Chapter 1

4.5K 377 1
                                    


အလုပ်သင်ဘဝကို ၃လတာ ကျော်ဖြတ်ပြီးတဲ့နောက် ကံကောင်းစွာပဲ အမြဲတမ်းဝန်ထမ်းဘဝကို ရောက်ရှိလာခဲ့လေပြီ။ အမြဲတမ်းဝန်ထမ်း ခန့်အပ်တဲ့ သတင်းကို ကုမ္ပဏီရဲ့ ကြေငြာဘုတ်မှာ စာကပ်ပြီး ကြေငြာပေးတုန်းက Jungkook ရင်တထိတ်ထိတ်နဲ့ သွားကြည့်ခဲ့ရတယ်။ အလုပ်သင် ၆ယောက်ထဲမှာ အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်လျှောက်သူ ၅ယောက်ထဲကနေ ၃ယောက်ရွေးတဲ့အထဲ ကံအားလျော်စွာ သူပါသွားခဲ့လေတယ်။ ၁ ယောက်က အလုပ်သင်ကာလပြီးတော့ နှုတ်ထွက်သွားခဲ့တာပင်။

အခုဆိုရင် သူ့လက်ထဲမှာ ဝန်ထမ်းကတ်ကလေးက သစ်သစ်လွင်လွင်။ လုပ်ကိုင်ရမည့် ဌာနနာမည်နဲ့ Jungkook Jeon ဆိုတဲ့ သူ့နာမည်နဲ့တွဲလျက် ရာထူးလေးက Jungkook မျက်လုံးထဲ ခန့်ခန့်ထည်ထည်။ ဝန်ထမ်းကတ်ပြားပြားလေးကို ကြည့်ပြီး သူ့အပြုံးတွေ အတောမသတ်နိုင်။ တနင်္လာနေ့ဆိုရင် တရားဝင်အလုပ်စဆင်းရတော့မည်ဖြစ်၏။ ဝမ်းသာစရာသတင်းကို အဝေးမှာရှိတဲ့ မြို့ကလေးဆီက မိသားစုကို အကြောင်းကြားရဦးမည်။ ဂုဏ်ပြုပေးမည့် သူငယ်ချင်းဘာညာလည်း အထွေအထူးမရှိတာမို့ သူ့ဘာသာသူပဲ ပြန်ဂုဏ်ပြုလိုက်တော့မည်။ ထုံးစံအတိုင်း တည်ခင်းဧည့်ခံကျွေးမွေးမှာက ကြက်ကြော်နဲ့ ဘီယာ။ ဝန်ထမ်းကတ်ကလေးကို ကုတ်အင်္ကျီအိတ်ထောင်ထဲ ထိုးထည့်လိုက်ပြီး အလုပ်ဆင်း အိမ်အပြန်လမ်းတွေက တက်တက်ကြွကြွ။ ဘတ်စ်ကားပေါ်ကို ခုန်တက်လိုက်ရင် ကားမောင်းတဲ့ ဦးလေးကြီးကိုပင် အပြုံးနဲ့ နှုတ်ဆက်ဖြစ်လိုက်ပါသေးရဲ့။

Jungkook တို့ မိသားစုက အလယ်အလတ်တန်းစားလို့ပြောလို့ရပေမည်။ မိသားစု စီးပွားရေးအနေနဲ့ နေထိုင်ရာမြို့လေးမှာ ဆောက်လုပ်ရေးပစ္စည်းဆိုင်လေးကို ဆိုင်ခွဲနှစ်ခုလောက်ဖြင့် လည်ပတ်နေနိုင်သည်။ ဆောက်လုပ်ရေးကုမ္ပဏီတစ်ချို့နဲ့ လက်တွဲထားနိုင်သည့်အတွက် အတော်လေးအဆင်ပြေသည်ဟု ပြောရပေမည်။ အစ်ကိုဖြစ်သူကတော့ business နဲ့ကျောင်းပြီးကတည်းက အိမ်ကို ဝင်ကူနေပြီ။ သူကတော့ စီးပွားရေးကို စိတ်မဝင်စား။ သူ စိတ်ဝင်စားတာ Game character တွေပင်။ ငယ်ငယ်ကတည်းက နှစ်ခြိုက်ပြီး ကျွမ်းကျင်စွာ ဆော့ကစားခဲ့တဲ့ 2 Dimensions, 3 Dimensions Character ပေါင်းစုံကို သူတကယ် စွဲလမ်းရ၏။ ထို့နောက် သူကိုယ်ပိုင် Game Character တစ်ခုကိုဖန်တီးနိုင်ဖို့က အိမ်မက်တစ်ခုဖြစ်လာခဲ့သည်အထိ။ သူ့ဝါသနာကို မိသားစုကလည်း ပိတ်ပင်တားမြစ်ခြင်းမရှိ။ တဖြည်းဖြည်းတိုးတက်လာတဲ့ ခေတ်နဲ့အမှီ ပွင့်လင်းမြင်သာရှိသော မိသားစုမှာ မွေးဖွားလာရခြင်းက ကောင်းချီးတစ်မျိုးပင်။ သူကိုယ်တိုင်ကလည်း ပေါ့ပေါ့တန်တန်မဟုတ်ဘဲ Degree တွေထိ တက်ယူပြီးမှ နာမည်ကြီး ကုမ္ပဏီမှာ နေရာတစ်ခုရနိုင်ဖို့အထိ ရည်ရွယ်နေသည်ကို ချပြတော့ ဝမ်းမြောက်စွာပင် အားပေးထောက်ခံပေးခဲ့သည်။ အဲ့ဒီအတွက်လည်း ကျေးဇူးတင်ရပါသည်။

White Cat that I'm in LoveWhere stories live. Discover now