Yibo's Diary - Part 4

3.6K 550 6
                                    

အကိုနဲ့ ကျွန်တော်ဟာ နီးစပ်ဖို့အတွက် စတင်ခဲ့တာ မဟုတ်သလို ဘယ်တုန်းကမှလည်း နီးစပ်ခဲ့တာမဟုတ်ဘူးဆိုတဲ့ အကြောင်းကို တစ်နေ့မှာ ရခဲ့တယ်။

ကြေးစားဘဝကနေ ရှောင်ထွက်ပြီး ပရိုဆန်ဆန်နဲ့ပဲ ဆိုင်ကယ်ပွဲတွေ ဝင်ပြိုင်တော့ဖို့ စိတ်ကူးမိတယ်။ အကိုနဲ့ ပတ်သက်လာရင် ကျွန်တော်က ကိုယ့်ကိုယ့်ကိုယ်ကိုတောင် ဖြူစင်ချင်တာ။

ပြိုင်ပွဲလက်မှတ်လေးကို အကို့ကို ကမ်းပေးတော့ အကိုက မဆိုင်းမတွ ယူတယ်။ ကျွန်တော်လေ ပျော်လိုက်တာမှ။ နောက်နေ့တွေဆို ကလိုဗာအရွက်လေးတွေကို အင်္ကျီအိတ်ကပ်ထဲ ဆောင်တော့မလားလို့တောင် မဆီမဆိုင် တွေးမိနေသေး။

Tracer 85 က ကျွန်တော့ရဲ့ လပ်ကီးနံပါတ်ပါပဲ။ ကျွန်တော့ရဲ့ လာဘ်ကောင်လေးကတော့ ပွဲကြည့်စင်တစ်နေရာမှာ နေရာယူနေလိမ့်မပေါ့။

ပထမအချီတွေမှာတော့ အဆင်ပြေနေခဲ့တာပါပဲ။ ပြဿနာက စက္ကန့်ပိုင်း အမောဖြေဖို့ ရတဲ့အချိန်မှာ ကျွန်တော်က ပွဲကြည့်စင်ကို ရိုက်ပြနေတဲ့ LED ဘုတ်ကို သွားကြည့်ရာကနေ စတယ်။

အကို့ရဲ့ မျက်နှာလေးက LED ဘုတ်ပေါ်မှာ ပေါ်လာတယ်။ အပြုံးစတွေနဲ့ အေးချမ်းနေမယ့် အကို့မျက်နှာလေးဟာ စိုးရိမ်ပူပန်မှုတွေနဲ့။ အကို ကျွန်တော့ကို စိုးရိမ်နေတာများလား ဆိုပြီး တွေးမိတော့ ကြည်နူးရိပ်က ရင်ထဲ လှိုင်းပုတ်သွားတယ်။ သိပ်တော့လည်း ကြာကြာမခံလိုက်ပါဘူး။ အကို့ပုံရိပ်လေးက LED ဘုတ်ပေါ်ကနေ ပျောက်မသွားခင် အကို့လက်ကို ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကို မြင်ဖြစ်အောင် မြင်လိုက်သေးတာ။

ဂြိုလ်ဆိုးဝင်တာပဲ။

လူမမြင်ရတဲ့ ဆိုင်ကယ်ဦးထုပ်အောက်ကနေ အသံထွက်ပြီး ဟက်ဟက်ပက်ပက်ကို ရယ်မိတယ်။ အသည်းကွဲတာက မွေးရာပါ အဖျားပဲ။ ကုစားပေးမယ့် သမားတော်ကတော့ တခြားတစ်ယောက်ဘေးမှာ။

ပြိုင်ပွဲမှာ ကျန်တဲ့ပြိုင်ပွဲဝင်တွေကို ထိပ်ဆုံးကနေ လှလှပပ ဖြတ်ချန်နိုင်ခဲ့တယ်ထင်ပေမဲ့ စိတ်တွေ ထွေပြားနေတုန်းမှာ ဘေးကနေ racer တစ်ယောက်က ကျော်တတ်သွားတယ်။ ဘေးကနေ သပ်သပ်ရပ်ရပ်လေး ပြန်ကျော်လိုက်မယ်လို့ စိတ်ကူးပါတယ်။ အတွေးထဲ အကို့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်က ပေါ်လာတယ်။ မျက်လုံးထဲမယ် ပြာထွက်သွားတာ။ ဘာမှ မမြင်ရတော့ဘူး။ နောက်ဆုံးသိလိုက်တာက ဆိုင်ကယ်က လည်ထွက်သွားတယ်။ မြက်ခင်းပြင်နဲ့ကျောနဲ့က ခပ်ပြင်းပြင်း မိတ်ဆက်တယ်။ အုန်းခနဲ အသံကြားရပြီး မြင်ကွင်းတွေဟာ အမှောင်ကျသွားတယ်။ နောက်ဆုံးအချိန်ထိကို အကို ကျွန်တော့ကို စိတ်ပူနေပါဦးမလားဆိုတဲ့ အတွေးတို့က ကြီးစိုးနေသေးတာ။

ခွင့်လွှတ်ပါလော့ ချစ်တဲ့သူရယ်။

...


ဆေးရုံတက်ရတဲ့တလျှောက်ဟာ ဘဝမှာ အကောင်းဆုံးသောအချိန်တွေပဲ။ မျက်နှာပေါ်က ဒဏ်ရာတွေကို အကိုက ညင်ညင်သာသာနဲ့ ဆေးထည့်ပေးတယ်။ အနွေးဓာတ်တို့က အကို့ရဲ့ လက်ထိပ်ဖျားကနေ တစ်ကိုယ်လုံးကို ကူးစက်တယ်။ ဒီလိုသာဆို ဆယ်ခါပြန် ဖြစ်လိုက်ချင်သေးရဲ့။

ခက်တာက အကိုရေ၊ ဒီကောင်က ဆိုင်ကယ်နဲ့ ပတ်သက်လာရင် ဘာအမှားတစ်ခုမှ မရှိခဲ့ဖူးဘူး။ အကိုနဲ့မှသာ...။

ညဘက်တွေ အိပ်မပျော်တဲ့အကြောင်း အကို့ကိုပြောတော့ အကိုက ကြိုးစားအိပ်ကြည့်ဖို့ပြောတယ်။ တကယ်တော့ အကို့စိတ်နဲ့ အိပ်ရေးတွေ ပျက်နေရတာ အကိုကတော့ ဘယ်သိမလဲ။

အကိုက အမ်မီလီဗရွန်တီ ရဲ့ လေထန်ကုန်းကို ဖတ်ပြတယ်။ အကို့ရဲ့ စကားသံဟာ နားထဲ တစ်လုံးချင်းတိုးဝင်လာတယ်။ ဝတ္ထုထဲမယ်တော့ ကက်သရင်းက ဟိကလစ်ကို တစ်မိနစ်လေးတောင်မှ ခွဲထွက်မသွားဖို့ တောင်းဆိုနေတယ်။

အခု ကျွန်တော်လည်း ကက်သရင်းအတိုင်းပါပဲလား။ အကိုရေ၊ ကျွန်တော့ကို မထားခဲ့ပါနဲ့။ ဒီကောင်က အကိုမရှိတဲ့ ဘဝကို ကျင့်သားမရတော့ဘူး အကိုရဲ့။

လူမှန်းသိတတ်စကတည်းကနေ မရခဲ့ဖူးတဲ့ မေတ္တာတွေအကြောင်းပေါ့။ ပြောလို့ မဖြစ်နိုင်တာတွေလည်း ရှိသေးရဲ့။
ဒီလိုကြားကနေ ကျွန်တော်ဟာ အကို့ကို ချစ်ခဲ့မိတယ်။

xxx


ဖြဲထားတဲ့ စာရွက် သုံးလေးရွက် မကဘူးပဲ။ ဒီအပိုင်းမှာ ပါတဲ့အကြောင်းအရာက မှင်မပျက်သေးတဲ့ စာတွေကို စုထားတာ။ 

တစ်ချို့စာရွက်တွေဆို ထက်ပိုင်းတောင် ပြဲနေတာ။ တစ်ချို့က တစ်ပိုင်းတစ်စနဲ့ မှင်တွေ ပြန့်နေလို့ ဖတ်မရတော့ဘူး။ မနည်းခက်ခက်စုထားရတယ်။ ဖတ်လို့ရမယ်လို့ ထင်ပါတယ်။




Dear Brooklyn [Completed]Wo Geschichten leben. Entdecke jetzt