အခန်း (၃၇) နောက်ဆုံးရွေးချယ်ခွင့်-၂

294 37 1
                                    

UNICODE

မိနစ်လက်တံ နှစ်ပတ်ခန့် လည်ပတ်ပြီးချိန်တွင် ချက်ခနဲ တံခါးချက် ပွင့်သံနှင့်အတူ တံခါးက တစ်ဝက်ခန့် ပွင့်ဟ သွားသည်။ ဒေါက်တာနေယံသည် အခန်းထဲကို တန်းမဝင်သေးဘဲ တံခါးအတွင်းဘက်မှ စောင့်ကြိုနေသည့် တိုက်ခိုက်မှု ကျရောက်လာမည့် အချိန်ကို အရင်စောင့်လိုက်သည်။ သို့သော် သူမျှော်လင့်ထားသလို မည်သည့် အလစ်တိုက်ခိုက်မှုမှ ကျရောက်မလာတာကို တွေ့လိုက်ရ၏။ မည်သို့ဆိုစေ သူမီးဖွင့်သွားခဲ့သော အခန်းတွင် ယခုအခါ အမှောင်ထုက ကြီးစိုးနေချေပြီဖြစ်သည်။ စိတ်ဝင်စားမှု နှင့်အတူ နက်မှောင်သော မျက်ခုံးတန်းများကို ပင့်လိုက်မိ၏။ သွေးစက်များ ပေကျံနေသော မျက်နှာချောချောက နတ်ဆိုးဆန်သည့် အရှိန်အဝါများ လွှမ်းခြုံနေ၏။

ဒီဆရာမ သူ့ကိုတိုက်ခိုက်ဖို့ မကြိုးစားဘဲ နေမယ့်သူတော့ မဟုတ်။ ဒီခေါင်းမာပြီး ဇွဲကောင်းတဲ့ ဆရာမက သူထင်ထားတာထက်တော့ ဉာဏ်နဲနဲပိုကောင်းသားပဲ။ တံခါးဖွင့်ဖွင့်ခြင်း ချောင်းမရိုက်ဘဲ တံခါးရွက် နောက်ကွယ်မှာ ပုန်းကွယ်စောင့်ဆိုင်းနေခြင်း ဖြစ်လိမ့်မည်။ ဒီတစ်ယောက်က အရှေ့က တစ်ယောက်ထပ် ပိုတောင် စိတ်ဝင်စားစရာ ကောင်းနေတာပဲ။ Alice တုန်းကဆိုရင် ဆေးခပ်ပြီး တစ်ခါတည်း ဖမ်းလိုက်ရုံပင်။ ဝတ်ရည်ချိုကတော့ ကြောင်နဲ့ကြွက်လို ပြေးတမ်း လိုက်တမ်း ကစားနေရသေး၏။ အခုလည်း ကြွက်ကလေးက သွားစွယ်များကို ထုတ်ကာ ဘယ်လိုပုံစံနဲ့ ပြေးထွက်လာပြီး ကိုက်လေမလဲ...။

သူ ကျေနပ်စွာ ပြုံးလိုက်မိစဉ် နားထဲမှာ လှုပ်ရှားသံတစ်ခုကို ကြားလိုက်ရသလိုလို ထင်မှတ်မိသည်။ သူသာ နားကြားမလွဲရင် အပေါ်ထပ်က ထွက်ပေါ်လာသော အသံဖြစ်လိမ့်မည်။ ကြည့်ရတာ ဇော်တစ်ယောက် အဆောင်ထဲကို ဝင်လာပြီ ထင်သည်။ ဒီတစ်ယောက်ကို မြန်မြန်ထိန်းချုပ်ပြီးမှ အဲဒီပြဿနာခဲကို သွားကိုင်တွယ် ဖြေရှင်းရဦးမည်။ ဒီတစ်ခါတော့ ဒီကောင်လေးကို မှတ်လောက်‌အောင် ရိုက်ပစ်ပြီးမှ မာမီတို့ကို ဖုန်းဆက် ခေါ်လိုက်တော့မည်။

အတွေးနှင့်အတူ တံခါးနောက်ကွယ်မှ ထွက်ပေါ်လာမည့် တိုက်ခိုက်မှုအတွက် အသင့်ပြင်ကာ အခန်းထဲကို ဝင်လာခဲ့လိုက်သည်။ ခြေလှမ်းနှစ်လှမ်း လျှောက်ဝင်လာခဲ့ပြီးချိန်မှာ သူ့ခြေထောက်တွေ အနီးမှာ လှုပ်ရှားမှုတစ်ခုကို ခံစားမိလိုက်သည်။ ဒေါက်တာနေယံသည် သူ၏ ဦးခေါင်းဆီ ရည်ရွယ်လာမည့် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ခေါင်းကိုငုံ့ ခါးကိုချိုးချလိုက်၏။ တစ်ဆက်တည်းမှာပင် တစ်ဘက်လူ၏ ဝမ်းဗိုက် နေရာသို့ မှန်းရွယ်ကာ ပုခုံးနှင့် ပစ်ဝင်လိုက်ရင်း တစ်ခါတည်း ဖမ်းချုပ်ရန်အတွက် လက်မောင်းနှစ်ဘက်ကို အားအပြည့်နှင့် စုံလွှဲယူလိုက်၏။

လျှို့ဝှက်ဆေးရုံUnde poveștirile trăiesc. Descoperă acum