Part - 1

8.8K 1K 137
                                    

[Zawgyi]

ဘဏ်စာအုပ်တွင် အဝင်သာပြပြီး ထွက်ငွေက ပိစိ ပိစိလေးများသာရှိသောအခါ စင်တာမှလူများက ထိုငွေများမှာ နေ့စဉ်သုံးစွဲစရိတ်များဖြစ်ကြောင်း၊ စိတ်အေးလက်အေးသုံးနိုင်ကြောင်း ပြောလာသော်လည်း ရှောင်းကျန့်နားမထောင်ခဲ့။ ခေါ်လာမှတော့ တာဝန်ယူရမယ်လေ၊ ဒါမှသခင်ပီသမှာပေါ့၊ ရှောင်းကျန့်က ကျေကျေနပ်နပ်ပင်ပြောသည်။ မမှန်သောစကားလည်း မဟုတ်သောကြောင့် တစ်လတစ်ခါ စစ်ဆေးရေးလာသော စင်တာမှလူများလည်း ဘာမှပြန်မပြောနိုင်ခဲ့။ ဒါပေမယ့်လည်း ဝမ်ရိပေါ်တစ်ယောက် ဘာကြောင့် ဒီလောက် ရှောင်းကျန့်မှ ရှောင်းကျန့်ဖြစ်နေသလဲကို နားလည်သယောင်ယောင်ရှိလာခဲ့သည်။

အားလုံးက ရှင်ပါ့မလား ရင်တထိတ်ထိတ်နှင့်စောင့်ကြည့်နေရသော ဒီလောက်မွေးမြူရခက်ခဲလှသည်ဆိုသည့် ဂျာဂွာကျားသစ်နက်ကို ရင်သပ်ရှူမောရလောက်အောင် ခံ့ညားသည့် ဒီအရွယ်သို့ရောက်သည်အထိ ပြဿနာကြီးကြီးမားမားမရှိဘဲ မွေးနိုင်ခဲ့သော ရှောင်းကျန့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း စင်တာမှလူများက ရှောင်းကျန့်စကားဆိုလျှင် ဘာမဆိုလိုက်လျောပေးခဲ့သည်။

ရိပေါ်ဆေးရုံကိုသွားတာ မျိုးနှောတွေလက်မခံဘူးဆိုပြီး မောင်းထုတ်ခံရတယ် ဆိုသောစကားကြောင့် နေ့ချင်းညချင်းပင် မျိုးနှောသီးသန့်ဆေးရုံတစ်ရုံ ဖွင့်လှစ်ပေးခဲ့သည်။ မျိုးနှောများ၏ ကြီးထွားမှုနှုန်းမှာ သာမာန်လူများထက် အဆပေါင်းများစွာလျင်မြန်သဖြင့်၊ ဖိနပ်တစ်ပတ်တစ်ရံ ဝယ်နေရတာ အဆင်မပြေဘူး ဆိုသော ရှောင်းကျန့်စကားကြောင့် မျိုးနှောသီးသန့် ဖိနပ် Brand တစ်ခုကို Launch လုပ်ခဲ့သည်။

ရှားပါးမျိုးနွယ် မျိုးနှောတစ်ယောက်ကို ဒီအရွယ်အထိ ကြီးပြင်းအောင် မွေးမြူနိုင်သောအခါ ရှောင်းကျန့်ဘယ်နေရာသို့သွားသွား လူအများအာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ မျိုးနှောတီဗီပရိုဂရမ်တွင် ပါဝင်ဖို့ ဖိတ်ခေါ်ခံရသည်လည်း အကြိမ်ပေါင်းမနည်း၊ သတင်းစာ၊ မဂ္ဂဇင်းအင်တာဗျူးများအတွက် လာရှာသည့်သတင်းထောက်များလည်း မရေမတွက်နိုင်တော့သော်လည်း ရှောင်းကျန့်အားလုံးကို ငြင်းဖြစ်ခဲ့သည်။ ဒီလောက် လိမ္မာတဲ့ရိပေါ်ကို မွေးရတာ ဘာခက်ခဲတဲ့အလုပ်မို့လို့လဲ၊ အချိန်တန် ထမင်းကျွေး၊ ရေချိုးပေးရင် ပြီးနေတာကို။ သူကြီးကြီးကျယ်ကျယ်တွေ မလုပ်ချင်ခဲ့။ အင်တာဗျူးတွေ ဘာတွေ ကျွန်တော် တစ်ခုမှမလုပ်ချင်ဘူး၊ သတင်းထောက်တွေ လာမရှာအောင်လုပ်ပေးပါ ဟုစင်တာသို့သွားပြောပြီးနောက်ရက်မှစ ရှောင်းကျန့်ပတ်ဝန်းကျင်တွင် သတင်းထောက် တစ်ကောင်တစ်မြီးကိုမှ မမြင်ရတော့ပေ။

Call of the JaguarWhere stories live. Discover now