အခန်း(၄)
~~~~~~ခုတစ်လော ကျွန်တော်၏ကျန်းမာရေးအခြေအနေသည်အဆိုးဘက်သို့ရောက်နေသည်ဟုပြောရမည်။ အစာအိမ်နာကျင်ခြင်းက ယခင်ကထက်ပို၍ပြင်းထန်နေကာ နေ့များကဆက်လာသည်။ အစာအိမ်နာကျင်မှုကြောင့် ဓမ္မစကူးတောင်မသွားဖြစ်ပဲ အိပ်ရာထဲတွင်သာလှဲနေရသည်။ ကို့ကိုလဲရိုးရိုးနေမကောင်းခြင်းဖြစ်ကြောင်းတာပြောထားသည်။ ကိုကစိုးရိမ်ပူပန်နေမည်ကိုကျွန်တော်မကြည့်ရက် ။ ကလေးတစ်ဖက်အလုပ်တစ်ဖက်ဖြစ် ကျွန်တော့်အတွက်ပါ တစ်ပူထပ်ဆင့်နေမည်ကိုမဖြစ်စေလိုပေ။ တစ်ယောက်ထဲနေတာကြာလာ၍ အစာစားချိန်ကပုံမှန်မရှိ၍ ယခုနှစ်များအတွင်းကျန်းမာရေးကပိုပိုဆိုးနေမှန်းကျွန်တော်ကိုယ်တိုင်ပင်သိသည်။
ကိုကတော့ တစ်ရက်နှစ်ကြိမ်လောက် လာကြည့်ပေးပြီး ညဘက်ရောက်ရင်ဖုန်းဆက်၍အားပေးသည်။ ကိုနှင့်တွေ့လျှင်လဲ နာကျင်မှုဝေဒနာတွေကိုခေတ္တဖြေဖျောက်ထားရသည်။ ကိုကသူလုပ်ခဲ့သောလုပ်ရပ်များအတွက်သူ့ကိုသူအပြစ်မြင်ကာ ယခုအချိန်တွင်ယခင်ကထက်ကျွန်တော့်အပေါ်ဂရုစိုက်မှုပိုပေးရှာပါသည်။
"တီ....တီ.....တီ..."
ဖုန်း ringtone သံကြား၍ ကျွန်တော်ခေါင်းအုန်းအောက်ရှိဖုန်းကိုထုတ်ယူကြည့်မိသည်။ ထင်သည့်အတိုင်းပင် ကို့ဆီမှဖုန်းဖြစ်၍နေသည်။ ကျွန်တော်သက်ပျင်းကိုချလျက် အားပျော့နေသော ကိုယ်ကိုအနည်းငယ်အားယူရင်းထိုင်လိုက်သည်။
"ဟဲလိုကိုပြော...."
"ညီဘာစားပြီးပြီလဲ...ဘာစားချင်လဲကိုဘာဝယ်ခဲ့ပေးရမလဲ..."
"ရပါတယ်...ညီဘာမှမစားချင်ဘူး...."
"တစ်ခုခုတော့စားရမယ်လေညီရဲ့...အားနည်းနေမှာပေါ့....အိမ်ထဲမှာပဲနေမနေနဲ့လေ...စိတ်ပြေလက်ပျောက်ဖြစ်အောင်အပြင်ထွက်မလား...ကိုခုအလုပ်အားနေတယ်လာခေါ်လှည့်မယ်..."
ကို၏စကားကြောင့် ကျွန်တော်ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ငေးကြည့်မိသည်။
မိုးဦးအကြို မိုးသားတိမ်တိုက်များကတစ်လိမ့်လိမ့်တက်နေသည်။ မကြာမှီမှာမိုးရွာတော့မည်မှန်းကျွန်တော်သိသည်။ ထိုသို့မိုးအုံ့မှောင်မိုက်နေချိန်တွင် ကမ်းနားလမ်းသွားရသည်ကိုကျွန်တော်ကြိုက်နှစ်သက်သည်။ ကို၏စကားကိုကျွန်တော်သဘောတူရန်ဆုံးဖြတ်လိုက်၏။