အခန်း(၂၇) ခြောက်ခြားဖွယ်ရာ အမှန်တရားတစ်ခု - ၂

488 86 8
                                    

UNICODE

အခန်း(၂၇)
ခြောက်ခြားဖွယ်ရာ အမှန်တရားတစ်ခု - ၂

တံခါးဝမှာ လူတစ်ယောက် ရှိနေသည်။ သူမ လိပ်ပြာလွင့်မတတ် လန့်သွားသည်။ ဖလက်ရှ်မီးရောင် ဝါကျင်ကျင်အောက်မှာ သူမကို ကြည့်နေသည့် မျက်လုံးတွေ။ သူမ တစ်ကိုယ်လုံး တောင့်ခဲသွားတော့သည်။

"တံခါးလော့ ပျက်နေတယ်ဆိုလို့..."

တစ်ဘက်လူ၏ အသံကို ကြားမှ သူမ သတိပြန်ဝင်လာသည်။ ဒီကောင်လေးက နေ့ခင်းက ဦးသန်းအောင်နှင့်အတူ သူမ တွေ့ခဲ့သည့် ကောင်လေးဟု ဝတ်ရည်ချို မှတ်မိလိုက်သည်။ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကို့ယို့ကားယား ဖြစ်နေရင်း ကောင်လေးက ထပ်ပြောလာသည်။

"လက်ကိုင်ဖု ဘာအမျိုးအစားလဲ သိချင်လို့ ကျွန်တော် လာကြည့်တာ"

"အင်း ကြည့်... ဝင်ကြည့်လေ..."

ဟု သူမပြန်ပြောပြီး ခပ်တည်တည်နှင့်် ကောင်လေးကို ကျော်ဖြတ်ကာ အခန်းအပြင်ကို ထွက်လာခဲ့သည်။ သူမနှလုံးသားက ပေါက်ထွက်မတတ် ခုန်နေသော်လည်း ဟန်မပျက်အောင် ခြေလှမ်း မှန်မှန်လှမ်းပြီး လျှောက်လာခဲ့သည်။ နောက်က လိုက်လာလေမလားဆိုသည့် အတွေးနှင့် ကျောမလုံ ဖြစ်မိသလို နောက်လှည့်ကြည့်ရမှာကိုလည်း ကြောက်နေမိပြန်သည်။

ရုံးနှင့် ခပ်လှမ်းလှမ်းကို ရောက်မှ စိတ်ကိုတင်းကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူမနောက်မှာ ဘယ်သူမှ ပါမလာသည်ကို တွေ့မှ သူမ အသက်ဝဝ ရှုနိုင်သည်။ ဒါပေမယ့် စိတ်မလုံခြုံမှုက ကြီးစိုးနေဆဲပင်။

သော့လာပြင်သည့် ကောင်လေးက ရုံးခန်းထဲ ခိုးဝင်နေသည့် သူမကို အခုလို တွေ့ခဲ့ရသည့် အကြောင်း ဦးသန်းအောင်ကို ပြန်ပြောမှာပဲ မဟုတ်လား။ ဒီအကြောင်းကို ဦးသန်းအောင် သိရင် ဘာတွေဖြစ်လာနိုင်သလဲ။

ရင်ထဲ မွမ်းကြပ်စွာ ပြန်လာခဲ့ပြီး အဆောင်ကို ရောက်သည်နှင့် အခန်းထဲကို ဝင်ကာ မီးခလုတ်ကို ဖွင့်လိုက်သည်။ အခန်းထဲမှာ သူမကို အန္တရာယ်ပေးမယ့်သူ တစ်ယောက်တလေမှ ရှိမနေကြောင်း တွေ့ရပြီးမှ အခန်းတံခါးကို ပိတ်လိုက်သည်။ အိပ်ရာပေါ် ဝင်ထိုင်ပြီး စိတ်ငြိမ်အောင် အချိန်အနည်းငယ်ယူကာ စဉ်းစားပြီးသည့်နောက်မှာ သူငယ်ချင်းဖြစ်သူ စိုးစိုးထံ သူမ ဖုန်းခေါ်လိုက်သည်။

လျှို့ဝှက်ဆေးရုံHikayelerin yaşadığı yer. Şimdi keşfedin