Ep-13

2.7K 338 54
                                    

Unicode Version

နောက်ထပ်နှစ်ရက်ကိုကျော်လွန်လာပြီးသည်အထိအဂ္ဂ၏ အရှေ့သို့ဇေယျတုဟာထွက်ပေါ်လာခြင်းမရှိသေးပါ။ ထိုအခါတွင်တော့အဂ္ဂမှာအတွေးပေါင်းစုံ ရောယှက်လာရတော့သည်။ နေမကောင်း၍လား။ မတော်တဆတစ်ခုခုများဖြစ်လေသလား။ ကြာကြာတွေးလေပိုဆိုးသောအတွေးများ ရလေဖြစ်လာသည့်အဆုံးတွင်တော့ခေါင်းကိုတွင်တွင်ခါရမ်းကာ ဆက်မတွေးမိအောင်ထိန်းချုပ်ရသည်။

ယနေ့နှင့်ဆိုလျှင်ကိုးရက်တိတိပြည့်ခဲ့လေပြီ။ မတွေ့ရသည့် ရက်တချို့မှာအဂ္ဂလည်းနေမထိထိုင်မသာဖြစ်ခဲ့ရသည်ချည်း။ မနက်စာကိုကိုယ်တိုင်လုပ်ဖို့လည်းအာရုံမရသည့် အဂ္ဂကလည်း ဇေယျတုနှင့်အတူစားခဲ့သည့်ရှမ်းခေါက်ဆွဲကိုသာ သွားစားရန်စိတ်ကူးလိုက်ပြီးပိုက်ဆံအိတ်နှင့်ဖုန်းယူကာ တီရှပ်အဖြူနှင့်sweat pantကိုဝတ်ထားလျက်နှင့်လမ်းထိပ်သို့ ထွက်လာခဲ့သည်။

အပြင်ဘက်တွင်ရာသီဥတုမှာအလွန်ကိုသာယာလျက်ရှိပြီး လမ်းလျှောက်ထွက်၍ကောင်းသည့်နေ့တစ်နေ့ပါပင်။ နွေးနွေးထွေးထွေးနေရောင်ခြည်အောက်တွင်အေးဆေးသက်သာစွာလမ်းလျှောက်ရသည့်ခံစားချက်ဟာပေါ့ပါးနေသင့်ပါလျက်နှင့်အဂ္ဂကတော့မတင်မကျခံစားချက်မျိုး ဖြစ်နေရသည်။

ဟိုငေးသည်ငေးနှင့်ဆိုင်ရှိရာဆီသို့သွားရာလမ်းတွင်တစ်ဖက်လမ်းကြားထဲမှပြေးထွက်လာသည့်လူတစ်ယောက်ဟာအဂ္ဂဆီသို့တစ်ရှိန်ထိုးပြေးလာနေသည်။ ခေါင်းစွပ်အင်္ကျီကိုဝတ်ထားပြီး ရုပ်ကိုလည်းသေချာမမြင်ရပေ။ ပြေးလာသည့်တစ်ယောက်၏အနောက်တွင်လူလေးယောက်ကပါပြေးလိုက်လာသည်။ အသက်အရွယ်အားဖြင့်နှစ်ဆယ်ကျော်လောက်သာ ရှိဦးမည့်ထိုအုပ်စုဟာအဂ္ဂကိုမြင်သည်နှင့်ယူလာသည့်လက်နက်တချို့ကိုဝှက်သိမ်းလိုက်သည်ကိုမျက်စိလျင်သော အဂ္ဂကတော့သိလိုက်သည်။

သူ့ထံသို့ပြေးလာသည့်တစ်ယောက်ကလည်းအရှိန်မထိန်းနိုင်ဘဲ သူနှင့်တိုက်မိပြီးလဲကျတော့မလိုဖြစ်သွားသဖြင့်အဂ္ဂလည်း ခါးမှကိုင်ကာထိန်းထားပေးလိုက်ရသည်။ အောက်ကို ငုံ့ကျနေသောကောင်လေး၏ရုပ်ကိုမမြင်ရသေးခင်မှာတင် တစ်ဖက်ကလိုက်လာသည့်အုပ်စုကလည်းသူတို့အနားကို ရောက်လာသည်။

I Found My Prince Charming(Season 2)Opowieści tętniące życiem. Odkryj je teraz