အခန်း၅ အစီအစဉ်

134 18 0
                                    

မနေ့ညနေကလိုပဲ ဒရာကိုမာလ်ဖွိုင်းတယောက် ရေချိုးခန်းဘေလ်စင်နားမှာ ရပ်နေပြီး မျက်နှာသစ်နေတယ်၊ ဒီတကြိမ်မှာတော့ ဒီအပြုအမူက သူ့စိတ်တွေကို တည်ငြိမ်မသွားစေဘူး၊
မနေ့ညကပဲ သူနဲ့ဂရိန်ဂျာ မှော်ဝန်ကြီးဌာန ခရစ်စမတ်ညစာစားပွဲမှာ ရယ်မောပျော်ရွှင်ပြီး အတူကခဲ့ကြတယ်၊ အခုတော့ အဲဒီအချိန်ကလေးက ဟိုးအကြာကြီးတုန်းက ဖြစ်ခဲ့သလိုမျိုး စိတ်ထဲမှာ ခံစားနေရတယ်၊
မှန်ထဲမှာပေါ်နေတဲ့သူ့ပုံရိပ်က နွမ်းနယ်နေတယ်၊ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေပြီး မျက်ကွင်းတွေလည်း ညိုနေတယ်၊ ဘေလ်စင်ထဲကနေ ပိုက်ထဲကိုစီးကျသွားတဲ့ ရေတွေက သူ့နဖူးဒဏ်ရာကသွေးတွေ၊ ဂရိန်ဂျာ့သွေးတွေနဲ့ရောပြီး ပန်းရောင်ဖျော့ဖျော့ဖြစ်နေတယ်၊
ဂရိန်ဂျာ့ဒဏ်ရာကို တွေးမိသွားတော့ သူမျက်မှောင်ကြုတ်လိုက်မိတယ်၊ ဂရိန်ဂျာလဲနေတဲ့နေရာမှာ သွေးကွက်ကြီးဖြစ်နေတာကို သူသတိထားမိတယ်၊ ဂရိန်ဂျာဒဏ်ရာရနေတာကို သူ အခန်းထဲက‌နေထွက်မသွားခင်တုန်းက လုံးဝမသိခဲ့ဘူး၊ ကြည့်ရတာ သွေးထွက်လွန်သွားလောက်တယ်၊
သွေးထွက်လွန်နိုင်တယ်လို့ တွေးမိတော့ ဂရိန်ဂျာကို တခုခုအတင်းစားခိုင်းရရင်ကောင်းမလားလို့ စဉ်းစားမိတယ်၊ ဒါမှမဟုတ် အခန်းထဲကို စားစရာတခုခု ယူသွားပေးရမလား၊ ကြွက်လာမှာကြောက်လို့ မစားစေချင်ပေမယ့် မတတ်နိုင်တဲ့အဆုံးတော့ ဒီလိုပဲလုပ်တန်လုပ်ရမှာပဲ၊ ဒီအိမ်ကို သူစရောက်တော့ ကြွက်သိုက်ကြီးဖြစ်နေတာ မနည်းရှင်းခဲ့ရတာမို့ ဒီလိုရှင်းရတဲ့အလုပ်ကို သူလုံးဝထပ်မလုပ်ချင်တော့ဘူး၊
သူ့အစီအစဉ်ကလည်း ထင်ထားသလောက် အဆင်ချောမနေဘူး၊ ဂရိန်ဂျာကို သူ‌နေတဲ့တိုက်ခန်းမှာပဲ စစ်ဆေးမေးမြန်းဖို့ တွေးထားခဲ့တာ၊ အခုလိုမျိုး ဒီနေရာထိဆွဲခေါ်လာပြီး ပေါ်တာလာတဲ့အထိ ဓားစာခံအနေနဲ့ ဖမ်းထားဖို့က မတတ်သာတဲ့အဆုံးမှ လုပ်ဖို့စဉ်းစားထားတဲ့အစီအစဉ်ဖြစ်တယ်၊
ဂရိန်ဂျာကလည်း သူသိချင်တဲ့အကြောင်းတွေကို ဘာမှဖြေမပေးနိုင်တော့ ဒီကိုပဲ ဖမ်းခေါ်ခဲ့ရတော့တယ်၊ ဒီအစီအစဉ်ကြောင့် သူ အရမ်းစိတ်ပင်ပန်းနေပြီ၊
သူက ခေါင်းကို ခါယမ်းလိုက်တယ်၊ ဂရိန်ဂျာကို သူဘယ်လောက်ထိ ကြိမ်းမောင်းခြိမ်းခြောက်ခဲ့လဲဆိုတာ ပြန်တွေးကြည့်လိုက်တယ်၊ ဒီလိုမျိုး ခြိမ်းခြောက်အနိုင်ကျင့်တာ မှားတယ်ဆိုတာသိနေပေမယ့် ဒီလိုမှမလုပ်ရင် ဂရိန်ဂျာက ကြောက်မှာမဟုတ်ဘူး၊ ဒီလောက်ခြိမ်းခြောက်တာကိုတောင် ဂရိန်ဂျာက သူ့ကို ရန်ပြန်လုပ်နေသေးတယ်၊
သူ စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကို ဆွဲဖွပစ်လိုက်တယ်၊ ဘေလ်စင်ကို မှီလိုက်ပြီး သက်ပြင်းတချက်လည်း ချလိုက်မိတယ်၊ ဂရိန်ဂျာကို ဒီလိုမျိုးဆက်ဆံဖို့ သူမစဉ်းစားထားဘူး၊ ဒါပေမယ့် ဘာလို့မှန်းမသိ၊ သူ့အလိုလို မရည်ရွယ်ပဲ အကြမ်းဖက်ဆက်ဆံမိသွားတယ်၊ ဒီနေ့ညနေက အဖြစ်အပျက်ကို ပြန်တွေးကြည့်မိတယ်၊ ဂရိန်ဂျာရဲ့ စက်ဆုပ်ရွံရှာစွာကြည့်တဲ့အကြည့်တွေကို ပြန်‌သတိရမိလိုက်တာနဲ့ သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုဆိုတာ ပြန်အမှတ်ရသွားတယ်၊
'ရန်သူတွေ'
ညစ်နွမ်းနေတဲ့စိတ်တွေ ကြည်လင်လိုကြည်လင်ညား ရေနွေးနဲ့ရေချိုးလိုက်တယ်၊ မနေ့ညက ပွဲမှာ တခြားတယောက်အသွင် ရုပ်ဖျက်ထားရပေမယ့် ဂရိန်ဂျာနဲ့ အချိန်ဖြုန်းခဲ့ရတာ သူတကယ်ကိုပျော်ခဲ့တယ်၊ ဂရိန်ဂျာက ကြင်နာတတ်တယ်၊ ဉာဏ်ရွှင်တယ်၊ သတ္တိရှိတယ်၊ ဆွဲဆောင်မှုရှိပြီး လှပတယ်၊ ဘုရားရေ၊ လုပ်ကြပါဦး၊ သူ ဂရိန်ဂျာကို တကယ်ကြီးသဘောကျနေမိပြီ၊
သူက ခေါင်းကိုခါယမ်းပြီး အတွေးတွေကို ရှင်းထုတ်လိုက်တယ်၊ ဟာသပဲကွာ၊ ဂရိန်ဂျာနဲ့က နောက်တပတ်လုံးအတူတူနေရမှာ၊ မဟုတ်တဲ့အတွေးတွေ ခေါင်းထဲက ရှင်းထားမှဖြစ်မယ်၊ သူကသာ ဂရိန်ဂျာနဲ့အတူ ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ပြန်တွေးမိတိုင်း ပျော်နေရပေမယ့် ဂရိန်ဂျာကတော့ လုံးဝပြောင်းပြန်ပဲ၊ သွားပြီးအပြစ်တင်လို့လည်း မရပါဘူးလေ၊ ကျောင်းတက်တုန်းကလည်း သူက ဂရိန်ဂျာ့ကို အမြဲအနိုင်ကျင့်ခဲ့တယ်၊ အားလုံးလေးစားရတဲ့ ကျောင်းအုပ်ကြီးလည်း သူ့ပရောဂကြောင့်ပဲ သေခဲ့ရတယ်၊ ပြီးတော့ သူ့အိမ်မှာသူ့အဒေါ်အရူးမက ဂရိန်ဂျာ့ကို နှိပ်စက်နေတော့လည်း ဘာမှမကူညီပေးပဲ ဘေးကနေရပ်ကြည့်နေခဲ့မိတယ်၊
အလစ်သမားတွေ ဂရိန်ဂျာတို့သူငယ်ချင်းသုံးယောက်ကို မာလ်ဖွိုင်းစံအိမ်ဖမ်းခေါ်လာခဲ့တဲ့ နွေညခင်းကို ရုတ်တရက်ပြန်တွေးမိသွားတယ်၊ ဂရိန်ဂျာတို့ခံရမယ့်နှိပ်စက်မှုတွေ၊ သူလည်း ဘာမှမတတ်နိုင်ပဲ ဝင်ပါရတော့မယ်ဆိုတာတွေကို ပြန်တွေးမိတိုင်း ရင်ထဲမှာ စက်ဆုပ်ရွံရှာမိတယ်၊ ဖြစ်နိုင်တာကတော့ အဲဒီအချိန်ကစပြီး ဗော်လ်ဒီမော့ရဲ့လုပ်ရပ်တွေ၊ ဒက်အီတာတွေရဲ့ ရက်စက်မှုတွေကို သူ ရွံမုန်းခဲ့တာပဲဖြစ်မယ်၊
သူ့အဖေက သူ့ကို ပေါ်တာအစစ်ဟုတ်၊မဟုတ် ခွဲခိုင်းခဲ့တယ်၊ ကျိန်စာထိထားလို့ရုပ်ပျက်နေပေမယ့် ပေါ်တာကို ဒရာကို ချက်ချင်းမှတ်မိတယ်၊ ဒါပေမယ့် လုံးဝထုတ်‌မပြောခဲ့ဘူး၊ ပေါ်တာကို ကာကွယ်ချင်တာထက် ဗော်လ်ဒီမော့ကို မဆင့်ခေါ်စေချင်ခဲ့တာ၊ ရောက်လာခဲ့ရင် ဗောလ်ဒီမော့ဘက်သားတယောက်အနေနဲ့ လုပ်ရမယ့်လုပ်ရပ်တွေကို သူလုံးဝမသတီဘူး၊
အဲဒီနောက် ဘဲလ်လက်ထရစ်က ဓားကိုမြင်ပြီး ဒေါသအိုးပေါက်ကွဲတယ်၊ ကောင်လေးတွေကို အချုပ်ခန်းထဲပို့လိုက်ပြီး ဂရိန်ဂျာကို ခရူးရှေးတက်စ်ကျိန်စာနဲ့နှိပ်စက်‌စစ်ဆေးတယ်၊ ဂရိန်ဂျာရဲ့ နာကျင်စွာအော်ဟစ်နေတဲ့အသံကို သူ အခုချိန်ထိ နားထဲကမထွက်ဘူး၊ ဒီဖြစ်ရပ်ကြီးတခုလုံးကို စက်ဆုပ်ရွံရှာစွာ ကြောင်အပြီး ရပ်ကြည့်နေမိတယ်၊ သူတို့နှစ်ယောက်လုံး ဒုက္ခရောက်မသွားပဲ ဂရိန်ဂျာ့ကို ဘယ်လိုကယ်ပေးရမလဲဆိုတာ လုံးဝစဉ်းစားလို့မရဘူး၊
ဂရိန်ဂျာက သူ့ကို မျက်ရည်ဝဲနေတဲ့မျက်လုံးလေးနဲ့ လှမ်းကြည့်ပြီး သူတို့အကြည့်ချင်းဆုံသွားကြတယ်၊ ဂရိန်ဂျာရဲ့ အကူအညီတောင်းနေတဲ့ မျက်ဝန်းလေးကို သူလုံးဝမေ့မရဘူး၊ သူတို့တွေက သူငယ်ချင်းမဟုတ်ကြပေမယ့် ဒီနေရာမှာ ဂရိန်ဂျာရင်းနှီးတာဆို သူတယောက်ပဲရှိတယ်၊ မချိတင်ကဲဝေဒနာခံစားနေရပြီး ကောက်ရိုးတပင်ဖြစ်ဖြစ် ဖမ်းဆွဲမိချင်နေရှာတဲ့ ဂရိန်ဂျာရဲ့စိတ်ကို သူနားလည်တယ်၊ ဒီအဖြစ်ဆိုးကြီးကို ရပ်တန့်ချင်စိတ်အပြည့်နဲ့ မျှော်လင့်တကြီးကြည့်နေရှာတဲ့ မျက်ဝန်းလေးက သူ့ကို အမြဲခြောက်လန့်နေတယ်၊ ဒါပေမယ့် သူ ဘာမှမကူညီပေးခဲ့မိဘူး၊ ကြောင်အပြီးပဲ ရပ်ကြည့်နေမိတယ်၊ ဂရိန်ဂျာ သူ့ကို မုန်းသွားမှာ သေချာတယ်၊
အဲဒီနောက်တော့ ပေါ်တာနဲ့ဝီးဇလီတို့နှစ်ယောက် အိမ်မွေးမှင်စာလေးနဲ့အတူ ရောက်လာပြီး ဂရိန်ဂျာကို ကယ်ပေးလိုက်တယ်၊ သူ အရမ်းစိတ်သက်သာရာ ရသွားတယ်၊ ဒါပေမယ့် ခဏလေးပါပဲ၊
ဂရိန်ဂျာတို့ သူငယ်ချင်းသုံးယောက် စံအိမ်မှာ ကြုံခဲ့ရတဲ့အပြစ်အပျက်တွေ ဘယ်လောက်ထိ ကြောက်စရာကောင်းကောင်း သူတို့ထွက်ပြေးသွားပြီးနောက် စံအိမ်မှာ ဖြစ်တဲ့အဖြစ်အပျက်တွေကိုတော့ ဘယ်နည်းနဲ့မှ မမီနိုင်ဘူး၊
အဲဒီအချိန်ကိုပြန်တွေးမိတိုင်း အသွေးအသားထဲကထိ ကြောက်မိတယ်၊ တသက်လုံး နားသွင်းခံထားရတဲ့ အယူဝါဒတွေအကုန်လုံး ကြေမွပျက်စီးသွားတော့တယ်၊
အဲဒီနေ့က အဖြစ်အပျက်တွေကြောင့်ပဲ ဒီနေ့ ဒီအချိန်မှာ သူ ဒီနေရာကိုရောက်လာခဲ့ရတာ၊ တနှစ်အကြာမှာတော့ လက်ရှိအိမ်ကိုရောက်လာပြီး တတ်သမျှ မှတ်သမျှ မန္တာန်တွေနဲ့ အိမ်ကို အကာအကွယ်ပြုထားရတယ်၊ အသက်ရှင်ဖို့အတွက် မရေရာမသေချာတဲ့အစီအစဉ်ကြီးကိုလည်း အသည်းအသန်ဆုပ်ကိုင်ထားရသေးတယ်၊
ဒရာကို့အိမ်လေးက ခုချိန်ထိတော့ လုံခြုံနေသေးတယ်၊ ဗောလ်ဒီမော့က သူ့ကို သေသွားပြီ၊ ဒါမှမဟုတ် ဖီးနစ်အဖွဲ့က ဖမ်းထားလိုက်ပြီးလို့ ထင်နေလို့သာ အခုလို လုံခြုံနေတာဖြစ်တယ်၊ ဒရာကိုသာ သူ့ကို သစ္စာဖောက်နေတယ်လို့သိရင် ချက်ချင်းပဲ သူ့ကိုလိုက်ဖမ်းပြီး သစ္စာဖောက်မှုအတွက် အပြစ်ပေးမှာသေချာတယ်၊
ဒရာကိုအတွက် အခြေအနေက မရေမရာဖြစ်နေတယ်၊ သူက ဗောလ်ဒီမော့ကို သစ္စာမခံတော့ဘူး၊ ဒါပေမယ့် ဂရိန်ဂျာတို့ဘက်က လူတွေကလည်း သူ့ကို ယုံကြမှာမဟုတ်ဘူး၊
ဒရာကို့မှာ မှော်နက်အမှတ်အသားရှိနေတယ်၊ ခြိမ်းခြောက်ပြီး သိမ်းသွင်းခံရတာပေမယ့် ဘယ်သူက ယုံမှာလဲ၊ ဒမ်ဘယ်လ်ဒေါလ်ကို လုပ်ကြံဖို့ အကွက်ချစီစဉ်ခဲ့တယ်၊ ဒက်အီတာတွေ ကျောင်းကို ဝင်စီးနိုင်အောင် ကူညီပေးခဲ့တယ်၊ ခွင့်မလွှတ်ကျိန်စာကိုတောင် သုံးခဲ့သေးတယ်၊ အက်ဇကာဘန်မှာ တသက်တကျွန်းကျလောက်တဲ့အထိကြီးပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်၊ ဒီအတွေးတွေ ခေါင်းထဲရောက်လာတိုင်း ရင်ထဲမှာ တုန်လှုပ်မိတယ်၊
ဒီတော့ အခု ပေါ်တာနဲ့ အပေးအယူတခုလုပ်ဖို့ စဉ်းစားထားတယ်၊ ဗောလ်ဒီမော့နဲ့ပက်သက်ပြီး သူသိသမျှတွေကို ပေါ်တာတို့ ဟော့ခရပ်တွေဖျက်ဆီးရာမှာ အကူအညီရစေဖို့ အကုန်ပြောပြမယ်၊ ပေါ်တာ့ဘက်ကတော့ သူ့ကို ဗောလ်ဒီမော့မတွေ့အောင် ပုန်းထားပေးရမယ်၊ ကိစ္စတွေအားလုံးပြီးသွားရင် အက်ဇကာဘန်ကို မပို့ရဘူးလို့ ကတိပေးရမယ်၊
သူ့အခြေအနေကို ရှင်းပြလိုက်ရင် ပေါ်တာက လက်ခံပြီး စာချုပ်ချုပ်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ၊ ပေါ်တာတယောက်ပဲ ဗောလ်ဒီမော့ကို အနိုင်တိုက်မယ်လို့ သူယုံကြည်တယ်၊ အဲဒီအချိန်ကျရင် မှော်လောကတခုလုံးက ရွေးချယ်ခံရသူစကားကို နားဝင်ကြပြီး ဒရာကို့အခြေအနေကိုလည်း လက်ခံပေးကြမှာ သေချာတယ်၊
ဂရိန်ဂျာကလည်း လူလေးစားခံရတဲ့ မှော်ဆရာမတယောက်ဆိုပေမယ့် ပေါ်တာလောက်တော့ အရာမရောက်ဘူး၊ ဂရိန်ဂျာ့ကို ဖမ်းထားတာက ပေါ်တာကို ညှိနှိုင်းဖို့အတွက်ပဲ ရည်ရွယ်ထားတယ်၊
ဒါကြောင့် ဂရိန်ဂျာ့ကို ဒီအိမ်ထိဖမ်းခေါ်လာပြီး မျက်စိဒေါက်ထောက်ကြည့်နေရတာဖြစ်တယ်၊ ထွက်ပြေးမသွားဖို့၊ မှော်ကြိမ်လုံးမရသွားဖို့ အထူးသတိထားရမယ်၊ အိမ်တခုလုံးကို မန္တာန်တွေနဲ့စီရင်ထားပေမယ့် ဂရိန်ဂျာက ထက်မြက်တယ်၊ လျော့တွက်လို့ရတဲ့လူမျိုးမဟုတ်ဘူး၊
ဒီတော့ ဂရိန်ဂျာကို သေချာကြည့်ထားရမယ်၊ ပြီးတော့ သူ့ကိုယ်သူလည်း သတိထားရမယ်၊ လုံးဝပေါ့ဆလို့မဖြစ်ဘူး၊ ဂရိန်ဂျာနဲ့သူက လုံးဝသူငယ်ချင်းမဖြစ်နိုင်ဘူး၊ ပေါ်တာ သတင်းစကားကိုရပြီး သူ့ဆီကို မရောက်မလာမချင်း ဂရိန်ဂျာနဲ့ အတူနေရမှာပဲ၊
ဒရာကိုက အိပ်ခန်းထဲကို ပြန်ဝင်လာပြီး မီးခိုးရောင်ညဝတ်ဘောင်းဘီဝတ်လိုက်တယ်၊ တဘက်ကို ပခုံးပေါ်လွှားလိုက်ပြီး အခန်းထောင့်က မီးခံသေတ္တာနားကို သွားလိုက်တယ်၊ ‌ဂရိန်ဂျာရဲ့မှော်ကြိမ်လုံးနဲ့ စာအုပ်စင်က ယူလာခဲ့တဲ့ ပေါ်တာစာအုပ်ကို မီးခံသေတ္တာထဲထည့်လိုက်တယ်၊ သော့ချတဲ့မန္တာန်ကိုရွတ်ဆိုလိုက်ပြီး သေတ္တာကို သော့ခတ်လိုက်တယ်၊
ဒရာကိုက တဘက်ကို ကုလားထိုင်ပေါ်ပစ်တင်လိုက်ပြီး အိပ်ရာပေါ်တက်ကာ အိပ်ဖို့ပြင်လိုက်တယ်၊ သူ့အတွက်တော့ အိပ်ပျော်နိုင်ဖို့လုံးဝမလွယ်ဘူး၊ သူကြုံခဲ့၊ လုပ်ခဲ့တဲ့အဖြစ်အပျက်တွေအားလုံးက သူ့ကို အိပ်မက်ဆိုးတွေအဖြစ်နဲ့ ခြောက်လှန့်နေကြတယ်၊ သူက အိပ်ရာဘေးက စားပွဲအံဆွဲကို ဖွင့်ကာ အိပ်ဆေးတလုံးထုတ်ပြီး သောက်လိုက်တယ်၊ ဒီနေ့တော့ သူအိပ်ရေးဝဝအိပ်ဖို့ လိုအပ်နေတယ်၊
_______________________________________

အိပ်မက်ထဲမှာWhere stories live. Discover now