( ၃ )
,
ခပ်ဖွဲဖွဲ ရွာကျသော မိုးလည်း စဲသွားပြီး ကျွန်မလည်း အိမ်သို့ရောက်ချေပြီ ။အချိန်အတော်အတန်ကြာ ကားစောင့်ခဲ့ရပြီး
ညနေစောင်းမို့ ကားပေါ်တွင် လူအတော်ကြပ်ခဲ့သောကြောင့်
ပင်ပန်းနွမ်းနယ်မှုသည် ကျွန်မကိုဝါးမြိုသွားသည်ဟု ခံစားမိသည်။သော့ကို အိတ်ထဲမှ ရှာဖွေကာ အိမ်တံခါးလော့ကို ဖွင့်လိုက်သည် ။
ခပ်ဟဟပွင့်နေပြီဖြစ်သော တံခါးကို ပခုံးဖြင့် တွန်းတိုက်၍ ဝင်လာခဲ့လေသည် ။တံခါးကို တွန်းပိတ်လိုက်ရင်း အိတ်ကိုလည်း စားပွဲခုံပေါ်ပစ်တင်လိုက်သည် ။
ကျွန်မတစ်ယောက်ထဲ ရှင်သန်ရပ်တည်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ
မေမေတစ်ယောက် လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားကတည်းကပင် ဖြစ်သည် ။
အိမ်ဟုဆိုသော်လည်း နွေးထွေးမှုအပြည့်စောင့်ကြိုနေသည်ဟု အဓိပ္ပါယ်ရသော အိမ်မဟုတ် ၊
အိပ်ချိန်အတွက်သာ ကျွန်မအတွက် အသုံးဝင်သည့် တိုက်ခန်းငယ်သာဖြစ်သည် ။အိမ်ထောင်ပရိဘောဂ အစုံအလင်ပါပြီးဖြစ်သော ဤတိုက်ခန်းအား အပိုင်ဝယ်ရန် စိတ်ကူးမိသော်လည်း တစ်စုံတစ်ယောက်အား ကျွန်မရှောင်ပုန်းရဦးမှာ အသေအချာဖြစ်သည့်အတွက် လချုပ်ဖြင့်သာ ငှားနေဖြစ်ခဲ့သည်။
စတီခုံတွင်ထိုင်လျက် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်တော့
တိုက်ခန်း၏ ဖုန်နံ့နှင့် ကျွန်မကိုယ်မှ စွဲကပ်နေသော မြေသင်းနံ့တစ်ချို့ရသည် ။
ဤ အခန်းကို နောက်ဆုံးအကြိမ်သန့်ရှင်းရေးလုပ်ခဲ့သည်ကိုတောင် မမှတ်မိတော့ ၊ အတော်ကိုကြာပြီဖြစ်ရမည်။မိုးမိလာသည်ဖြစ်၍ ရေကမန်းကတန်းချိုးကာ ထွက်လာခဲ့သည် ။
ရေစိုနေသော ဆံပင်အား ခြောက်သွေ့စေရန် အဝတ်ဖြင့် သုတ်နေစဉ် တစ်စုံတစ်ခုအား သတိရမိ၏။ ညနေက ထို အမျိုးသမီးလေးတစ်ယောက်ကျကျန်ခဲ့သော ပိုက်ဆံအိတ်ဖြစ်သည် ။