အိမ်တော်အပေါ်ထပ်သည် ဘုရားခန်းကျယ်ကိုပါ ထည့်ရေလျှင် ဆယ့်နှစ်ခန်းတိတိရှိ၏။ အားလုံးသည် ဧည့်သည်စောင်သည်များအတွက်သာဖြစ်ဟန်တူသည်။ ကြေးဝါသော့ခလောက်ကြီးများဖြင့် ခတ်ထားသော်လည်း မနက်တိုင်းထိုအခန်းများအား အစေခံတို့ သန့်ရှင်းရေးလုပ်ကြသည်ကို ကျွန်တော်တွေ့ဖူးသည်။ ထိုအခန်းများသည် ကျွန်တော့်အတွက်စိတ်ဝင်စားဖို့မကောင်းပါ။ သို့သော် လူမရှိသည့် ထိုအခန်းများထဲမှ အဘယ့်ကြောင့် အစွန်ဆုံးအခန်းတွင် ကျွန်တော့်အားထားသည်ကို နားမလည်နိုင်။ ပြတင်းများများပါ၍ လေဝင်လေထွက်ကောင်းသော်လည်း အစွန်းဆုံးအခန်းမို့ လူမရှိသည့် စကြံတစ်လျောက်ကိုနေ့တိုင်းဖြတ်လျှောက်နေရသည်က မထိတ်သာမလန့်သာ ရှိလှ၏။
ယနေ့တော့ မိုးငြိမ်သည်။ မိုးငြိမ်သည်ဆိုရာဝယ် မိုးမရွာဟုကျွန်တော်မဆိုလို။ မိုးစက်ပေါက်တို့က တဖြောက်ဖြောက်ကျနေပေသိ ထိုအသံတို့က နားဝင်ပီယံအနေအထားမျိုးလောက်မှာရှိသည်။ သာယာသမျှ ကျွန်တော်သဘောကျ၏။ ယနေ့မနက်စောစော ဘုရားဝတ်ပြုရန် ကျွန်တော် ယမန်နေ့ကထက်စောထ၏။ စောထသည့်အလျောက်ပင် မျက်နှာသစ်ရေကလည်း ကျွန်တော့်ရှေ့သို့ စော၍ရောက်၏။ သက်တောင့်သက်သာ အဝတ်အစားတို့ကိုလဲကာ ဘုရားခန်းထဲ ကျွန်တော်ရောက်လာခဲ့သည်။ ထည်ဝါ သပ္ပါယ်လှသော မုဒြာလက်ဟန်ဖြင့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူသည် အဖြူရောင်ကြာပန်းအိုးတို့အလယ်၌ သီတင်းသုံးစံပါယ် နေ၏။ လက်ရာမြောက်လှသော ထိုရုပ်ပွားတော်ကိုကြည့်သမျှ ကျွန်တော့်ရင်ထဲ အေးချမ်းလှ၏။
စကားဝါပန်းများက ပုံ့ပုံ့ရုံ့ရုံ့ရှိလှသည်။ ဝေသောမွှေးသော , မွှေးသမျှသင်းသော စကားဝါပန်းများ။ ဒီအချိန်က စကားဝါပွင့်ချိန်တော့ ဟုတ်ဟန်မတူ။ မိုးရာသီဆိုလျှင် ကျွန်တော်တို့အိမ်ခေါင်းရင်းက ကြက်ရုံးစံပယ်နှင့် တောင်ကြီးစံပယ်များက အတုံးအရုံးပွင့်လှသဖြင့် မေမေက ပန်းမွေ့ယာ လုပ်ကာ ဘုရားကပ်တတ်သည်။ ကျွန်တော်အိမ်ကထွက်လာသည့်အချိန်တိုင်အောင် စံပယ်ပန်းများပွင့်၍ကောင်းတုန်း ရှိသေး၏။ စကားဝါပန်းတွေ ဘယ်ကရသလဲဟု ဒေါ်တင်မေခက်ကိုမေးရန် တေးထားလိုက်ပြီး ဘုရားကိုသာအာရုံပြုလိုက်တော့သည်။
أنت تقرأ
မောင့်ပင်လယ်နီ
عشوائيဘဝကတိုတိုကလေး။ ခဏကလေးပဲ ကြင်နာချင်ရုံလောဘမှာ ပျော်ရွှင်မှုလေး နည်းနည်းဖြည့်စွက်လို့ရမလား။