[Zawgyi]
မျိုးနှောများသာ ကျောင်းဝင်ခွင့်ရသည့် မျိုးနှောသီးသန့်အထက်တန်းကျောင်း၏ ကျောင်းဆရာအသစ်စက်စက်လေး ရှောင်းကျန့်သည် ကျောင်းတွင်ရှိသော မျိုးနှောကျောင်းသားများ၊ မျိုးနှောကျောင်းဆရာ၊ဆရာမများကြား လက်ချိုးရေလို့ရသည့် သာမာန်ကျောင်းဆရာများထဲတစ်ယောက်အပါအဝင်ဖြစ်သည်။ သင်္ချာဘာသာကို တာဝန်ယူထားရသည့် ရှောင်းကျန့်ကို ကျောင်းသားတွေက ချစ်စနိုးနှင့် ဆရာယုန်ဟုခေါ်ကြသည်။ ရယ်လိုက်လျှင် သူဘာမှမသိသလို ဖြူစင်ငြိမ်းချမ်းသည့်ပုံပေါ်သလောက် ကျောင်းသားတွေထိန်းမရနိုင်အောင် သောင်းကျန်းနေပြီဆိုရင်ဖြင့် နှုတ်ခမ်းတွေကို စေ့စေ့ပိတ်ပြီး တစ်ချက်စိုက်ကြည့်လျှင် တစ်ခန်းလုံးငြိမ်ကျသွားနိုင်သည်အထိလည်း ကလေးတွေက ချစ်ကြောက်ကြောက်ကြသည်။
ကျောင်းသားတွေက မိမိအား ချစ်ကြောက်ရိုသေကြသော်လည်း စာသင်သည့်နေရာတွင် ရှောင်းကျန့်အမြဲအတွေးများရသည်။ စာစသင်ကာစတုန်းက ဝေခွဲမရဖြစ်ခဲ့ဖူးသည်။ အော်ဟစ်ငေါက်ငမ်းပြီးပဲ ဘီလူးဆိုင်းတီးသည့်ဆရာလုပ်ရမလား၊ ဒါဆို ကျောင်းသားတွေက ကြောက်ပြီးစာထဲအာရုံမရရင် ဘယ်လိုလုပ်ရပါ့မလဲ၊ ဒါဆို ဘာပဲလုပ်လုပ် ပြုံးပြုံးပြုံးပြုံးနှင့် ခွင့်လွှတ်ပေးတတ်သော သဘောကောင်းသည့်ဆရာလုပ်ရမလား၊ ဒါဆိုရင် ကျောင်းသားတွေက မကြောက်တော့ဘဲ စာမလုပ်တော့ရင် ဘယ့်နှယ်လုပ်ရပါ့။ နောက်ဆုံးတော့လည်း လုပ်သက်ကြာလာသောအခါ ထိုနည်းလမ်းနှစ်မျိုးလုံးကို ချင့်ချင့်ချိန်ချိန်အသုံးချပြီး ကျောင်းသားတွေစကားနားထောင်လာအောင် ရှောင်းကျန့်စီမံလာနိုင်ခဲ့သည်။ သို့ပေမယ့်လည်း နဂိုသဘောကောင်းသော ရှောင်းကျန့်အတွက် ဒေါသထွက်ရမည့်အချိန်မှာ ခပ်ရှားရှားပင်။ အမြဲပြုံးပြုံးပြုံးပြုံး၊ လေသံအေးအေးလေးနှင့် သင်္ချာပုစ္ဆာတွေကို ရှင်းပြသွားတတ်သော ရှောင်းကျန့်သည် သင်္ချာဆရာ၊ဆရာမများထဲတွင်တော့ ကျောင်းသားများအချစ်အခံရဆုံးပင်ဖြစ်သည်။ နောက်တတ်ပြောင်တတ်သော ဆယ်ကျော်သက်လေးများ၏ ကျီစားမှုကို အတိုင်းအတာတစ်ခုအထိ လက်ခံပေးထားသော ရှောင်းကျန့်၏အတန်းချိန်ဆိုလျှင် အတန်းတစ်ခုလုံး၏ ကျောင်းသူ၊ ကျောင်းသားတို့၏ မျက်နှာလေးများမှာ သင်္ချာချိန်ဟုမထင်ရအောင် လန်းဆန်းလို့နေတတ်သည်။
YOU ARE READING
Call of the Jaguar