[Zawgyi]
တစ်စုံတစ်ခု ကြီးကြီးမားမား မှားယွင်းနေခဲ့ပြီဆိုတာကို ဘယ်အချိန်မှာ စပြီးသိခဲ့ရလဲ။ လေ့ကျင့်ရေးစင်တာရှိ ကုတင်တစ်လုံးပေါ်တွင် ပြီးခဲ့သည့် ၂၄နာရီအတောအတွင်း မှတ်ဥာဏ်များက ဦးနှောက်ထဲတွင် အပိုင်းအစတစ်ချို့အဖြစ်သာကျန်ရစ်လျက် မျက်လုံးပွင့်လာခဲ့ချိန်တွင်ဖြစ်သည်။ အနက်ရောင် တောအုပ်၊ စိမ်းညို့ညို့သစ်ပင်များက တရိပ်ရိပ်ဖြတ်ပြေးသည်။ ရေညှိတက်၍ ချောနေသောသစ်ခေါက်များသည်လည်း ချွန်မြသန်မာသော ခြေသည်းများအောက် ပွန်းပဲ့ကျိုးပြတ်ကျကျန်ခဲ့သည်။ ခြေဖဝါးအောက်မှ အထိအတွေ့ခံစားချက်များက တစ်မျိုးပြီးတစ်မျိုး။ မြေကြီး၊ ရေပြင်၊ သစ်ကိုင်းသစ်ခက်များ။ လျှပ်ခနဲ လျှပ်ခနဲပေါ်လာသည့် မှတ်ဥာဏ်များထဲတွင် မြင်ကွင်းများက အမျိုးမျိုးအဖုံဖုံ၊ သစ်ပင်အမြင့်ထက်မှ၊ ရေပြင်ကို ဖြတ်ပြေး၍၊ ချုံနွယ်ပိတ်ပေါင်းများကို ခုန်ပျံကျော်လွှား၍။ ဒါပေမယ့်လည်း မှတ်ဥာဏ်တွေက ပြတ်တောင်းပြတ်တောင်း၊ အစီအစဉ်တကျ ရှိမနေခဲ့။ အလင်းတစ်စ ရှိမနေသော တောအုပ်အတွင်း တစ်ကြိမ်တစ်ခါမှ မကြုံဖူးသောအရှိန်ဖြင့် ဖြတ်ပြေးသွားသော အစိမ်းရောင်အရိပ်များ အာရုံတွင် ပေါ်လာချိန်တွင် ရုတ်တရက်ထိုးအန်ချင်လာခဲ့သည်။
ရိပေါ်ကုတင်ပေါ်မှ အရှိန်နှင့်ထလိုက်တော့ အနားတွင် ဟိုက်ခွမ်းရှိနေခဲ့သည်။ ရေချိုးခန်းထဲတွင် ပျို့အန်နေသော ရိပေါ်၏ကျောကို အသာပုတ်ပေးရင်း ဟိုင်ခွမ်းက သက်ပြင်းတစ်ချက် လေးလေးပင်ပင်ရှိုက်သည်။ ကုတင်ပေါ်ပြန်ရောက်၍ နေသာသွားဟန်ရှိမှ ရိပေါ်က ဟိုင်ခွမ်းကိုလှမ်းကြည့်လာသည်။ နားမလည်နိုင်ခြင်းတို့အပြည့်...၊ ဘာဖြစ်သွားတာလဲ မေးချင်နေသည့်ဟန်။ သူဘာလို့ ဒီလောက် အထိန်းအကွပ်မဲ့သွားရတာလဲ၊
ပုံမှန်အားဖြင့် မျိုးနှောများသည် အမျိုးအစားအလိုက် အသက်အရွယ်တစ်ခုရောက်လျှင် အသွင်ပြောင်းနိုင်စွမ်းကို ထိန်းချုပ်နိုင်ကြသည်။ ရိပေါ်သည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ထိုနေ့မတိုင်ခင်အထိပင်။
လေ့ကျင့်ရေးစင်တာသည် မြို့အပြင်ဘက်တောအုပ်၏ အလယ်ဗဟိုတည့်တည့်တွင်ရှိသည်။ ထိုနေရာသို့ ရိပေါ်တို့လို ရှားပါးမျိုးစိတ်မျိုးနှောများကို တိုက်ရိုက်တာဝန်ယူထားသည့် တာဝန်ခံများအပ အခြားမည်သူတစ်ဦးတစ်ယောက်မှ ခြေမချဖူး။ လိုအပ်သည့်နောက်ဆုံးပေါ် စက်ပစ္စည်းကိရိယာများက ထိုအဆောက်အဦထဲတွင်ပင် ရှိနေခဲ့သည်။ အသွင်ပြောင်းထားသည့် မျိုးနှောများကို တောအုပ်အတွင်းသို့ လွှတ်ပေးပြီးလျှင် တာဝန်ခံများက မောနီတာပေါ်မှ အချက်အလက်များကို ဖြည့်သွင်းသည်။ နှလုံးခုန်နှုန်း၊ အမြန်နှုန်း၊ ကျက်စားရာနေရာ၊ အနေအထိုင်အပြုအမူ အားလုံးကို မှတ်တမ်းသွင်းသည်။ တစ်လလျှင်တစ်ကြိမ်၊ ပုံမှန်အားဖြင့် နှစ်နာရီ၊ သုံးနာရီ အလွန်ဆုံးနေ့တစ်ဝက်ကြာ၍ အချက်အလက်များ ပြည့်စုံပြီဆိုလျှင် အသွင်ပြန်ပြောင်းပြီးလျှင် ထိုတစ်လအဖို့ လုံလောက်ပြီဖြစ်သည်။ သို့သော်လည်း ထိုနေ့က နာရီတစ်ပတ်လည်သွားသည်အထိ ရိပေါ်ပြန်ရောက်မလာခဲ့။ မော်နီတာပေါ်မှ ကိန်းဂဏန်းများကိုကြည့်၍ ဟိုင်ခွမ်းမျက်လုံးမျက်ဆန်ပြူးမိချိန်တွင် တပြိုင်တည်းသဘောပေါက်သွားမိသည်က ရိပေါ်သည် သာမာန်မျိုးနှောတစ်ယောက်မဟုတ်ခဲ့သည်ကိုပင်ဖြစ်သည်။ မျက်စိရှေ့မှ ဖန်သားပြင်ပေါ်တွင် လှစ်ခနဲဖြတ်ပြေးသွားသော ကျားသစ်နက်၏အလျင်က ပုံမှန်ထက် သုံးလေးဆပိုနေခဲ့သည်။ တိုးဝင်ခုန်တိုက်ခဲ့သော သစ်ပင်သစ်ခက်မှန်သမျှ မြေပေါ်တွင် ပြားပြားဝပ်ကျိုးကျန်ရစ်ခဲ့သည်။ နေညို၍ မှောင်ရိပ်လွှမ်းလာသည့် နောက်တွင်တော့ အလင်းတစ်မှုန်မရှိသော တောနက်အတွင်း အနက်ရောင် ကျားသစ်တစ်ကောင်ကို များပြားလှသော ဖန်သားပြင်များပေါ်တွင် လိုက်ရှာရခြင်းကို ဟိုက်ခွမ်းလက်လျှော့ဖြစ်ခဲ့သည်။ ကိုယ်ပေါ်တွင် မိမိနှင့်ဆက်သွယ်နိုင်သော ကိရိယာတပ်ပေးလိုက်သော်လည်း ရိပေါ်က မိမိ၏ခေါ်သံကို လုံးလုံးလျားလျား လျစ်လျူရှူနေခဲ့သည်။ အသိစိတ်လုံးလုံးလျားလျား ပျောက်ကွယ်သွားသလို။
YOU ARE READING
Call of the Jaguar