Chapter 7

89 14 17
                                    

Zawgyi

ရထားပေါ်ကအဆင်း အေးစိမ့်နေသော ရာသီဥတုကြောင့် လက်ထဲတွင်ကိုင်ထားသော မာဖလာကိုလည်ပင်းတွင်ပတ်လိုက်သည်။သူမ၏ မှုန်သုန်နေသော မျက်နှာထားဖြစ်နေရသည်က ကြိုသူမဲ့ဘူတာကြောင့် ဖြစ်နိုင်သလို အိမ်တွင်နားနားနေနေမနေရခြင်းကြောင့်လည်းဖြစ်နိုင်ပေသည်။

ဆေးဆိုးထားသော ငွေရောင်ဆံပင်များက တစ်မနက် မဖြီးမသင်ထားမိသည်နှင့် ပွစာကြဲနေသည်။မြန်မာ နှင့်  အနောက်တိုင်းသား၏မျက်နှာကျကိုပိုင်ဆိုင်ထားသောထိုမိန်းကလေးမှာခေတ်ဆန်လွန်းသည်။ ဝတ်ပုံစားပုံအပြင် မိတ်ကပ်အပြင်အဆင် နေထိုင်ပုံတို့မှာလည်းရဲတင်းသည်။

အအေးဒဏ်ကြောင့် ရေငတ်လာသဖြင့် ရေဘူးကိုဖွင့်သောက်ရင်း ပတ်ဝန်းကျင်ကိုငေးကြည့်လိုက်သည်။

မှိုင်းညို့ညို့ကောင်းကင် မြူများဆိုင်းနေသော လမ်းမနှင့် အဝေးမှ အစိမ်းရောင်တောင်တန်းများ..
ထို့အပြင် တိတ်ဆိတ်လွန်းသော ပတ်ဝန်းကျင်နှင့် အေးစက်နေသောလေတို့က အထီးကျန်မှုကိုခေါ်ဆောင်လာလေသည်။

"ဟင်း~ဒီအချိန်ထိနေမထွက်ဘဲ အေးနေလိုက်။အဲ့တာကြောင့် ငါဒီမြို့ကိုအသေမုန်းတာ"

ညည်းညူရင်းနာရီကိုထုတ်ကြည့်လိုက်သည်။နံနက်၁၀နာရီ..လာကြိုမည့်သူက ထီးအနက်ရောင်ကိုင်ထားမည်တဲ့

ထီးအနက်ရောင်ကိုင်ထားသည့်သူကိုရှာရသည်မှာ မခက်လှပါ။ခက်သည်က ဘူတာတစ်ခုလုံးတွင် လူနှင့်တူသည်ဟူ၍ သူမ သာရှိနေခြင်းသာ...

ဖုန်းကိုဖွင့်ကြည့်လိုက်သည်။နယ်မြို့ဖြစ်၍ တိုင်၂တိုင်သာမိသည်။ Google Mapလည်းဖွင့်မရပေ။တည်းရမည့်အိမ်ကို ဖုန်းဆက်သော်လည်းမကိုင်ပေ။ စိတ်တိုတိုဖြင့်ကျောက်ခဲကိုခြေဖြင့် ကန်ထုတ်ရင်း စီးကရက်သောက်နေလိုက်သည်။

"Ms.Charlotte? Is that you??"

သူမနာမည်ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။  လူကြီးလူကောင်းဆန်ဆန်ဝတ်စားထားသော အမျိုးသားတစ်ယောက်မှာ အနက်ရောင်ခေါက်ထီးကိုကိုင်ထားရင်း သူမကို ကြည့်နေသည်။ ထိုသူ၏ အလွန် ညို့ငင်နိုင်သော အညိုရောင် မျက်လုံးများကြောင့် သူမ တစ်ချက်ရယ်လိုက်သည်။

Foreteller,Yukiko san.Where stories live. Discover now