အခန်း (၁၇) သေဆုံးမှု - ၃

509 98 11
                                    

UNICODE

ကိုမာလူနာ မစံပယ်၏ ရုတ်တရက် သေဆုံးမှုက ဝတ်ရည်ချို၏ စိတ်ထဲမှာ အတော်လေးမတင်မကျ ဖြစ်နေစေသည်။

နုနယ်ပျိုမြစ်သော မစံပယ်၏ အပြစ်ကင်းစွာ အိပ်စက်နေဟန်လေးကို မြင်ယောင်မိတိုင်း ဝတ်ရည်ချို စိတ်မကောင်း ဖြစ်ရ၏။ ကိုမာလူနာများအားလုံးနည်းတူ မစပယ်ကိုလည်း နိုးထလာချိန်မှာ ပုံမှန်လှုပ်ရှားနိုင်စေရန် ရည်ရွယ်ကာ ဂရုတစိုက် လေ့ကျင့်ကုသပေးခဲ့သည်။ သို့ပေမယ့် မစံပယ်ဟာ ဘယ်သောအခါမှ ပြန်နိုးထလာမည် မဟုတ်တော့ပေ။

ဝတ်ရည်ချိုဟာ သူမ၏ လူနာတစ်ယောက် သေဆုံးတိုင်းမှာ စိတ်မကောင်း ဖြစ်နေတတ်သည်က ဝတ်ရည်ချို၏ ပရော်ဖက်ရှင်နယ် မဆန်မှုဟု ဆိုနိုင်ပါသည်။ ရောဂါကျွမ်းနေမှန်း သိထားပြီးဖြစ်သော သက်ကြီးရွယ်အို လူနာများ သေဆုံးလျှင်တောင်မှ သူမ စိတ်မကောင်း ဖြစ်ရသည်။ ယခုကိစ္စမှာတော့ စိတ်မကောင်းဖြစ်သည် ဆိုတာထက် ပို၏။

လက်မခံနိုင်ခြင်း...

လူနာ သေဆုံးသွားပြီ ဆိုသည်ကို လက်မခံနိုင် ဖြစ်နေခြင်းက သူမဘဝမှာ ဒီတစ်ကြိမ်သာ ရှိဖူးသည်။ စိတ်ထိခိုက်မှုနဲ့ မကျေနပ်မှု ရောထွေးပြီး ခေါင်းထဲနောက်ကျိနေသည်မို့ ထမင်းပင် မစားနိုင်။ မေသူ့ကိုတော့ ထမင်းသွားစားနှင့်ဖို့ သူမ လွှတ်လိုက်သည်။ ဌာနကို ပြန်နားလိုစိတ်လည်း မရှိသည်မို့ သီးသန့်လူနာဆောင်ကို သူမ ရောက်လာခဲ့သည်။

"ကျွန်တော် ခင်ဗျားနဲ့ မကုဘူး၊ ခင်ဗျား ပြန်တော့..."

ဇော်ဆိုသည့် လူဆိုးလေး၏ ဆီးကြိုမှုက မကြည်မလင် ဖြစ်နေသော ဝတ်ရည်ချို၏ စိတ်ကို ပို၍ရှုပ်ထွေး နောက်ကျိစေသည်။

"အစ်မနဲ့ မကုလို့ ဘယ်သူနဲ့ကုမှာလဲ၊ ဒီဆေးရုံ... ဒီကျွန်းတစ်ကျွန်းလုံးမှာ ဖီဆီယိုဆရာမ အစ်မတစ်ယောက်ပဲ ရှိပါတယ်ဆိုနေ..."

သူမ စိတ်မရှည်စွာ ပြန်ပြောမိသည်။

"ဒါဆို မအေးအေးမွန်ကို ခေါ်လိုက်၊ ခင်ဗျားတို့ ဆေးရုံအုပ်ကို ပြောလိုက် ကျွန်တော့ကို ကုပေးဖို့ မအေးအေးမွန်ကို ခေါ်ပေးလို့၊ မအေးအေးမွန်နဲ့မှ ကျွန်တော်ကုမယ်လို့ ပြောလိုက်"

လျှို့ဝှက်ဆေးရုံWhere stories live. Discover now