ရိပေါ်ဖြဲထားတဲ့ ဒိုင်ယာရီ စာရွက်ပိုင်းအချို့
အကို့ရဲ့ ကမ္ဘာလေးဟာ အေးချမ်းမှုရဲ့ ပြယုဂ်တစ်ခု။
ပန်းချီရယ်၊ စုတ်တံရယ်၊ ဆေးရယ်၊ စာအုပ်တွေရယ်၊ ခေတ်ဟောင်းသီချင်းတွေရယ်...။
ကမ္ဘာငယ်လေးထဲ ဒီကလေကချေကောင်ကိုပါ ထည့်လို့ ရောယောင်ပြီး စိတ်ကူးယဉ်ကြည့်ဖူးတယ်။ မလိုက်ဖက်လိုက်တာဗျာ။
ကျွန်တော့မှာ နယူးယော့ခ်မြို့တော်ဝန်ကို စွဲချက်တင်ဖို့ စိတ်ကူးရှိခဲ့ဖူးတယ်။ လှပါချည်ရဲ့ဆိုတဲ့ ဘရွတ်ကလင်းရဲ့ အလှတွေက အကိုနဲ့ ယှဉ်လိုက်ရင် မှေးမှိန်ကုန်တဲ့အကြောင်း...။
ဒီအကြောင်း အကို့ကို ပြောပြတော့ အကိုက ဟက်ဟက်ပက်ပက် ရယ်တယ်။ ကျွန်တော့ရဲ့ ဂလက်ဆီတစ်ခုလုံး ထွန်းလင်းသွားသလိုပဲ။
ကျေးဇူးပြုပြီး မသိချင်ယောင်မဆောင်ပါနဲ့တော့လား အကိုရယ်။ အိပ်ချင်ယောင်ဆောင်တဲ့သူကို နှိုးရအခက်ဆုံးဆိုတာ အကိုအသိပါ။
ငြိမ်သက်ရှည်လျားတဲ့ ညနက်တွေအကြောင်း၊ အကို့အခန်းလေး မီးပိတ်သွားမှ ကျွန်တော် အိမ်ပြန်တတ်တော့တာဆိုတဲ့အကြောင်း၊ လရောင်အောက်မှာ အကိုရှိမယ့်အရပ်ဆီ ငေးကြည့်ရင်း အချစ်တွေ ယိုဖိတ်လာတယ်ဆိုတဲ့အကြောင်း...။
တခါတလေ ဘရွတ်ကလင်း ပန်းခြံ၊ အကို ကျောင်းပြန်ရာ လမ်းတစ်လျှောက်၊ အကို ထွက်ထိုင်နေကျ ဝရံတာ၊ ဘရွတ်ကလင်း ကားမှတ်တိုင်။
ခေတ်တွေ ဖြတ်သန်းသွားလည်း ကျွန်တော့အချစ်တွေက တည်တံ့နေမယ်။
လောကကြီးကို မုန်းတီးနေတဲ့ကောင်လေးအကြောင်း ပြောပြမယ် အကို နားထောင်ကြည့်မလား။
မူးယစ်ဆေးစွဲတယ်၊ လူငယ်ထိန်းသိမ်းပြုပြင်ရေး စခန်းက လွတ်လာတာ၊ ရမ်းကားတယ်၊ ဘာကိုမှ ထီမထင်ဘူး၊ ရိုင်းစိုင်းတယ်၊ မိဘမဲ့၊ အစရှိသဖြင့်...။
လူတွေသမုတ်နေကြသလို အကို မထင်မြင်မယူဆဖို့တော့ ကျွန်တော် ဆွေးနွေးမှဖြစ်မယ်။ မွေးကတည်းက အရာရာ ဆုံးရှုံးနေတဲ့ကောင်ကိုမှ ထပ်ပြီး ထိုးချနေကြတာမြင်ရတာ တရားမဲ့လွန်းလှပါတယ်။
အရာရာကို လျစ်လျူရှုလို့ ကျွန်တော်က အကို့တစ်ယောက်တည်းကိုပဲ မျက်နှာမူခဲ့တယ်။ အကိုက ကျွန်တော့ဘဝရဲ့ တရားသူကြီး။ ဒီကောင်က အကိုချမှတ်တဲ့ စီရင်ချက်ကိုပဲ ကျေကျေနပ်နပ်ကြီး လက်ခံမယ့်ကောင်။
ဪ ပတ်ဝန်းကျင်။ မလိုမုန်းထားမှုတွေကို အံတုရင်းနဲ့ အချစ်ကို ဖွဲ့နွဲ့ရဦးမယ်။ ကျွန်တော်ဟာ အကို့ကို ဘယ်ရွေ့ဘယ်မျှ ချစ်တာဆိုတဲ့အကြောင်း။
နေရောင်အားကောင်းစွာ ကျန်ရှိနေချိန်၊ ကျောင်းဆင်းချိန်ဟာ လှပလို့နေတယ်။ ကျွန်တော် အကို့ဘေးကနေ လိုက်လျှောက်တယ်။ အကိုက ခေါင်းကို ငုံ့ထားတယ်။ စိတ်ထဲမှာ ဆုံးဖြတ်ချက်တွေ ထောင်သောင်းမကချလို့ နောက်ဆုံး မဝံ့မရဲနဲ့ အကို့လက်ကို ဆွဲကိုင်တယ်။ ကျွန်တော့ကို ပြန်ငေးလို့ ပြုံးလိုက်တဲ့ အကို့အပြုံးဟာ ကြယ်တွေထက် ပိုတောက်ပတယ်။ ဘယ်လိုလုပ်ရတော့မလဲ။ နောက်နေ့ဆို စိတ်ကျန်းမာရေးဆေးရုံမှာ နာမည်စာရင်း သွားပေးလိုက်ရတော့မလား။
ကျွန်တော့နာမည် ဝမ်ရိပေါ် ပါ။ ရှောင်းကျန့် ပြုံးလိုက်တဲ့ အပြုံးကြောင့် သွက်သွက်ခါအောင် ရူးသွားရှာပါတယ်ဆိုပြီး။
ပိုင်ချင်လှပြီ အကိုရာ...။
တုန်ခါနေတဲ့ နှလုံးသားထဲ ကျွန်တော်ဟာ အကို့ရဲ့ ခြေဖျားမှာ ကျရှုံးတယ်။
အကိုဟာ ကျွန်တော့ရဲ့ အန္တိမ။
သပ္ပုရိသ မဟုတ်တဲ့ ကျွန်တော်က အကို့မှဲ့နက်နက်လေးမှာ ဈာန်လျှောတယ်။
သင်းထုံလှတဲ့ မွှေးရနံ့မှာ သန်မာလွန်းတဲ့ သွေးသားက တုန်လှုပ်ခြင်းပေါင်းမြောက်များစွာနဲ့ ခံစားတပ်မက်လို့နေပါတယ်။
ကျွန်တော့အတွက်သာ ရည်ရွယ်တဲ့ အကို့အပြုံး နောက်တစ်ပွင့်ကို တစ်သက်တာလုံး စောင့်စားလျက်...
အကို သိရဲ့လား၊ ကျွန်တော့ရင်ဘတ်ကြီးထဲမယ်တော့ နိဗ္ဗာန်ထက် ပိုပြည့်စုံတဲ့ ကမ္ဘာတစ်ခုရှိတယ်။
အဲဒီကမ္ဘာငယ်ကို ကျွန်တော်က ရှောင်းကျန့် လို့ နာမည်ပေးထားပါတယ်...။
xxx
THE THE THE ENDDDDDD
No more extra
*အန္တိမ - အဆုံးစွန်၌ဖြစ်တည်သော
* သပ္ပုရိသ - သူတော်ကောင်း
YOU ARE READING
Dear Brooklyn [Completed]
Fanfictionဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးတစ်ယောက် ရေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးကို ကောက်ရခဲ့ပါတယ်။ ဒိုင်ယာရီလေးဟာ ကောက်ရမိကတည်းက တချို့စာရွက်တွေက ဆုတ်ဖြဲခြင်းခံထားရပါတယ်။ တစ်ချို့တွေကတော့ မှင်တွေ ပြန့်ပြီး ဖတ်မရအောင် ပြဲနေတယ်။ ဖော်ပြပါအကြောင်းအရာတွေဟာ ဒိုင်ယာရီထ...