Part 1

7.7K 164 4
                                    


နှင်းဆီမိုးစက် အပိုင်း (၁)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နှင်းဆီမိုးစက်
အပိုင်း (၁)

"အို ကိုင်ထားစမ်းပါ
လမ်းပျောက်လို့ မှောင်မိုက်နေတဲ့အခါ....
အေးစက်နေတဲ့ ငါ့လက်ကလေးကို ကိုင်ထားပေးစမ်းပါ
ငါ့အတွက် အဖိုးတန်လေး
မရယ်စမ်းပါနဲ့
ငါ့ ခံစားချက်တွေကို မလှောင်စမ်းပါနဲ့
တဖွဲ့တနွဲ့နဲ့ လွမ်းပြနေတာ မဟုတ်ဘူး..
နင့်အနားမှာ ရှိနေရင်
အတောင်ပါတဲ့ ငှက်ကလေး မဟုတ်ပေမဲ့ အမြှင့်ဆုံးကို ပျံသန်းနေတယ်
လေညှင်းလေး မဟုတ်ပေမဲ့ လွတ်လပ်စွာ လွင့်မျောနေတယ်
ကျောက်ဆောင် ကျောက်သား မဟုတ်ပေမဲ့ သန်မာခိုင်ခန့် တယ်
ကျေးဇူးပြုပြီး မလွှတ်စမ်းပါနဲ့...
နင့်ကို အရမ်းချစ်တဲ့ ငါ ဒုတိယအကြိမ် ချည်းကပ်မှာ မဟုတ်ဘူး...။
နှင်းဆီင်္ပွင့်ဖက်ပေါ်က မျက်ရည်မိုးစက်လေး မခြောက်သွေ့ခင် အထိပေါ့...."

"ကိုကို "
"ပြောလေ...ဘေ့..."
မိုးစက် ဖတ်နေတဲ့ စာကြောင်းတွေနဲ့ ဖိုင်ကို ပိတ်လိုက်ပြီး ဒီဇိုင်း ပုံတွေကို ဖွင့်ကြည့်လိုက်သည်..။
"အို....ကြည့်စမ်းပါဆို...ကိုကို အမြဲ အလိုပဲနော်...ဘေ့မကြိုက်ဘူး.."
"ခဏ...ကိုကို ဒီမှာ မေးလ် စစ်နေတာလလေကွာ...ရှိုးပွဲ အတွက် စီစဉ်စရာများနေတာ ဘေ့လည်း သိရဲ့သားနဲ့ကွာ..."
"ဒါပဲ..ဒါပဲ....ဘေ့ကိုဆို ဘယ်တော့မှ အလေးမထားဘူး...တော်ပြီ...ပြန်တော့မယ်..."
"ဟာ...ဘေ့..."
မိုးစက် ပခုံးကို တွန်းပစ်ပြီး ရှေ့ခုံပေါ်က ပိုက်ဆံအိတ်အနက်ရောင်လေးကို ဆွဲယူ၍ ခြေဆောင့်ထွက်သွားတော့ ပြေးလိုက်ရမလို ကျန်ခဲ့ရမလိုနဲ့ စိတ်တွေ ရှုပ်ရပါသည်..။
မိုးစက် သက်ပြင်း တစ်ချက်ချလိုက်ကာ မေးလ်ကို ကလစ် တစ်ချက်ထောက်ပြီး မှတ်လိုက်ရတော့သည်..။
အခုနေ ပြေးလိုက်ပြီး မချော့ရင် အနည်းဆုံး တစ်ပတ်လောက်တော့ ကောက်တော့မည်လေ..။
"ဘေ့..."
"......."
ကားအနားဆီကို ရောက်နေပြီဆိုတော့ ခြေလှမ်းကျဲရုံနဲ့ မလုံလောက်တော့ပြီမို့ အပြေးအလွှားဖြစ်ကာ ခလုတ်တွေလည်း တိုက်မိသေးသည်..။
ကံကောင်းထောက်မစွာဖြင့် ကားတံခါးကို တွန်းထားလိုက်တော့ စူပုတ်ပုတ် မျက်နာလေးနဲ့ မိုက်ကြည့်ကြည့်နေသည်..။
မိုးစက် မျက်လုံးမှိတ်ပြလိုက်တော့ နှုတ်ခမ်းကိုက်ကာ မျက်စောင်းထိုးရင်း ကားတံခါးကိုပဲ ဆွဲလို့ ဖွင့်ပြန်သည်..။
ဖွင့်လို့မရမှာ သိရဲ့သားနဲ့ ဖွင့်နေတာ မို့ အသည်းယားစွာဖြင့် ပခုံးလေးကို ဆွဲယူဖက်လိုက်သည်..။
"လွှတ်.."
"လွှတ်ပါဘူး..."
"သွား...အဲ့ဒီ့ အလုပ်တွေနဲ့ပဲ ကျန်ခဲ့.."
"ဟား..ဟား...ကိုကို အလုပ်လုပ်နေတာ ဘေ့အတွက်လေ...သိရဲ့သားနဲ့ကွာ..."
"ကြားကောင်းအောင် ပြောမနေစမ်းပါနဲ့...ဖယ်.."
"ကဲ..ကြားကောင်းအောင်လည်း မပြောတော့ဘူး..တကယ်ပြန်တော့ဖို့လား.."
"အွမ်း.."
နှုတ်ခမ်းစူခေါင်းညိတ်တော့ မိုးစက် ညစ်ကျယ်ကျယ် တစ်ချက် ပြုံးလိုက်ကာ ပခုံးပေါ် အတင်းဆုပ်ဆွဲဖက်ထားတဲ့ လက်ကို ခပ်ဖြည်းဖြည်းလေး လွှတ်ပေးလိုက်သည်..။
ကားထဲကို ၀င်ထိုင်ပြီး မျက်နှာထား တည်တည်နဲ့ တံခါးပြန်ပိတ်တော့ မိုးစက် လက်ကို တံခါးပေါ်တင်ဖိရင်း တားဆီးထားမိသည်..။
"နေဦး...ဒီနေ့ ပါဆယ်ရောက်တယ်...ကိုကို မှာလိုက်တဲ့ ပိုက်ဆံအိတ်လည်း ပါတယ်နော်....တစ်ခါတည်း ယူသွားပါလား.."
"မယူဘူး.."
"ဟာ...ဘေ့ လိုချင်တယ်ဆိုလို့ မှာရတာလေဗျာ...ကိုကို မလေး ရှိုးကို သွားရင် ကြာသွားမှာ စိုးလို့ပါ..."
"ဘာအိတ်လည်း..."
နှုတ်ခမ်းစူထားတာ တစ်ထစ်လျော့ပြီး မေးတော့ မိုးစက် မပြုံးမိအောင် စိတ်ကို ထိန်းထားရင်း မျက်လုံးထောင့်ကပ်ခါ စဉ်းစား နေသလို ဟန်ဆောင်လိုက်သည်..။
"မေ့နေတာကွာ...အလ်နဲ့ စတာပဲ...ဘေ့ကြိုက်တယ်ဆိုလို့ မှာလိုက်တာလေ....ကြာနေပြီ...ပြီးခဲ့တဲ့ လတုန်းကပေါ့.."
"အလ် နဲ့စတာဆိုတော့ ဘာပါလိမ့်...အိတ်နော် ကိုကို..."
မိုးစက် မပြုံးမိအောင် စိတ်ထိန်းရင်း ချစ်စရာကောင်းတဲ့ ချာတိတ်မလေးကို အသည်းယားစွာဖြင့် ငေးဆိုက်ကြည့်နေမိသည်..။
စိတ်ကောက်တော့မည် စိတ်ဆိုးတော့မည် တစ်သက်မခေါ်ဘူးဆိုတဲ့ ကောင်မလေးက အခုတော့ အလ်နဲ့ စတဲ့ ဘရန်းတွေကို အစီအရီ ပြန်တွေးနေလောက်ပြီမို့ စိတ်ကောက်တာကို မေ့သွားမှာ အသေအချာပဲလေ..။
"အလ်ဗွီလား..."
"အဟွင်း..ဟုတ်တယ်..."
"အို...အဲဒါ ရောက်လာပြီလား.."
"အင်း..."
"လာ..လာ....ဘေ့ လိုက်ကြည့်ဦးမယ်.."
"ဟောဗျာ...ပြန်တော့မယ်ဆိုပြီး.."
"ကိုကိုနော်....မစနဲ့..."
"မစပါဘူး..ပြန်ချင်ပြီဆိုပြီး..ကားပေါ်ရောက်...အား..."
ကားတံခါး ဘောင်ပေါ် တင်ထားတဲ့ လက်ကို ဆွဲယူပြီး ဖွဖွ ကိုက်တော့ မိုးစက် သိပ်မနာပေမဲ့ အော်ပြလိုက်သည်..။
ဒါမှ ကရုဏာ တစွန်းတစနဲ့ ရပ်တန့်သွားမှာလေ..။
"စိတ်ကောက်လိုက်ရမလား.."
"အမလေး ဗျာ ကြောက်လွန်းလို့ပါ..ကဲလာဆင်း....ကိုကို ရေချိုးပြီးရင် မနက်စာ သွားစားရအောင်နော်..."
"ဟွန့်...ပြီးရော.."
ကားပေါ်ကို စိတ်ဆိုးစူပုတ်ပြီး တက်သွားတဲ့ ကောင်မလေးက အခုတော့ ခေါင်းညိတ်ပြီး ကားပေါ်က ပြန်ဆင်းလာကာ မိုးစက်လက်ကို ဆုပ်ကိုင်၍ ပြန်လိုက်လာတော့သည်..။
"ဘေ့....မှန်ကာတွေ မဖွင့်နဲ့တော့နော်...ကိုကို ရေချိုးပြီး သွားမှာနော်..."
"အင်းပါ..."
ပိုက်ဆံအိတ်ကို ကစားစရာ အရုပ်ရတဲ့ ကလေး လိုမျိုး မျက်လုံး အရောင်တောက်လေးတွေဖြင့် ကြည့်လိုက် ဖက်လိုက်လုပ်နေလို့ ပါုးလေးကို ဆွဲဖျစ်ကာ ရေချိုးခန်ထဲ ၀င်လာခဲ့လိုက်သည်..။
မိုးစက် ရေချိုးတာက ဖြစ်သလိုချိုးရင်တောင် အနည်းဆုံး နာရီဝက် ကြာမှာမို့ ကိုယ့်အကြောင်း ကိုယ် သိစွာဖြင့် သတိထားနေရသည်..။
ရေမချိုးခင် လုပ်နေကျအတိုင်း မျက်နာပေါ်က အမွှေးအမျှင်တွေ အရင်ဖယ်ရှားသည်..။
တစ်ကိုယ်လုံးကို ရေဓာတ်ပါတဲ့ ဆပ်ပြာရည်နဲ့ ရေချိုးပြီးရင် ဆံပင်အတွက် တစ်ခါ အလုပ်ရှုပ်ရပြန်သည်..။
အရာအားလုံး အဆင့်သင့် ပြီးသွားပြန်တော့ တစ်ကိုယ်လုံးကို Lotion လိမ်းရပြန်သည်..။
မိုးစက် ဘာပဲ လုပ်လုပ် အဖေ နဲ့ အမြဲ ပြဿနာတက်ရတဲ့ အထဲမှာ ဒီလို အလှအပ ကြိုက်တာလည်း တစ်ခု အပါအ၀င်ပါပဲလေ...။
အခုလို သတိထားစောင့်ကြည့်နေမဲ့ မိဘ မျက်လုံး ကွယ်ရာမှာ နေခွင့်ရတာ ဘယ်လောက်များ ကောင်းလိုက်သလည်း..။
"ကိုကို...မပြီးသေးဘူးလား.."
"ဆယ်မိနစ်လောက်ပဲ.. ဘေ့..."
"အိုး...မြန်မြန်လုပ်..."
ပျော့ဆေး ပါတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းကို ခပ်ဖြည်းဖြည်းလေး နှိပ်လျှော်နေရင်း ဆယ်မိနစ်နဲ့ ပြီးပါ့မလားလို့ တွေးလိုက်မိသည်..။
အိုး..မပြီးလို့ မဖြစ်ဘူးလေ.....ဒီချာတိတ်မလေးကို ကျွေးမွေးပြီးရင် အိမ်တိုင်ရာရောက် ပြန်ပို့ပေးရဦးမည်...။
ညနေဆိုရင် Makeup artists တစ်ယောက်နဲ့ ချိန်းထားသေးသည်..။
ဒီပုံစံ အတိုင်းဆိုရင် ည ဆယ်နာရီကျော်ရင်တောင် အိမ်ပြန်ရောက်ပါ့မလား..။
မနက်ဖြန် ခရီးထွက်ဖို့လည်း ရှိနေတာ ကိုယ့်စိတ်ကို အနည်းဆုံး သုံးနာရီလောက်တော့ အနားပေးဖို့လိုနေပါပြီ...။
"ကိုကိုး.."
"အယ်...ပြီးပြီ...ဘေ့...ပြီးပြီ..."
စိတ်ကူးယဉ်နေတဲ့ အစီအစဉ်တွေကို ရပ်တန့်လိုက်ပြီး ခေါင်းလျှော်ခြင်းကို လက်စသတ်လိုက်ကာ အချိန်တိုအတွင်း မြန်မြန်ပြီးဖို့ပဲ ကြိုးစားရတော့သည်..။
"ဒုန်း.."
"ပြီးပြီ...ဘေ့ရဲ့...ကလေးဆိုးလေးပဲကွာ..."
ခေါင်းရေသုတ်ရင်း ထွက်လာတော့မှ တံခါးဝမှာ ဆီးကြို့ မျက်စောင်းလေး ထိုးပြီး ခြေဆောင့်ခါ ခုတင်ပေါ်မှာ သွားထိုင်နေတော့သည်..။
"ဘေ့က အပြာရောင်ဆိုတော့ ကိုကိုလည်း အပြာရောင်ပဲ ၀တ်လိုက်မယ်နော်..."
"အွင်း.."
"ပိုက်ဆံအိတ် တစ်ခါထဲ ကိုင်သွားလေ..."
"သမျောစရာကြီး...နောက်ရက် ကိုကိုနဲ့ ပွဲတက်တစ်ခု လိုက်ရမယ်ဆို...အဲတော့မှ ကိုင်မယ်လေ..."
"အိုကေ...အိုကေ..."
မိုးစက် အ၀တ်အစား ခပ်မြန့်မြန်လဲပြီး ကားသော့ယူကာ အခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်.။
တစ်ခုခု ကို ပြန်ယူရလို့ အချိန် ပိုကုန်မှာ စိုးရသည်လေ..။
"ဘေ့....မာမီတို့ ဆီကို လိုက်ဦးမလား.."
"ဟင်...ကိုကို သွားမလို့လား.."
"အင်း.."
"မာမီ က ဘေ့ကို သိပ်မကြည်ဘူးလေ.."
"မဟုတ်တာကွာ...မာမီက လူကြီးဆိုတော့ ဒီလိုပဲ နေတက်လို့ပါ.."
"အင်းလေ..လိုက်မယ်...မမ တို့လည်း ရှိမယ်မလား.."
မိုးစက် ခေါင်းညိတ်လိုက်ပြီး ကားကို တစ်ဆစ်ချိုးကွေ့လိုက်ကာ မာမီဆီ အရင်သွားပြီးမှ ချာတိတ်ကို ပြန်ပို့ပေးဖို့ အစီအစဉ် ဆွဲထားလိုက်သည်..။
"ဟော...အခုပဲ ပြောနေတာ..."
"ဘာလည်း...သားလိမ္မာလေး ဘယ်လောက်သိတက်ကြောင်းပဲလား မာမီ..."
"မဟုတ်တာ....တစ်လလုံး ပေါ်မလာဘူး...ဆိုတဲ့ အကြောင်းလေ..."
"အဟဲ...မိုး အလုပ်များနေလို့ပါ မာမီရယ်..အခုလည်း မနက်ဖြန် မလေး ရှိုးအတွက် သွားရဦးမယ်..."
"ဘာရှိုးလည်း..."
"အဆိုတော် တစ်ယောက်ရဲ့ one men show လေ...မိုးပဲ စတိုင်လစ် နဲ့မိတ်ကပ် ၀တ်စုံ အားလုံး စီစဉ်ပေးရမှာ..သုံးရက်လောက်ကြာမယ်ဆိုတော့ ခုနှစ်ရက်ပေါ့.."
"အင်း...နင့်အလုပ်ပဲလေ...သြော်...ခြူးခြူးလည်း ပါလာတာကိုး..."
"ဟုတ်ကဲ့...မာမီ..."
"သမီး..မာမီတို့ကော နေကောင်းကြလား.."
"ဟုတ်ကဲ့ ကောင်းပါတယ်.."
မိုးစက် ဘေးမှာ ကပ်ပါလာတာတဲ့ ချာတိတ်ကို တွေ့တာနဲ့ မာမီ က မေးခွန်းတွေ စလာတော့ ဘယ်လိုကာကွယ်ရမလည်း စဉ်းစားထားရသည်..။
"မမ ကော မာမီ.."
"အပေါ်ထပ်မှာလားလို့.."
"သြော်...ခြူးတက်သွားလိုက်လေ...စာတမ်းကိစ္စ မေးစရာ ရှိလို့ဆို.."
ခြူးက အခြေအနေ ကို သဘောပေါက်စွာဖြင့် ခေါင်းညိတ်ပြီး လှေကားဆီကို ခပ်သွက်သွက် လျှောက်သွားတော့သည်..။
မာမီကတော့ မိုးစက်ကို ကြည့်ပြီး နှုတ်ခမ်းမဲ့ကာ အကြည့်လွဲလိုက်ရင်း သက်ပြင်းပါ တစ်ဆက်တည်းချသည်..။
"မာမီကလည်း ခြူးကိုတွေ့တာနဲ့ ရှာတာပဲ.."
"ဟဲ့..ငါ ဘာရှာလို့လည်း...သူ့မိဘတွေ အကြောင်းမေးတာ ရှာတာလား..."
မိုးစက်ရှေ့ခုံပေါ်က ရေပုလင်းကို ဆွဲယူပြီး မော့ချလိုက်ရင်း လှေကားကိုလည်း အကြည့်တစ်ချက်ရောက်သွားသည်..။
တော်ပါသေးရဲ့...။
"နင် အတည်ယူမှာလား..မိုးစက်.."
"မာမီ့ စကားကြီးကလည်း..."
"ဟုတ်တယ်လေ...အိမ်ခေါ်လာတဲ့ မိန်းကလေးတွေလည်း မနည်းဘူး..နင့်တိုက်ခန်းခေါ်သွင်းတဲ့ မိန်းကလေးတွေကော နည်းသလား...မိန်းကလေးချည်းပဲ သိက္ခာကျတာ မဟုတ်ဘူးနော်...ယောင်္ကျားမှာလည်း အမြင်မတင့်အောင်နေရင် သိက္ခာကျတာပဲ..."
"ခြူးက ငယ်ပါသေးတယ်...ကျောင်းတောင် မပြီးသေးဘူး...မိုး ဘယ်လို လက်ထပ်လို့ ရဦးမလည်း မာမီရဲ့..."
"ဟင်း...အဲဒါဆိုလည်း အနေအထိုင် ဆင်ခြင်...မိန်းကလေးဘက်ကိုလည်း ငဲ့ဦးလေ..ခြူးမာမီ တို့က အသိုင်းအ၀ိုင်းကြီးတယ်...တော်ကြာ နှစ်ဖက် မျက်နှာနာစရာတွေ့ ဖြစ်လာရင် မကောင်းဘူး.."
"ခြူးကိုတော့ မိုး တကယ်လက်ထပ်ဖို့ ဆုံးဖြတ်ထားတာပါ..မာမီရဲ့..."
"မချစ်တာတော့ မချစ်ဘူးမလား..."
မာမီက နှုတ်ခမ်းမဲ့ရင်း မေးခွန်းထုတ်တော့ မိုးစက် မျက်နှာက ရုတ်တရက် အေးစက်တည်တံ့သွားတော့သည်..။
"အချစ်ဆိုတာ ဘာလည်း တွေးရမဲ့ အရွယ်မှ မဟုတ်တော့တာပဲ...မိုးအနာဂတ်မှာ လိုက်ဖက်တဲ့ လက်တွဲဖော်လိုအပ်တယ်..အသင့်တော်ဆုံး က ခြူးပဲလေ...မာင်္မီပြောသလို အဆင့်အတန်းလိုက် နေတက်ထိုင်တက်တဲ့ မိန်းကလေးပေါ့..."
မိုးစက် ပြောနေတဲ့ စကားတွေ အဆုံးသတ်ပိုင်းမှာ ရင်ထဲ အောင့်သလိုဖြစ်ရင်း အသံတိုးလျလျ တောင် ဖြစ်သွားရသည်..။
မာမီက အံသြသလို မျက်လုံးပြူးရင်း ရင်ဘတ်ကို ဖိလိုက်ကာ
"အလို...၀သန်မိုးစက်....လွန်ခဲ့တဲ့ ငါးနှစ်က ကိစ္စမှာ ကျွန်မ ပယောကများ ပါနေလို့လား..."
"ကျစ်...မပါပါဘူး...မာမီတို့ကြောင့် မဟုတ်ဘူး...မိုး ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ..."
"အေး...သိပြီးရော...အခုမှ ဘေးကို အပြစ်ရှာသလို လာမလုပ်နဲ့နော်...အဲဒီ့ အချိန်တုန်းကလည်း နင့်ကို ငါ ပြောတယ်...ခုလည်း ပြောမယ်...မှားတယ်..."
မာမီ့ရဲ့ ပြတ်ပြတ်သားသား စွပ်စွဲချက်တွေကြောင့် မိုးစက် ရေပုလင်းကို ငေးကြည့်ရင်း သက်ပြင်း တစ်ချက် ခပ်ပြင်းပြင်း ရှိုက်ထုတ်ပစ်လိုက်သည်..။
"အခု ခြူးကိုရော...နင် နဲ့ အဆင်ပြေမယ် ထင်လားဟင်.."
"ထင်တာ မဟုတ်ဘူး...မိုး အနာဂတ်အတွက် အစီအစဉ်ဆွဲလို့ အဆင်ပြေတယ်...ဒါပဲ..."
"အစီအစဉ်ဆွဲတိုင်း ဖြစ်လာရင်တော့ကောင်းတာပေါ့လေ....မဟုတ်ရင်တော့...."
"တော်ပါတော့ မာမီရယ်...မိုး ဆီမှာ စိတ်ပင်ပန်းစရာ တွေ အရမ်းများနေတယ်...Relax ဖြစ်ဖို့ လိုတယ်....မနက်လည်း ခရီးထွက်ရဦးမယ်...နားလည်ပေးပါ မာမီ..."
"ဟင်း..."
မာမီက မျက်စောင်းပြင်းပြင်း တစ်ချက်ထိုးပြီး ခုံပေါ်က ထသွားတော့မှ မိုးစက် လှေကားကို ပြေးတက်သွားလိုက်သည်..။
အပေါ်ရောက်တော့ ခြူး နဲ့ မမ က ဆိုဖာ မှာ ထိုင်ရင်း စကားကောင်းနေကြသည်..။
"ဟော...မိုး...မနက်ဖြန် ခရီးထွက်ရမယ်ဆို..."
"ဟုတ်..မမ.."
"မိုး...ဆိုင်သစ်ကော ဘယ်လိုလည်း..."
"..ကောင်းပါတယ်..."
"လက်ခ်ျ သွားစားကြမလို့ဆို..နောက်တောင် ကျနေပြီ..."
"ဟုတ်တယ်...မာမီကို ဖုန်းဆက်ပြောရင် ဆူမှာ စိုးလို့ ကိုယ်တိုင် လာပြောတာပဲလေ.."
မိုးစက် ပခုံးတွန့်ရင်း ပြောလိုက်တော့ မမ က မျက်မှန်အောက်က မျက်လုံးပေါက်ကျဉ်းကျဉ်း ပိတ်သွားအောင် ရယ်တော့သည်..။
"ဘယ်လိုလည်း အဆူခံရပြန်ပြီလား..."
"ဆိုပါတော့..."
"ဟား..ဟား..."
"ကိုကို က ခြူးတို့ဆီ မလာတာ ကြာပြီ...သိလား..မမ...ဆူပေးဦး.."
"ကိုကို အလုပ်များနေလို့ပါ...ဘေ့ရဲ့..နောက်ကျနေပြီ... သွားကြမယ်လေ..."
"တွေ့လား...မမ...သွားတော့မယ်နော်..."
"အင်း...သူက..အမြဲ အဲလိုပါပဲ...."
ခြူးက ခုံက ထပြီး နှုတ်ဆက်နေတော့ မိုးစက် အခန်းဟောင်းထဲ ခပ်မြန်မြန် ၀င်လိုက်ပြီး လိုအပ်တဲ့ ပစ္စည်း တချို့ ခပ်မြန်မြန် ယူလိုက်သည်..။
အတိတ်နဲ့သာ သက်ဆိုင်သည့် အရိပ်အငွေ့တွေကို မခံစားချင်ပေမဲ့ ပစ္စည်းဟောင်း.တစ်ခုခု လာယူတိုင်း မွန်းကြပ်ပါသည်..။
"မမ...ဒီဘက်က ဖိနပ်ကော..."
"ဟမ်..မသိဘူးလေ..."
"ကျစ်...မိုး အခန်းထဲကို ဘယ်သူ ၀င်ရှင်းတာလည်း.."
"မာမီလေ...ဟိုတလောက ရှုပ်နေလို့ဆိုပြီး ၀င်ရှင်းသေးတယ်..."
"ဖိနပ်လိုပြီဆို...ရှာမရတော့ဘူး.."
"နင်ကလည်း လွန်တာပါ...ဆိုင် နှစ်ဆိုင်...ကိုယ်ပိုင် တိုက်ခန်း ရှိရဲ့နဲ့ ဒီမှာလည်း အခန်း တစ်ခု ယူထားသေးတယ်..."
"မိုးလည်း ဒီအိမ်က သားပါဗျာ.."
"ဟုတ်လို့လား.."
"မမ.."
မမ နဲ့ မိုးစက် အပြန်အလှန် စကားပြောနေတာကို ခြူးက ကြားထဲကနေ ပြုံးရင်း ကြည့်နေတော့ စကားတွေကို အရှိန်သတ်လိုက်ကာ ခြူးလက်ကို ဆွဲပြီး ပြန်ဆင်းလာခဲ့လိုက်သည်..။
"ဟူး.."
"ကိုကို က အိမ်နဲ့မတည့်ဘူးလားဟင်.."
"ဟင်...တည့်ပါတယ်...ဘေ့ရဲ့..."
"သိပါဘူး..ဘေ့လိုက်တိုင်း ကိုကို နဲ့ စကားကောင်း မပြောကြတော့ မတည့်ဘူး ထင်မိတာ...ဘေ့ပါလို့ တမင်လုပ်ပြနေတာပေါ့နော်..."
"ဟာ...အဲလို မဟုတ်ပါဘူး.."
မိုးစက် ကားကို အရှိန်လျော့မောင်းရင်း ခြူး မျက်နှာကို အကဲခတ်လိုက်တော့ တကယ်စိတ်မကောင်းသလို မျက်နှာငယ်လေး ဖြစ်နေပြီ..။
အိမ်မှာ ခြူးလိုက်တိုင်း မိဘတွေနဲ့ အဆင်မပြေတာ မဟုတ်ပါဘူး..။
မိုးစက် ငယ်ငယ်ကတည်းက အိမ်နဲ့ အဆင်မပြေတာကို ဘယ်လို ပြောပြရမှာလည်း..။
"ဘေ့ ကြောင့် မဟုတ်ပါ့ဘူးကွာ...ကိုကို ဆယ်တန်းအောင်ကတည်းက အိမ်နဲ့ အဆင်မပြေတာပါ..အိမ်က ကိုကို့ကို အငယ်ဆုံး ဆိုပြီး အရမ်းမျှော်လင့်ထားတယ်....အကြီးတွေလိုပဲ ဂုဏ်ထူးနဲ့ အောင်ခဲ့တော့ ရိုးရာအစဉ်အလာ အတိုင်း ဒေါက်တာ ဖြစ်မယ်...ဆေးကျောင်းသွားမယ် ထင်ခဲ့ကြတာလေ...ကိုကို မှ ၀ါသနာ မပါတာ..ဖက်ရှင် နဲ့ မိတ်ကပ်ကို စိတ်ဝင်စားတော့ တစ်အိမ်လုံး ဒေါသဖြစ်တာပေါ့...ဖေဖေ ဆိုရင် အခုချိန်ထိ ကိုကို့ အလုပ်ကို လက်မခံသေးဘူးလေ..."
"သြော်...ဒါကြောင့်လား...ကိုကို့က သနားဖို့ ကောင်းလိုက်တာ.."
ခြူးရဲ့ ကရုဏာ မျက်ဝန်းလေး ကို တွေ့တော့ မိုးစက် ခပ်နွမ်းနွမ်းဖြင့် ပြုံးပြလိုက်ရင်း ခေါင်းရမ်းကာ မီးပွိုင့်ကို အကြည့်ပို့လိုက်သည်.။
မီးနီ သွားတော့ အရှိန်တစ်ခါတည်းလျော့လိုက်ရင်း ခြူးရဲ့ ပါးလေးကို လက်ဖြင့် ဖွဖွ ဖျစ်ကာ စမိသည်..။
"ဘေ့ ကို ချစ်လား ကိုကို..."
"ဟင်..ဘာဖြစ်လို့လည်း..."
"ပြောလေ...ကိုကိုရဲ့.."
"ချစ်တာပေါ့ကွာ...သိပ်သိပ်ချစ်..."
"ဟွင့်....ဒါလေး ပြောဖို့ တွန့်ဆုတ်နေလိုက်တာ တကယ်မချစ်လို့ နေမှာပေါ့..."
"ဘေ့...ရစ်တာလား..."
"ကြည့်ပါလား..ကြည့်ပါလား...ရစ်တယ် ဖြစ်ပြန်ပြီ..."
"ရစ်တယ်ဆိုရင် ပိုချစ်မလို့ပါ.."
"ဟွန့်..."
ခပ်စူစူ ဖြစ်နေတဲ့ နှုတ်ခမ်းဖူးဖူးလေးက မထင်မရှား လက်ခနဲ့ ပြုံးသွားတော့ မိုးစက် အော်ရယ်မိတော့သည်..။
"မင်္ဂလာပါ..."
"ဟုတ်ကဲ့..."
မိုးစက် စားနေကျ ဆိုင်ကို ရောက်တော့လည်း ခြူးတို့ တစ်ခါရစ်ဖို့ အကြောင်းတစ်ခု ရသွားပြန်ပြီ..။
စားပွဲခုံမှာ ထိုင်ရုံ ရှိသေး...မျက်စောင်းက ဒိုင်းခနဲ့ ရောက်လာတော့ မျက်ခုံးပင့်သွားရသည်..။
"အဲဒါ ဘယ်သူလည်း.."
"ဟင်..ဘယ်သူလည်း.."
"ကိုကို့ ကို နှုတ်ဆက်တာလေ..."
"သြော်...မော်ဒယ် အသစ်လေ...ခြူး သိတယ်မှတ်လို့..."
"အိုး..မသိဘူး...ကိုကိုနဲ့ ဘယ်တုန်းက ဘယ်လိုသိသွားတာလည်း..."
"ဟိုနေ့က ကိုနေ နဲ့ သွားတွေ့တော့ သူ့ကို ပြင်ပေးနေတာလေ...အဲဒါနဲ့ မိတ်ဆက်ပေးရင်း သိသွားတာပါ..."
"တစ်ခါလေး တွေ့ဖူးရုံနဲ့ နှုတ်ဆက်စရာလိုလား ကိုကိုရဲ့..."
"ဘေ့ရယ်...ကိုကို တို့က အလုပ်အသိုင်းအ၀ိုင်းလေကွာ..ဘေ့က ကိုကို့ထက်ပိုသိပါတယ်နော်...ဟုတ်လား...ကဲ..ကောက်တေး လုပ်မနေနဲ့ တစ်ပတ်တောင် ခွဲရတော့မှ ကိုကို့ကို ရစ်ခဲ့တဲ့ အချိန်တွေကို ချစ်ခဲ့ရအကောင်းသားလို့ နောင်တ ရနေမယ်နော်..."
မိုးစက် သတိပေးလိုက်တော့မှ ရန်လိုနေတဲ့ မျက်ဝန်းလေးက ချက်ချင်းညိုးကျသွားကာ ဖန်ခွက်ကို ငေးဆိုက်ကြည့်ရင်း..
"တစ်ပတ်တောင်နော်..."လို့ ခပ်တိုးတိုးလေး ပြောနေသည်..။
မိုးစက် နှာခေါင်းရှုံ့ပြလိုက်ရင်း သူမရဲ့ ပါးလေးကို လှမ်းဖျစ်၍
"ဟုတ်တယ်လေ...တစ်ပတ်ပါဗျာ..."
"ဘေ့သာ စာမေးပွဲ မရှိရင် လိုက်လို့ရဖို့နော်...ကိုကို ပြန်လာရင် ဘယ်ကို သွားဦးမလည်း.."
"ချောင်းသာ မှာ ဂျုလှိုင် မွေးနေ့ကို သွားရမယ်လေ...ဘေ့လည်း လိုက်လို့ရတယ်မလား..."
"အင်း.."
မိုးစက်ရှေ့က ဟင်းပွဲကိုခပ်ပြီး ထည့်ပေးရင်း မေးလိုက်တော့ ခေါင်းကို သွက်သွက် ညိတ်ပြကာ မိုးစက် ပန်းကန်ထဲကို ဟင်းတစ်မျိုး ပြန်ထည့်ပေးနေသည်..။
"ငြိမ်းချမ်းပါစေ ကောင်မလေးရေ...ရင်ထဲက🎼 အချစ်များနဲ့ အိပ်မက်တစ်ခုကို🎼 အနာဂတ် တစ်ခုလို ထာဝရအတွက် ဖန်ဆင်းမယ်...အေးချမ်းပါစေ ချစ်သူလေးရေ...ငါ မင်းအတွက် အချိန်တိုင်း ရှိမယ်
ကမ္ဘာတစ်ခုလုံးကို🎼 ငါ အော်ပြောလိုက်မယ်...ဒီတစ်ယောက်တည်းပဲ ချစ်ပါတယ်🎼..."
"ဟလို..."
"မိုးစက်..မင်း ခရီးသွားရမယ်ဆို..."
"ဟုတ်တယ်...ကိုနေ..မနက်ဖြန် သွားမှာလေ...."
"အဆင်သင့်ဖြစ်ပြီလား.."
"အင်း အဆင်သင့်ပဲ..."
"ဟုတ်ပြီ...တစ်ခုခု လိုရင် ကြိုပြောနော်..မင်းက အနားနီးလေ ပျာလေပဲ..."
"အဟဲ..ဟုတ်ကဲ့..."
ကိုနေ ပြောလည်း ပြောချင်စရာ မိုးစက် ဘယ်လောက်ပဲ ကြိုတင် စီစဉ်ပေမဲ့ အနားနီးလာလေ အလွဲလွဲ အချောချော် ဖြစ်လေ ဆိုတာက မိုးစက် အကျင့်လို ဖြစ်နေပြီလေ...။
ဖုန်းချလိုက်ပြီးတော့ အလုပ်တွေက ခေါင်းထဲ ရောက်လာပြီမို့ ပါးစပ်ထဲက အရသာ ခံနိုင်စွမ်းကို ဦးနှောက်ရဲ့ အတွေးတွေက လွမ်းမိုးသွားတော့သည်..။
"ကိုကို...မအားရင် ဘေ့ပြန်လိုက်မယ်လေ..."
"ဟာ..မဟုတ်တာ..ကိုကို လိုက်ပို့မှာပေါ့..ဘေ့ရယ်..."
"ကိုကို အ၀တ်အစားရှာရဦးမယ်လေ.."
"ရတယ်...ဘေ့ကို တစ်ယောက်တည်း ပြန်လွှတ်ရမှာ စိတ်မချပါဘူးကွာ..ဒါပဲနော်...ကိုကို တစ်ပတ်လုံး စိတ်ချမယ်.."
"အမယ်...အဲဒါ ဘေ့က ပြောရမှာပါနော်..."
"ဟား..ဟား....ကိုကိုက အဘိုးကြီးလေ.."
"အဲလို အဘိုးကြီးတွေကိုပဲ ကြောက်နေရတာပါနော်..."
နှာခေါင်းရှုံ့ပြီး ပြောတော့ မိုးစက်ရဲ့ လက်က အလိုလို ချစ်စရာ နှာခေါင်းလေးဆီကို ရောက်သွားပြီး ခပ်ဖွဖွ ဆွဲလိုက်သည်..။
လက်ကို ပြန်ရိုက်ချလိုက် ပြန်ဆွဲလိုက်ဖြင့် နှာဖျားလေး နီလာတော့မှ စ ချင်တဲ့ စိတ်တွေကို ထိန်းချုပ်လိုက်ရသည်..။
"ဘေ့ မာမီ ကို မေးကြည့်ဦး...ကိုကို ဘာဝယ်လာရမလည်းလို့..."
"မလိုပါဘူး..မာမီက ကိုကို့ကို သိပ်ချစ်တာပဲ...ကိုကို့ မာမီကသာ ခြူးကို မချစ်တာ..."
"ဟင်း...အဲလို မဟုတ်ပါဘူ..ဘေ့ရယ်..."
"ထားပါတော့ ကိုကို စိတ်ညစ်အောင် မပြောချင်တော့ဘူး..."
အလိုက်တသိ ပြုံးပြရင်း ခက်ရင်း နဲ့ ပန်းပွင့်ဖက်ကလေး ယူခါ လှမ်းခွံပေးတော့ မိုးစက်ပြုံးရင်း စားလိုက်သည်..။
ရှစ်နှစ်ဆိုတဲ့ အသက်ကွာဟမှုနဲ့ ဆိုရင် ခြူးက အခုလို နားလည်မှုရှိတာကို ရင့်ကျက်တယ်လို့ သတ်မှတ်လို့ ရနေပါပြီ...။
မာမီတို့လည်း တစ်နေ့တော့ နားလည်နိုင်ဖို့ပဲ မျှော်လင့်ရတာပေါ့လေ..။
ခြူးကို အိမ်လိုက်ပို့ပေးပြီးတာနဲ့ မိုးစက်ရဲ့ မပြီးဆုံးနိုင်တဲ့ လုပ်ငန်းစဉ်တွေကို စရတော့သည်..။
အ၀တ်အစားကိစ္စ ဖိနပ် ကိစ္စ အပြင် မိတ်ကပ်ဆရာနဲ့လည်း အထပ်ထပ် တိုင်ပင်ပြီးတော့ ကားပေါ်ပြန်ရောက်ချိန် ည ကိုးနာရီဖြစ်နေပြီလေ...။
အခုလို နေ့ နဲ့ ညတောင် ခွဲခြားမခံစားနိုင်တဲ့ သူ တစ်ယောက်အတွက် ရင်ခုန်သံအသစ်ကို ရှာဖွေဖို့ ဘယ်မှာ အချိန်ရှိပါ့မလည်း..။
သက်ပြင်း တစ်ချက်ချပြီး ကားကို ပါကင်ထဲက ပြန်ကွေ့ထွက်ရင်းလက်က သီချင်းဖွင့်ဖို့ အလိုလို ရွေ့လျားသွားသည်..။
"အကြင်နာတွေပေးတိုင်း.....အကြင်နာပြန်ရမယ်🎼....ယုံမှတ်ပြီး.....အရာရာပုံပြီးပေး....ဒါဟာကိုယ့်အမှားလေ....ကြုံဖူးပြီ
...ထာဝစဉ်....သိပ်ချစ်တတ်လို့ မှားတတ်သူမှာ......ရင်ခုန်သင်ရိုးညွှန်းတန်းက....ဒဏ်ရာသင်ခန်းစာပဲကွယ်🎼"

နှင်းဆီမိုးစက်Where stories live. Discover now