လာခြင်းကောင်းသောနေ့ရက်များဆီသို့(U)

307 20 0
                                    

#လာခြင်းကောင်းသောနေ့ရက်များဆီသို့

မိုးဦးကျပြီမို့ တစ်ဖြိုက်နှစ်ဖြိုက်ရွာသွန်းနေသည့် မိုးစက်များက မြေပြင်ပေါ်ဝယ် စုစုထွေးထွေးရှိနေသည့် သူတို့အတွက် အကာအကွယ်မဲ့စေ၏။

တစ်မနက်လုံး တစ်နေ့လည်လုံး တစ်ညနေလုံး ထွက်ပြေးခဲ့ရ၍ ခြေထောက်တို့လည်းတုန်ယင်နေခဲ့ပြီ။ ဆာလောင်နေသည့်ဗိုက်ကြောင့် ပါလာသည့်အစားအစာများက မလောက်ငှ။

ရုတ်တရက်ကျလာသည့် မိုးပေါက်များကြောင့် သစ်ပင်အကြီးများအောက် ဝင်ပုန်းရပြန်သည်။ များများစားစားမဟုတ်သော်ငြား သူတို့ကိုတော့ စိုရွှဲစေတုန်း။

ပျော်ပွဲစားထွက်သည်မှမဟုတ်ပဲလေ။ မိုးကာဖို့ ပါမလာတာ အဆန်းမှမဟုတ်တော့တာ။

" ရော့ ဒါလေးစားထား "

အနားရောက်လာသည့် အစ်မကြီးထံမှ လှမ်းပေးလာသည့် ငှက်ပျောသီးတစ်လုံး။ အမေ့ကို လှည့်ကြည့်တော့ မယူဖို့ပြောနေ၏။ ဟုတ်သည်လေ။ အစ်မကြီးလည်း ဗိုက်ဆာနေပါလိမ့်မည်။

" မစားဘူး .. နင်ပဲစား "

" ဟေး တို့က ဝတယ်ကွ... တို့မှာမုန့်တွေပါသေးတယ် "

ထိုအစ်မကြီးကို သူတို့မမြင်ဖူးခဲ့ပေ။ သူတို့ကတော့ ကိုယ့်ရွာကကိုယ် ထပြေးလာခဲ့ရသည်မို့ ထိုအစ်မကြီးကို မသိခြင်းမှာ သူတို့အတွက် ထူးထွေမဟုတ်။

" အမေ မနက်ကျရင် ငါတို့ ထမင်းစားရမှာလား "

" ရမယ် .. "

အမေက တိုပြတ်ပြတ်ပြောကာ အငယ်ဆုံးကလေးအား နို့တိုက်လျက် ငြိမ်နေပြန်သည်။

အဖေလား။ အဖေကတော့ မရှိတော့။ မနေ့ကထိ သူတို့လက်ကိုဆွဲကာရှေ့ဆုံးမှပြေးနေခဲ့သည့် အဖေက ဒီနေ့တော့ သူတို့နားမှာမရှိခဲ့တော့ပြီ။

မျက်လုံးတို့မပိတ်နိုင်ပဲ သူတို့လက်ကို လွှတ်ကာ မှောက်ရက်လဲကျသွားခဲ့သည့် အဖေ့ကို သူကမသိပဲ အဖေ မအိပ်နဲ့၊ ထလေ ဟု ပြောခဲ့မိသေးသည်။

အမေက ကလေးငယ်လေးနှင့်ပြေးနေသည်မို့ တစ်ယောက်တည်းကွဲထွက်နေသည့်သူ့ကို ထိုအစ်မကြီးက ဆွဲခေါ်လာခဲ့ခြင်း။

Spring Revolution One ShotsWhere stories live. Discover now