( ၂ )

328 31 0
                                    

( ၂ )
______

ထိုနေ့သည် နှစ်တစ်နှစ်၏ ပထမဆုံး မိုးနေ့ ဖြစ်သကဲ့သို့
ကျွန်မ မြတ်နိုးရသော တိမ်စိုင်လေး
သက်ဆင်းလာသော နေ့လည်းဖြစ်သည်။

ညှိးငယ်သော ကောင်းကင်ရဲ့ အုံ့မှိုင်းနေပုံအောက်မှာ
မိုးစက်များ ခပ်ဖွဲ့ဖွဲ့ ရွာကျနေပုံကတော့ ဝမ်းနည်းစရာ ။

သီချင်း ဆွေးဆွေးလေးတွေ နားကျပ်တပ်နားဆင်ရင်း
မှတ်တိုင်တွင် YBSစောင့်လျှက် ဟိုဟိုဒီဒီငေးကြည့်မိကာ......

ထီးတစ်ချောင်းအောက် နှစ်ကိုယ်တူရှက်ပြုံးနေသော အတွဲများပျော်ရွှင် ကြည်နူးစရာ မြင်ကွင်း များနှင့်အတူ
ထီးတစ်ချောင်းကို တစ်ကိုယ်တည်းဆောင်းကာ
ဝမ်းနည်းဟန်ဖြင့် ခေါင်းငုံ့၍ လာသော ကျောင်းသားတစ်ချို့နဲ့
ထီးမပါသဖြင့် လွယ်အိတ်ကိုမိုးကာ
မှတ်တိုင်သို့ ပြေးလာနေကြသော ကျောင်းသူတစ်စုကိုတွေ့သည် ။

ကျွန်မထိုင်နေသော မှတ်တိုင်၏ မျက်စောင်းထိုးတွင် တက္ကသိုလ်ကျောင်းတစ်ကျောင်းရှိသည်မဟုတ်ပါလား ။ ထိုအတွက်ကြောင့်ပင်
ကျွန်မတစ်ယောက် ခပ်သေးသေးကော်ဖီဆိုင်လေးဖွင့်ရန် ဆိုင်ခန်းနေရာ လာကြည့်ရခြင်းဖြစ်သည်။
ယခင်ဆိုင်ခန်းနေရာသည် လူမစည်သည်က တစ်ကြောင်း ၊
ကျွန်မ မဆုံတွေ့ချင်သော လူတစ်ယောက်ကြောင့်လည်းကောင်း ဆိုင်ခန်းအသစ် ရွေးချယ်ရန် ဖြစ်လာရလေသည် ။

ကျွန်မ၏ နယ်လွန်နေသော အတွေးများအား ရပ်တန့်သွားစေသူမှာ
ကျွန်မခေါင်းထက်သို့ တစ်စက်စက်ကျနေသော ရေစက်များဖြစ်သည် ။ မိုးရေစက်များ လေပက်၍သာ စင်သည်ဟု ထင်ထားမိသော်လည်း ရေစက်စင်သကဲ့သို့ မဟုတ်ဘဲ အတိအကျ ရေစက်ချနေသည့်အတိုင်း ခံစားရသောကြောင့် ထိုရေစက်ကျရာသို့ မော့ကြည့်လိုက်မိရာ ကျောင်းသူတစ်ယောက်ဟု ထင်ရသော အမျိုးသမီးလေး၏ ဖွင့်ဆောင်းနေသော ထီးမှ ရေစက်များပင်ဖြစ်သည် ။

ကျွန်မ မော့ကြည့်မိပြီး သိပ်မကြာမီပင် ထိုအမျိုးသမီးလေး၏ သူငယ်ချင်းဖြစ်ဟန်တူသူများမှ သူမ၏ ထီးမှ ရေစက်များ ကျွန်မအပေါ်ကျနေကြောင်း သူမအား အသိပေးလေ၏။

ထိုအမျိုးသမီးလေးသည် ကျွန်မဘက်သို့ လှည့်ကြည့်ကာ ရေတွေစိုကုန်ပြီလား Sorry နော် ဟု ပြောကာ
အားနာသယောင် ကြည့်လေသည်။
ကျွန်မသည်လည်း သူမ၏ တောင်းပန်စကားအား
အသိအမှတ်ပြုရုံ ခေါင်းငြိမ့်ပြမိလေသည် ။

တစ်ဆက်တည်းမှာပင် ကျွန်မ၏ စိတ်တွင် ရယ်မောပျော်ရွှင်နေကြသော ထိုကျောင်းသူများအား
အားကျမိသယောင် ခံစားလာရသည် ။

" ကျွန်မသာ လှပသော အတောင်ပံတွေ ပိုင်ဆိုင်ခဲ့ပါလျှင် အို မဟုတ်ပါဘူး အတောင်ပံဟာ ပျံသန်းခွင့်ပေးခဲ့ပါလျှင် .... "
ကျွန်မမှာ အလိုမကျရုံပဲ တတ်နိုင်ပါတယ်
ကံကြမ္မာကို ပြောင်းလဲခွင့်မှ မရှိပါဘဲလေ ။

ကျွန်မ စောင့်နေသော YBS ရောက်လာလေသည် ။
မှတ်တိုင်၏ ထိုင်ခုံမှ အထတွင်
တစ်ခုခုကို ခြေဖျားနှင့်ခတ်မိ၍ လှည့်ကြည့်မိရာ
မိန်းမကိုင် ပိုက်ဆံအိတ်တစ်လုံး ဖြစ်နေလေသည် ။

ထိုပိုက်ဆံအိတ်ကို ကောက်ယူ၍ ဖွင့်ကြည့်မိရာ
ရေစိုနေသော ပိုက်ဆံအချို့နှင့်
ရက်ကျော်နေပြီဖြစ်တဲ့ ကျောင်းမုန့်စားကဒ်များ၊
ပလက်စတစ်အိတ်ဖြင့် စနစ်တကျသိမ်းထားသော ( ထိုပိုက်ဆံအိတ်ပိုင်ရှင်ဟု ထင်ရသော ) အမျိုးသမီးလေး၏ဓာတ်ပုံများကို တွေ့ရသည် ။

ထိုဓာတ်ပုံထဲက အမျိုးသမီးလေးမှာ အခြားမဟုတ် ၊
ကျွန်မ၏ ဦးခေါင်းထက်သို့
ရေစက်များ မတော်တဆကျစေခဲ့သော
အမျိုးသမီးလေးပင်ဖြစ်သည် ။

YBSကားမောင်းဆရာထံမှ
ကျွန်မကို ရည်ရွယ်သည့် ဆဲရေးသံတစ်ချို့ ကြားရသည် ၊
ထို့နောက် အချိန်အတော်ကြာ စောင့်ခဲ့ရသော
ထိုကားဆရာ၏ YBSလည်း ဒုန်းစိုင်း၍ ထွက်သွားလေသည် ။

ထိုနေ့သည် နှစ်တစ်နှစ်၏ ပထမဆုံးမိုးနေ့ ဖြစ်သည် ။

သို့မဟုတ်

ကျွန်မ၏ တိမ်စိုင်လေး သက်ဆင်းလာသောနေ့လည်း ဖြစ်သည်။

#အယ်ရာ

ကော်ဖီခွက်လေးနွေးတုန်းပဲWhere stories live. Discover now