27 Final

7.6K 649 44
                                    

" ရိ ပေါ် ! "

" ရိပေါ် နောက်မှာ သတိထား ! "

" သား ... သားလေး။
  အိပ်မက်ဆိုးတွေ မက်နေပြန်ပြီ "

နဖူးပေါ်သို့ ကျရောက်လာသည့် အေးစက်စက် အထိအတွေ့တစ်ခုကြောင့် ရှောင်းကျန့် မျက်လုံးအစုံကို အားယူကာ ဖွင့်ကြည့်လိုက်မိသည်။ စိုးရိမ်စိတ်အပြည့်ဖြင့် သူ့အား ငုံ့မိုးကြည့်နေသည့်မားက ခန္ဓာကိုယ်မှာ apron တန်းလန်း။ ကြည့်ရတာ သူ့အော်အသံကြောင့် ထမင်းချက်နေရာမှ ပြေးလာခဲ့သည် ထင်ပါရဲ့။

" ရေသောက်မလား သား "

" ဟုတ်ကဲ့ "

သူ ကုတင်ပေါ် လှဲအိပ်နေရာမှ ထထိုင်ကာ မာမားကမ်းပေးလာသည့် ရေခွက်ကို မနားတမ်း မော့သောက်ပစ်လိုက်သည်။ လည်ချောင်းတစ်လျှောက် အေးခနဲ စီးဆင်းသွားသည့် ရေတစ်ချို့ကြောင့် သိပ်မကြာခင်မှာပဲ လန်းလန်းဆန်းဆန်း ဖြစ်လာတော့၏။

" နေလို့ကောင်းရဲ့လား "

" သား နေကောင်းပါတယ်။
  မား မအားရင် ပြန်တော့လေ။
  သားလည်း လန်းဆန်းသွားအောင် ရေချိုးလိုက်ဦးမယ် "

ညှိုးငယ်နေသည့် ဒီမျက်နှာကို မပြချင်တာမို့ သူ အိပ်ရာမှထကာ ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ မားကတော့ ထုံးစံအတိုင်း အိပ်ရာသိမ်းရင်း ကျန်ခဲ့ပေလိမ့်မည်။ ပြီးရင်တော့ သူဝတ်ရမည့် အဝတ်အစားများကို ဘီရိုထဲမှထုတ်ပြီး အိပ်ရာပေါ် တင်ပေးထားပေလိမ့်မည်။

ဒီကမ္ဘာမှ သူပျောက်ကွယ်သွားသည့် သုံးနှစ်အတွင်း မားတစ်ယောက် အရူးတစ်ပိုင်း ဖြစ်ခဲ့ရသည်ဆို၏။ လူပျောက်တိုင်ထားသည့် တိုင်စာများမှာလည်း နေရာစုံနေပေပြီ။ ပြန်ရောက်လာပြန်တော့လည်း တစ်နှစ်လောက်က ခံစားချက်မဲ့နေသည့် အရုပ်တစ်ရုပ်လို ဖြစ်နေခဲ့တာမို့ မားတစ်ယောက် စိတ်ညစ်ခဲ့ရပြန်သည်။

နှစ်နှစ်လောက် အချိန်ယူခဲ့ပြီးသည့်နောက်တော့ သူ အတော်လေး အဆင်ပြေနေပါပြီ။ စက္ကန့်မလပ် ရိပေါ်ကို သတိရလွမ်းဆွတ်နေတာက လွဲလို့ပေါ့။

နှစ်နှစ်ခန့် ကြာခဲ့ပြီ ဆိုပေမဲ့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်နှင့် ခံစားချက်တွေကတော့ ယနေ့တိုင် သစ်လွင်နေဆဲ။ ရိပေါ်၏ ကျောဘက်မှ မြားတစ်ချောင်းပြေးဝင်လာတာကို တွေ့ရပြီးနောက် အလင်းတန်းထဲမှ ပြေးထွက်ဖို့ ကြိုးစားခဲ့ပေမဲ့ ပိုမိုစူးဝါးလာသည့် အလင်းတန်းများကြောင့် မျက်စိကို အကာအကွယ်ယူကာ ထိုင်ချပစ်လိုက်ရသည်အထိ။

Blue Moon and The Mysteries [ Completed ]Where stories live. Discover now