက် အနေနဲ့ သတ်မှတ်ခဲ့တယ် ။
မြင်လေရာတိုင်း မင်းမျက်နှာလေး ပါ ဆိုတဲ့
တော်ကီသမားတွေကို လှောင်ပြောင်
ရယ်မော လိုက်ချင်စမ်းပါဘိ ။အလွမ်းဆိုတာ ပန်းကလေးတွေ နဲ့
စကားဖောင်ဖွဲ့ပြီး ကဗျာဆန်ရမှန်းလည်း
မသိခဲ့ဘူး ။ ခံစားချက်မဲ့သည့်
အရိုင်းတုံးတွေကို ရင်ဖွင့်မဲ့ အစား
အမဲလိုက်ထားတဲ့ တောဝက်သား နဲ့
ဓနိရည် ချိုချို မြည်းစမ်းမယ် ။ ရံဖန်ရံခါ
သင်းလာတတ်တဲ့ ချစ်ခြင်းရနံ့ကြောင့်
ခတ္တခဏ အမူးပြေစေတာကိုတော့
မေ့ထားကြရအောင် ။အကြင်နာဆိုတာ ချစ်သူ ကိုယ်လေး ၊
တစ်အုံနွေးနွေး ပွေ့လို့ အမှတ်တရအနမ်းတွေ
ခြွေရမှန်းလည်း မသိတတ်ခဲ့ဘူး ။
ပူလောင် အိုက်စက်မှုကို ရှေ့တန်းတင်ရင်း
စိတ်ရှုပ်စွာနဲ့ ဖယ်ထုတ်မယ် ။
အေးစက်မှုသို့ ရောက်ရှိတဲ့ ခါ
အညာစောင်ပါး ခြုံအိပ်မယ် ။
အကြင်နာဆိုတာ ဒီလောက်ဘဲ ။အချစ်ဟာ နူးညံ့ခြင်း မမည် ၊
ကြမ်းတမ်းခြင်း မမည် တဲ့
ပဝါပါးပါးလေး တစ်ထည်က
စတင်လာကြောင်း. . . ။အလွမ်းဟာ တောအုပ်မြိုင်မြိုင် ထဲက
အမဲလိုက် သက်သက်သာ ဖြစ်ကြောင်း ။အကြင်နာဟာ လက်ထဲ ရှိပြီး ၊
သွားလေရာပါတဲ့ နှစ်လုံးပြူး သေနတ်လောက်
စိတ်ဝင်စား စရာ မကောင်းကြောင်း ။တစ်လောကလုံး ကြားဖို့ အော်ပြောလိုက်မယ်
" မြိုင်ရာဇာ တွတ်ပီ လာပြီ ဟေ့ " လို့. . .။
YOU ARE READING
မြိုင်ရာဇာ နဲ့ ပဝါပါး ( မြိုင်ရာဇာ နဲ့ ပဝါပါး )
Historical Fictionမြေပုံကျမ်း + တေးဆိုရိုးမောင် မြေပုံကျမ်း + တေးဆိုရိုးမောင် _______________ [ Zawgyi ] _ _ အချိန်တွေကြာလာတော့ အကြည့်ချင်းဆုံ. . မျက်လုံးချင်း စကားပြော တတ်လာတယ် ။ အချိန်တန်ရင်လေ မြေပြန့်ကို ပြန်ရမယ့် ခရီးသွား ဧည့်သည်မို့. . တစ်ရွာသား . . ရီးစား ထားရ...