ကျွန်တော်ထိုအိမ်တွင်တည်းကာ လုပ်ငန်းကိစ္စများကိုစီမံမည်ဆိုတော့ ကျွန်တော့်အသိမိတ်ဆွေများအားလုံး တစ်ညီတစ်ညွတ်တည်း အကြံပြုကြတာရှိသည်။ နေမျိုးမဟာ အိမ်တော်၏ ခြံနောက်ဖက်သို့မသွားရန်။ ထို ခြံနောက်ဖက်ရှိ စကားပင်များ တန်းစီကာဝန်းရံစိုက်ပျိုးထားသော လူလုပ် ရေအိုင်သို့ မသွားရန်။ ထိုနယ်မြေဟာ ထိုခြံ၏ တစ်ဦးတည်းသော မဟေသီအတွက် ဖန်တီးထားသော ကမ္ဘာငယ်တစ်ခုဖြစ်သည်မို့။ ထိုအခြေအနေအထိ လက်ခံနိုင်ပေမဲ့ ကျွန်တော်လက်မခံနိုင်တာ တစ်ခုက လူသိရှင်ကြားလက်ထပ်ထားခြင်းမရှိသော ဦးနေမျိုးမဟာ၏ မဟေသီအကြောင်းပင်ဖြစ်ပါသည်။ တကယ်ရှိ၏ မရှိ၏ မသိသော လူတစ်ယောက်အတွက် ကျွန်တော့်၏စူးစမ်းချင်စိတ်များကို ပိတ်ပင်ပစ်ရမည်ကို ကျွန်တော်သဘောမကျ။ ကျန်းမာရေးကြောင့် အလွတ်တန်း သတင်းထောက်ဘဝကို အသက်ငယ်ငယ်နဲ့ လက်လွတ်ခဲ့ရပေမဲ့ သတင်းထောက်ညာဉ်ကလေးက ကျွန်တော့်မယ် အပြည့်။ ဖေဖေ မေမေ တို့ ပေးသော စာချုပ်တာဝန်များအပြင် ထပ်ဆောင်း၍ စိတ်ဝင်စားလာရသည့် အချက်များကြောင့် ကျွန်တော့်မယ် မော်လမြိုင်သို့ အခုချက်ချင်းပင် သွားလိုသည်မှာ ဖင်တကြွကြွ ရှိလှပြီ။
သက်တောင့်သက်သာသွားလိုသော ခရီးအတွက် စံရိပ်ငြိမ် သင်္ဘော လိုင်း၏ အိပ်ခန်းတွဲလက်မှတ်ကို ကျွန်တော်ကြိုဖြတ်ထားတာ နှစ်ပတ်ပင်ရှိပြီဖြစ်သည်။ ဤ ခရီးသည် ကျွန်တော့်အသက် သုံးဆယ့်တစ်နှစ်အတွင်း အောက်ပြည်အောက်ရွာသို့ ပထမဆုံးသွားဖူးသော ခရီးစဉ်ဖြစ်သလို အဖော်အပေါင်းမပါပဲ တစ်ဦးတည်း self trip ထွက်ရခြင်းလည်းဖြစ်သည်။ မြေလတ်သား ကျွန်တော့်မှာ မွေးရာပါနှလုံးအားနည်းခြင်းကြောင့် ခရီးတို ခရီးရှည်တို့က နယ်မြေအကန့်အသတ်နှင့်ရှိခဲ့သည်။ နီးစပ်ရာ ဝါသနာတူသူငယ်ချင်းများကြောင့် လူနေကျဲပါးရာ အထက်ဗမာပြည်တစ်ခွင်ကို ပြဲပြဲစင်ခဲ့ပေသိ ယခုတစ်ခေါက်ကတော့ ရှေးယခင် ကျွန်တော့်အလုပ်ကိစ္စများနှင့် မတူစွာ ပထမဆုံး အသစ်အဆန်းခရီးပင် ဖြစ်ပါသည်။
........
မှတ်သားဖူးသမျှထဲမှာ ရန်ကုန်မိုးက တော်တော်ဆိုးတယ်ပြောကြပေမဲ့ လက်တွေ့ကြုံရတဲ့ မော်လမြိုင်မိုးက ပို၍ ဆိုးသည်ထင်မိပါသည်။ လာကြိုသည့်ကားပေါ်သို့ရောက်မှ ကျွန်တော် အသက်ဝဝရှူဝံ့တော့သည်။ တိုက်ပုံမှာ စိုနေသော မိုးရေစက်များကို ခါလိုက်ကာ ကားအတွင်းပိုင်းကို ခြေဆန့်လက်ဆန့်နေရင်း စူးစမ်းကြည့်မိ၏။ မော်လမြိုင် ကောင်းကင်က မှောင်မှောင်နဲ့ မည်းမည်း။ ညနေပိုင်းမို့ အလင်းအားနည်းတာက ပုံမှန်ပေမဲ့ အခုတော့ စေ့စေ့သိပ်အောင် ရွာသည့်မိုးကြောင့် ပတ်ဝန်းကျင်ကိုပင် မမြင်ရတော့သည်အထိပင် မှောင်မည်းနေပါ၏။ ကားအတွင်းမီးက ခပ်နီနီ။ ကျွန်တော့်ရှေ့က ဒရိုင်ဘာ အာရုံများမည်စိုး၍ သိလိုသော အကြောင်းအရာများကို စိတ်ထဲမှာပင်မြိုသိပ်လိုက်မိသည်။ ဥပမာ အခုသွားနေတာ ဘယ်ရပ်ကွက်လဲ။ ဘယ်လိုသွားရတာလဲ ဆိုတာမျိုး။
ŞİMDİ OKUDUĞUN
မောင့်ပင်လယ်နီ
Rastgeleဘဝကတိုတိုကလေး။ ခဏကလေးပဲ ကြင်နာချင်ရုံလောဘမှာ ပျော်ရွှင်မှုလေး နည်းနည်းဖြည့်စွက်လို့ရမလား။