ဆိုင်နေရာအသစ်ပြောင်းဖို့ရန်အတွက်
သုံးရက်တိတိ လုံးပတ်ချာလည်ကာ အလုပ်များပြီးနောက် ထိုပိုက်ဆံအိတ်ကိစ္စအား ကျွန်မ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသလောက်ရှိလေသည် ။ထိုသုံးရက်မြောက်နေ့ညမှာတင် သူမ ဖုန်းဆက်လာခဲ့လေသည် ။ သူမသည် ကျွန်မ ကောက်ရထားသောပိုက်ဆံအိတ်ပိုင်ရှင်ဖြစ်ကြောင်း ၊ ထိုအကြောင်းအား ကျွန်မဆီ messenger request ဖြင့် စာပို့ထားကြောင်း ၊ ကျွန်မ စာမပြန်၍သာ ဖုန်းဆက်လိုက်ရခြင်းဖြစ်သော်လည်း ကျွန်မအား အားနာမိကြောင်း ချိုသာစွာ ပြောလေတော့သည် ။
သူမ၏ ထိုစကားကို ကြားကြားချင်း
ကျွန်မ၏မျက်နှာသည် ဖျင်းခနဲ့ ပူထူသွားသည် ။
မှန်သည် ၊ ကျွန်မ လိုင်းမတက်သည်မှာ သုံးရက်တင်းတင်းရှိပြီ ။ကျွန်မထင်ခဲ့သည်မှာ ကျွန်မဆီ ဖုန်းဖြင့်သာ ဆက်သွယ်လိမ့်မည်ဟု ထင်ခဲ့မိသည် ။
ယခု ကျွန်မ၏ ပေါ့ဆမှုကြောင့် တစ်ပါးသူကို ထိခိုက်စေခဲ့မိပြီ ။ ကျွန်မ၏ မေ့လျော့မှုကြောင့် ယင်းသုံးရက်အတွင်း သူမ မုန့်ဖိုးသုံးစရာမရှိဖြစ်နေခဲ့လိမ့်မည် ။ထိုသို့ အတွေးဖြင့် သူမကို အလွန်အားနာမိသောကြောင့်
နောက်နေ့ နေ့လည်ခင်းတွင် သူမ ကျောင်းသို့ ထိုပိုက်ဆံအိတ်ကို ကျွန်မကိုယ်တိုင် လာပေးပါမည်ဟု ကတိခံလိုက်ရလေသည် ။ မျက်နှာပူစရာပင် ဖြစ်သည် ။ထို café တွင် ကျွန်မ စောင့်နေသည်မှာ နာရီဝက်ရှိပြီ ။
သို့သော် ချိန်းထားသည့် အချိန်ထက် စောနေသေးသကဲ့သို့
ချိန်းဆိုသူဖြစ်သည့် သူမလည်း မရောက်လာသေးပါ ။
ထုံးစံအတိုင်း ဟိုဟိုဒီဒီငေးကြည့်မိသည် ။ ကျွန်မရောက်ရှိနေသော ထို caféဆိုင်သည် တက္ကသိုလ်ဝန်း၏ အတွင်းကျကျတွင်ရှိသည် ။ထို Caféဆိုင်အတွင်း ထူးခြားသည့် အပြင်အဆင်မရှိသော်လည်း ကျောင်းသားကျောင်းသူများဖြင့် အတော်စည်ကားနေသည် ။ ရယ်မောသံများ စာဆွေးနွေးနေဟန်များ ဓာတ်ပုံရိုက်သူကရိုက်ဖြင့် အတော်ပင် ပျော်စရာကောင်းပုံသည်ဟု ခံစားလာမိကာ ကျွန်မစိတ်ထဲတွင် ကြည်နူးမိသလို ရှိလာလေသည် ။
ဆိုင်၏ ဝင်ပေါက်ကို မျက်နှာချင်းဆိုင်သည့် ထိုင်ခုံကို တမင်ရွေးကာ သူမကို စောင့်နေခဲ့ခြင်းဖြစ်သည် ။
ကျွန်မ၏ အိပ်ရာဝင်အတွေးတိုင်းတွင် အရိပ်ကဲ့သို့ စွဲထင်အမှတ်ရရပါသော သူမသည် ကျွန်မကို အမှတ်မရ ၊ မမှတ်မိဖြစ်နေမည်မှာ သေချာသောကြောင့်
သူမအား လက်ဝေ့ရမ်းပြရန်
အသင့်စောင့်နေခဲ့ခြင်းဖြစ်သည် ။
သို့သော် ကျွန်မ၏ ခန့်မှန်းချက် မှားယွင်းခဲ့လေသည် ။ကျွန်မ၏ အဆုံးမသတ်သော ငေးမောမှုများကြောင့် ဆိုင်ထဲသို့ သူမဝင်လာသည်ကို သတိမပြုမိခဲ့ချေ ။
" နောက်ကျဖို့ မရည်ရွယ်ပါဘူး စောင့်နေတာ ကြာပြီလားဟင် "ဟု သူမကပင် စတင်နှုတ်ဆက်ကာ ကျွန်မနှင့် မျက်နှာချင်းတွင် ဝင်ထိုင်လေသည် ။
သူမ ကျွန်မကို မှတ်မိနေခဲ့သည် ။" မကြာသေးပါဘူး ညီမလေးကို အားနာလို့ အစ်မက စောစောလာလိုက်တာပါ " ဟု လိုက်လျောညီထွေ ပြန်ဖြေကာ သူမ၏စကားအား အသိအမှတ်ပြုရုံလေးပြုံးပြလိုက်သည် ။
ထိုအချိန်တွင် ကျွန်မအား သူမ ကြည့်သောအကြည့် .... ထိုအကြည့် ....
ထိုအကြည့်ကို ကျွန်မ
ကောင်းကောင်းနားလည်လိုက်ပါသည် ။