အခန်း ၈ နင်လည်း ငါ့လိုပါပဲ

179 19 15
                                    

ဒရာကိုတယောက် စာကြည့်ခန်းမှာထိုင်ပြီး မှော်နက်ပညာနဲ့ ပက်သက်တဲ့စာအုပ်တွေကို သေချာဖတ်နေတယ်၊ ဟော့ခရပ်အကြောင်း ရသလောက်ရှာမှဖြစ်မယ်၊
သူက ဖတ်ရင်း မျက်စိညောင်းလာလို့ မျက်လုံးတွေကို ပွတ်လိုက်တယ်၊ ခုချိန်ထိ ဘာမှလည်း ရေရေရာရာ မတွေ့ရသေးဘူး၊ အရမ်းပင်ပန်းလွန်းလို့ စာဖတ်ရာမှာ အာရုံမစိုက်နိုင်ဖြစ်နေပြီ၊
နာရီကြည့်လိုက်တော့ ဆယ့်တစ်နာရီခွဲတော့မယ်၊ သူက ဖတ်လက်စစာအုပ်ကို ပိတ်လိုက်ပြီး ထိုင်ရာကထလိုက်တယ်၊
နေ့လည်စာပြင်ရတော့မယ်၊ နေ့လည်စာစားပြီး ကော်ဖီတခွက်လောက် သောက်လိုက်ရင် အာရုံတွေပြန်ကြည်လာမယ် ထင်ရတာပဲ၊
မီးဖိုချောင်ကို သွားရင်း စိတ်ထဲမှာ သူ့တယောက်စာ ချက်ပြုတ်ဖို့ပဲ စဉ်းစားသွားတယ်၊ သူချက်တာကို ဂရိန်ဂျာက အရသာမတွေ့ဘူးဆိုမှတော့ ဘာလုပ်ဖို့ ဂရိန်ဂျာ့အတွက် ချက်ပေးနေရဦးမှာလဲ၊ သူ့ဘာသာသူ ချက်စားပစေလို့ပဲ တွေးနေမိတယ်၊
စိတ်ထဲမှာ ဘယ်လိုပဲတွေးတွေး လက်တွေ့မှာတော့ ချိစ်ဆန်းဒွစ်ကို နှစ်ယောက်စာပြင်လိုက်ပြီး စွပ်ပြုတ်ကို ပြန်နွေးနေတယ်၊ ကော်ဖီတအိုးလည်း ဖျော်လိုက်တယ်၊
နေ့လည်စာပြင်ရင်း ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ လမ်းလျှောက်နေတဲ့ဂရိန်ဂျာကို တွေ့လိုက်ရတယ်၊ ဂရိန်ဂျာက ခြံဝင်းအစပ်နားမှာ ဂရုတစိုက်လျှောက်နေတယ်၊ ရှေ့ကိုတိုးသွားလိုက်တိုင်း အကာအကွယ်မန္တာန်နဲ့ထိမိပြီး နောက်ကိုပြန်လွှင့်လွှင့်သွားတယ်၊
နောက်ပြန်လွှင့်ထွက်သွားတိုင်း မျက်နှာပျက်သွားတဲ့ ဂရိန်ဂျာကိုကြည့်ပြီး ဒရာကို ရယ်လိုက်တယ်၊ အကာအကွယ်မန္တာန်က ခြံဝင်းအတွင်းမှာဆို သူပြောထားသလောက် အန္တရာယ်မရှိဘူးဆိုတာ ဂရိန်ဂျာတယောက် ဘယ်တော့မှ သိသွားမလဲမပြောတတ်ဘူး၊ ဂရိန်ဂျာကို ထိခိုက်ဒဏ်ရာမရစေပဲ နောက်ကိုပဲ ပြန်လွှင့်သွားစေမယ့် အကာအကွယ်မန္တာန်မျိုး စီရင်ပေးထားတယ်၊ ဒါပေမယ့် အပြင်ကနေ ခြံဝင်းထဲကို ဝင်ဖို့ကြိုးစားမယ်ဆိုရင်တော့ အဲဒီလိုဝင်ဖို့ကြိုးစားတဲ့သူတိုင်း ဒဏ်ရာအပြင်းအထန်ရစေဖို့ မန္တာန်ကို စီရင်ထားတယ်၊
ဂရိန်ဂျာတယောက် နှင်းတောထဲမှာ ခြေဆောင့်သွားနေပြီး မမြင်ရတဲ့အကာအကွယ်ကို မျက်စောင်းထိုးနေတာ ကြည့်လို့တော့ အပျင်းပြေသား၊ တခါမှာတော့ ဂရိန်ဂျာ အကာအကွယ်ကို အတင်းဝင်တိုးလိုက်လို့ နောက်ပြန်လဲကျသွားတာကို မြင်လိုက်ပြီး အော်ရယ်မိတယ်၊
ဂရိန်ဂျာ ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ၊ သူစီရင်ထားတဲ့ အကာအကွယ်ကို လုံးဝမဖြတ်သွားနိုင်ဘူး၊ အင်း မှော်ကြိမ်လုံးမပါရင်ပေါ့လေ၊
ဒါကြောင့်မို့လည်း ဂရိန်ဂျာကို အပြင်ထွက်လမ်းလျှောက်ခွင့်ပြုထားတာဖြစ်တယ်၊ ဒါပေမယ့် စိတ်ချရအောင် ဂရိန်ဂျာ အကာအကွယ်ကိုဖြတ်ပြီး တောအုပ်ထဲခြေချမိတာနဲ့ အချက်ပေးမယ့် မန္တာန်ကိုလည်း စီရင်ထားရသေးတယ်၊ ဒါကလည်း ဂရိန်ဂျာ့လုံခြုံရေးအတွက် စီစဉ်ထားရတာပါ၊
ဒရာကိုက မီးကင်‌နေတဲ့ဆန်းဒွစ်ကို တဖက်လှန်လိုက်ပြီး အပြင်ကို တချက်လှမ်းကြည့်လိုက်တယ်၊ ဂရိန်ဂျာက အကာအကွယ်ကို ထပ်ပြီးမစမ်းသပ်တော့ပဲ ထင်းရှူးပင်အောက်က ခုံတန်းမှာထိုင်နေတာ မြင်လိုက်ရတော့ ဒရာကို အံ့အားသင့်သွားတယ်၊
နှင်းမှုန်တွေ တဖွဲဖွဲကျဆင်းနေပြီး ဂရိန်ဂျာက ကောင်းကင်ကို မော့ကြည့်လိုက်တယ်၊ ပြီးတော့ နှင်းမှုန်တွေကို လက်ဝါးဖြန့်ခံပြီး ပြုံးနေတယ်၊
ဒရာကို ဂရိန်ဂျာ့ဆီကနေ လုံးဝအကြည့်မလွှဲနိုင်ဘူး၊ ဂရိန်ဂျာကိုကြည့်ရတာ သူ့အမေ ခရစ်စမတ်ရောက်တိုင်း အိမ်မှာအလှထားနေကျနှင်းဘောလုံးထဲကလူလေးလိုပဲ၊
ညိုဖျော့ဖျော့ဆံနွယ်ခွေလေးတွေပေါ်မှာ နှင်းမှုန်လေးတွေတင်နေတယ်၊ မျက်တောင်တွေပေါ်တောင် တင်နေလို့ ဂရိန်ဂျာတယောက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဖယ်ချနေတယ်၊
ဂရိန်ဂျာက အရမ်းလှတယ်၊ ဒီအတွေးက ဘယ်ကဘယ်လို ခေါင်းထဲရောက်လာမှန်းမသိလိုက်လို့ ဒရာကို စိတ်ရှုပ်သွားတယ်၊ ဒါပေမယ့် အကြည့်ကိုတော့ မလွှဲနိုင်သေးဘူး၊ ဆံနွယ်ပေါ်မှာတင်နေတဲ့ နှင်းမှုန်လေးတွေ ဒါမှမဟုတ် ပါးမို့မို့လေးပေါ်မှာတင်နေတဲ့ နှင်းမှုန်လေးတွေကို အသာအယာဖယ်ပေးလိုက်ရရင် ဘယ်လောက်ကောင်းမလဲလို့ တွေးနေမိတယ်၊
ဒရာကို ခေါင်းကို ခါလိုက်တယ်၊ ရယ်စရာ ကောင်းလိုက်တဲ့အတွေးကွာ၊ သူသာ အဲဒီလိုတကယ်သွားလုပ်မိရင် ဂရိန်ဂျာက ပါးချလိုက်မှာသေချာတယ်၊ တတိယနှစ်တုန်းက ဟစ်ပိုဂရစ်ကောင်ကြီးနဲ့ ပက်သက်ပြီး ဂရိန်ဂျာက သူ့ကို ပါးချဖူးတာ ပြန်သတိရသွားတယ်၊
တူးနံ့ရလိုက်မှ မီးကင်ထားတဲ့ဆန်းဒွစ်ကို အလန့်တကြားငုံ့ကြည့်လိုက်တယ်၊ ဆန်းဒွစ်တခြမ်းက တူးသွားလို့ မည်းနေပြီ၊ သူက ဆန်းဒွစ်ကို အမြန်လှန်လိုက်ပြီး မန္တာန်နဲ့ပြန်ပြင်လိုက်တယ်၊
ဆေးရည်သင်ခန်းစာကို ပိုင်နိုင်တဲ့သူမို့ အချက်အပြုတ်ကျွမ်းတယ်လို့ ကြွားထားတဲ့သူတယောက်အနေနဲ့တော့ သူ့အချက်အပြုတ်က ကောင်းမနေဘူး၊
ဒါပေမယ့်လည်း ပြောရမယ်ဆိုရင် ဆေးရည်အတန်းမှာတုန်းက ဂရိန်ဂျာ့ကို ငေးကြည့်မနေမိဘူး၊ ဆံပင်လေးတွေ၊ ပါးလေးတွေကို ထိလိုက်ရရင် ဘယ်လိုနေမလဲလို့လည်း သူ တခါမှ မတွေးမိဘူးလေ၊
_________________________________________

အိပ်မက်ထဲမှာWhere stories live. Discover now