Part 12 (Unicode)

9.3K 1K 19
                                    

ဒန်နရယ်သည် ဖရက်ဒီ့ကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း မြေပြင်ပေါ်ပက်လက် လဲကျသွားခဲ့သည်။

"ဒန်နရယ်..."

ဖရက်ဒီ၏ ကျယ်လောင်လွန်းလှသော အသံသည် ညအမှောင်မှာ နက်ရှိုင်းစွာထွက်ပေါ်လာခဲ့သည်။ စူးရှသည့် အော်သံနှင့်အတူ ဖရက်ဒီ့ကိုယ်မှ အပြာရောင် လေပွေလှိုင်းများလွင့်စင်ထွက်လာကြသည်။ ဗုံးတစ်လုံးပေါက်ကွဲသလို အားပြင်းလှသော ထိုလေလှိုင်းများကြောင့် အနားမှာရှိရှိသမျှ အရာများ အားလုံး လွင့်စင်ကုန်ကြသည်။ သစ်ပင်များမှာ အမြစ်များမှ ကျွတ်ထွက်ပါသွားသလို ကျောက်တုံးကျောက်ခဲကြီးများမှာလည်း ပေါ့ပါးသော သစ်ရွက်ငယ်များလို့ ဝေးလံစွာလွင့်ပါသွားသည်။ ရှိရှိသမျှ သရဲကောင်အားလုံးသည်လည်း ထိုလေလှိုင်းအောက်တွင် မည်းနက်သော ပြာမှုန်များအဖြစ် အသွင်ပြောင်းကာ ပျောက်ကွယ်သွားကြသည်။

"ဒန်နရယ်..."

ဖရက်ဒီအသံသည် ပြာအက်နေသည်။ လဲကျသွားသည့် ဒန်နရယ့်ကိုယ် မြေပြင်ကို မထိမိချိန်မှာပင် ဒန်နရယ့်ကို သူ လှမ်းပွေ့လိုက်ပြီဖြစ်သည်။ ဒန်နရယ့်လည်ပင်းမှပွေ့ချီထားသော ဖရက်ဒီ့လက်များသည် တုန်ရင်နေသည်။ မိခင်ပျောက်သော ကလေးငယ်တစ်ယောက်လို ဖရက်ဒီ တုန်လှုပ်ခြောက်ခြားကာ ဘာဆက်လုပ်ရမှန်းမသိတော့။

"ရ.. ရတယ်.. ကျွန်တော်ဘာမှမဖြစ်ဘူး..."

နာကျင်မှုကို ကြိုးစားထိန်းချုပ်နေသည့် နီရဲနေသော သွေးများဖြင့်ပေကျံနေသည့် ဒန်နရယ်၏ နှုုတ်ခမ်းများ တဆတ်ဆတ်တုန်နေသည်။ စကားဆုံးသည်နှင့် သွေးတစ်ပွက်အန်ထုတ်လာသည်။ ဖရက်ဒီ့လက်နှင့် ဝတ်ရုံမည်းမှာ ဒန်နရယ့်သွေးများဖြင့် ပေကျံသွားသည်။

"မင်းကိုငါ ကတိတောင်းထားတယ် ဒန်နရယ်.. မင်းသေလို့မရဘူး.. ငါပြောတာကြားလား.. မင်းမသေရဘူး.."

ဖရက်ဒီရင်ထဲမှ အပူမီးတောက်သည် သူ့လည်ပင်း၊ လည်ချောင်းများမှတစ်ဆင့် တိုးတက်လာကာ မျက်လုံးပြာများကို ကျိန်းစက်ပူလောင်လာစေသည်။ ကူကယ်မည့်သူ မရှိတော့သလို အပန်းကြီးစွာ အသက်ရှူနေသော ဒန်နရယ့်ကိုယ်ကို ကိုင်လှုပ်နေမိသည်။

Black AngelWhere stories live. Discover now