အပိုင်း(၂)

68 11 0
                                    

Unicode

ဦးငယ် တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့ မိုးဦးက အလယ်တန်းကျောင်းရောက်ပြီ။ ဦးငယ်ဟာ နဂိုကထဲက အိမ်ကပ်တဲ့သူပေမယ့် ကျောင်းဆင်းပြီး အိမ်ပြန်ရောက်တဲ့အခါ သူ့အခန်းထဲမှာပဲ ပိုအချိန်ကုန်လာတယ်။ အဲ့ဒီအချိိန်မှာ အဘိုးနဲ့အဘွားက သူတို့လှူဒါန်းထားတဲ့ရိပ်သာကျောင်းမှာပဲ နေနေကြတာ နှစ်ပေါက်ခဲ့ပြီမို့ မေမေကပဲ ဦးငယ်ကို သူ့သားလို အုပ်ထိန်းနေခဲ့ရတာပေါ့။ ဦးငယ် အခန်းထဲပိုအောင်းလာသလို မေမေလည်း အကြားအမြင်ဆရာမတွေဆီသွားတဲ့ အကြိမ်အရေအတွက်ဟာလည်း များလာတယ်။ ဖေဖေကတော့ ကုန်သည်မို့ အိမ်မှာနေရတဲ့အချိန်က ခပ်ရှားရှားရယ်။ ကိုကိုနဲ့မမက တက္ကသိုလ်ဝင်တန်းတူတူဖြေကြမယ့်နှစ်မို့ မေမေ အဲ့နေရာတွေကိုသွားတဲ့အခါ မိုးဦးကပဲ အဖော်လိုက်ပေးခဲ့ရတယ်။ အမှန်တော့ မေမေခေါ်သွားခဲ့ချင်တာက ဦးငယ်ဆိုတာ မေမေနဲ့ဦးငယ်တို့ရဲ့ ကတာက်ကဆဖြစ်ကြပုံကို အမှတ်မထင်ကြားမိထားတာကြောင့် မိုးဦးသိနေခဲ့တယ်။
အကြားအမြင်ဆရာမတွေဆီရောက်တဲ့အခါ မေမေက မိုးဦးကို အခန်းအပြင်မှာပဲ စောင့်ခိုင်းတယ်။ ခိုးနားထောင်ကြည့်ပေမယ့်လည်း  ဘာမှမကြားရဘူး။ တစ်ရက်တော့ မေမေ့ကိုပဲ မိုးဦး မေးကြည့်လိုက်မိတယ်။ ဒီအကြားအမြင်ဆရာမဆီ ဘာလို့ ခဏ ခဏ လာမေးနေရတာလဲလို့ပေါ့။ မေမေ့အဖြေကို မိုးဦးနားမလည်ခဲ့ဘူး။ သမီးရဲ့ဦးငယ် နေသိပ်မကောင်းလို့တဲ့။
မိုးဦး နားမလည်ခဲ့ဘူး။ မိုးဦးမျက်စိထဲ ဦးငယ်က ဒေါင်ဒေါင်မြည်ပါပဲ။

🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️

၂၀၀၀၊ ဇူလိုင်

ကျောင်းဖွင့်ရက်တစ်ရက်မှာပေါ့။ အစာမကြေ ခြေအေးဝမ်းရောင်ဖြစ်နေလို့ မိုးဦးကျောင်းမသွားဖြစ်ဘူး။ မနက်စောစောကထဲက မေမေအပြင်ထွက်သွားတာမို့ မိုးဦးအိပ်ခန်းထဲ  မှိန်းနေတာကို မေမေနဲ့ဦးငယ်တို့ မသိခဲ့ဘူး။ နေ့ခင်း၁၂နာရီအကျော်မှာ မေမေရော ဦးငယ်ပါ အိမ်ကို မရှေးမနှောင်း ပြန်ရောက်လာကြတယ်။

ရှားရှားပါးပါး ဦးငယ်ရဲ့ဒေါသတကြီးနဲ့ မေမေ့ကို ပြန်ပြောသံ ကြားရတယ်။ ဦးငယ် သိပ်ဒေါသထွက်နေတာမို့ သူ့စကားသံတွေက ဝိုးတဝါးတွေကို မိုးဦး သေချာနားမလည်ခဲ့ဘူး။ မေမေပြန်ပြောတဲ့ထဲ ၂၃နှစ် ဆိုတာတော့ သေချာကို ကြားလိုက်တယ်။ အကြားအမြင်ဆရာမဆီလိုက်ခဲ့ဖို့လည်း ပါတယ်။ ဦးငယ်ရဲ့လက်ဖျံပေါ်က မွေးရာပါအမှတ်အကြောင်းရောပဲ။
နေ့ခင်း၂နာရီမတ်တင်းမှာ ဦးငယ် အပြင်ကို ပြန်ထွက်သွားတယ်။ တံ‌ခါးသော့ခတ်သံနဲ့အတူ မေမေ အကြားအမြင်ဆရာမဆီ ဖုန်းခေါ်တာကို ကြားလိုက်ရတယ်။ မေမေ့ခြေသံတွေနဲ့အတူ ဖုန်းပြောသံက တဖြည်းဖြည်းဝေးသွားတယ်။

Don't Play Hide & Seek!Where stories live. Discover now