Final
"စူးအယ်က ရှောင်းကျန့်ကိုကို တစ်ယောက်တည်းကို ခေါ်တာကို ကိုကိုက အပိုလူတွေခေါ်လာတာပဲ"
ယင်းစူးစူးစကားကြောင့် လက်သီးဆုပ်လေးတွေ တင်းခနဲဖြစ်သွားရှာတဲ့ ဝမ့်လက်ကလေးတွေကို စားပွဲပေါ်တင်လို့ ယင်းစူးစူးမြင်သာလောက်အောင် တမင် ထွေးဆုပ်ပေးထားလိုက်တယ်။
"ရှောင်းကျန့်ကိုကိုကတော့ တကယ်ပါပဲ..."
ယင်းစူးစူးက မျက်နှာပျက်သွားပေမယ့်လို့ ဟန်ဆောင်ကောင်းသူပီပီ ချက်ချင်း အပြုံးတစ်ပွင့်ကောက်ဆွဲလို့ နားလည်ပေးနိုင်လွန်းတဲ့ ဇနီးသည်အသွင်ဖမ်းတယ်...
"ကျွန်တော် တစ်ခါတည်း အပြတ်ပြောပါ့မယ်။ ကျွန်တော့်အနေနဲ့ ယင်းစူးစူးရဲ့ လုပ်ရပ်တွေအားလုံးကို သိတာမို့ ကိုယ့်အမှားကိုယ်ဝန်ခံပြီး အပြစ်ခံယူပေးပါ"
"စူးအယ်က ဘာတွေများ မှားခဲ့လိုလဲ"
ကော်ဖီခွက်ကို ခပ်တင်းတင်းဖိဆုပ်ကိုင်ရင်း ပြောလာတဲ့ ထိုအမျိုးသမီးက တကယ်ပဲ သူဘာကိုမှ မမှားခဲ့တဲ့အသွင်...
ဝမ်ရိပေါ် ဒီလို ပြောရဆိုရခက်,လက်ပေါက်ကပ်တဲ့ သူတွေကို အရမ်းအမြင်ကတ်ပါတယ်။
"ကျွန်တော့်အမျိုးသား ဆေးရုံတက်ရတဲ့ ကိစ္စ... ယင်းစူးစူးက မသိချင်ယောင်ဆောင်နေတာမို့ ကျွန်တော်ကပဲ ပြောပြပါ့မယ်။ အဲ့နေ့က ယင်းစူးစူး လူတစ်ယောက်ကို အခကြေးငွေပေးပြီး ကျွန်တော့်လူကို ထိခိုက်အောင်လုပ်ခဲ့တာ ကျွန်တော့်မှာ သက်သေအပြည့်စုံရထားပြီးလို့ အဲ့ဒီ့လူကိုလည်း စခန်းမှာ ထိန်းသိမ်းထားပြီးပါပြီ"
ရှောင်းကျန့် ယင်းစူးစူးရဲ့မျက်နှာကဲကို အကဲခတ်ကြည့်လိုက်တော့ စိတ်လှုပ်ရှားဟန်နဲ့ မျက်တောင်တွေမသိမသာခက်သွားတာမို့ အသာပြုံးမိရတယ်။ သူ့လို စီးပွားရေးလောကမှာ နှစ်ရှည်လများကျင်လည်ခဲ့တဲ့သူကို ဒီလိုဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ ယှဉ်ချင်နေသေးတဲ့ ယင်းစူးစူးကြောင့် ပျက်ရယ်သာပြုမိရတယ်။
ဝမ့်ကိုကြည့်လိုက်တော့ ဝမ်က ဒေါသထွက်နေပုံရပေမယ့် စိတ်ကို အတတ်နိုင်ဆုံးထိန်းထားပုံပါပဲ...