Unicode
တတီတီနှင့် နှလုံးခုန်စက်မှ မြည်နေသံအပြင် လှဲလျောင်းနေသော ဆေးရုံဝတ်စုံနှင့် ကောင်မလေး၏ လက်ကို ဆုပ်ကိုင်ကာ တဖွဖွ ဆုတောင်းနေသော အသံလဲရှိသည်။ မျက်ရည်တို့မှာ ဖောင်းအစ်နေသော မျက်လုံးနီနီတို့မှ စီးကျနေသည်ကိုပင် မသုတ်အားကာ သတိမေ့နေသော ကောင်မလေး၏ မျက်နှာကိုသာ ခပ်တွေတွေလေးငေးနေလျက်ရှိသည်။ ခြောက်ကပ်နေသော နှုတ်ခမ်းတစ်စုံမှ တစ်ခုထဲသာ ရေရွတ်နေလေသည်။
"ရောင်ရေ... နှိုးလာပါတော့"
Shockရသွားတာကြောင့် သတိပြန်ရလာဖို့ သုံးလေးရက်ပဲ ကြာမယ်လို့ပြောပေမဟ့် ၅ရက်ထိတိုင်အောင် နိုးမလာသေးသောကြောင့် ညရဲ့ စိတ်တို့က ဂယောက်ဂယက်ဖြစ်လာသည်။
တစ်ခုခု သွားခဲ့ရင် ဆိုသည့်အတွေးက နေ့တိုင်း နှိပ်စက်နေ၏။ကိုယ်ချစ်ရသောသူက နှာခေါင်းပိုက်များသွင်းထားရပြီး လက်နှစ်ဖက်လုံးမှာလည်း ပတ်တီးက အဖွေးသားကို ဘယ်သူက ဝမ်းပမ်းတသာ ကြည့်နေနိုင်မလဲ။
အဆိုးဆုံးကတော့ လက်နှစ်ဖက်အပြင်မျက်လုံးနှစ်လုံးမှာလည်း မှန်စရှသွားသောကြောင့် မျက်ကြည်လွှာ ပျက်စီးသွားခဲ့လေသည်။
ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ အရေးကြီးဆုံး ဖြစ်သည့် လက်နှင့် အမြင်အာရုံကိုပါ ဆုံးရှုံးသွားရသည်ကြောင့် ရောင်သာ သတိပြန်ရလာခဲ့ရင် ယူကြုံးမရဖြစ်မည်မှာ အသေအချာပင်။
ဘယ်လောက်ပဲ စိတ်မာတယ်ပြောပြော ရောင်က စိတ်အားငယ်တတ်သည့်သူမျိုးပင်။ပြီးတော့ လူနာတစ်ယောက်ရဲ့ အသက်ကို ကယ်ဖို့ဆိုရင် ဘာမဆို လုပ်နိုင်သော သူ့လို ဆရာဝန်မျိုးကိုမှ အခုလို ဒဏ်ခတ်သည်တဲ့လား။ လူနာတွေကို ကုပေးနေရရင် ထမင်းမေ့ ဟင်းမေ့ဖြစ်တတ်တဲ့သူ့ကို အခုလို ဘဝရောက်သွားစေတယ်တဲ့လား။
ရက်စက်လှပါပေ့ ကံတရားရယ်။
"ကိုယ်ကလေ.. ရွာသေးသေးလေးတွေ မှာ ညနဲ့ အတူနေပြီး ဆေးလိုက်ကုပေးချင်တာ။ ညက ကိုယ် ပင်ပန်းရင်ပြုစုပေးပေါ့''.
"ဘာရယ်.. ညက အခိုင်းအစေလား ဟွန်း''
တစ်ချိန်က စနောက်ခဲ့သည်များကို တွေးပြီး ည မျက်ရည်တို့က ကျလာပြန်လေသည်။