ရေမွှေး - special scene
"အဲ့ဒါ ဘာလုပ်နေတာလဲ အစ်ကို"
ကျောပိုးအိတ်ငယ်ထဲ ထည့်လက်စ ကောက်ညှင်းထုပ်လေးက ခဏရပ်တန့်သွား၏။
" အစ်ကို လိုက်သွားမလို့ "
" အလုပ်ထဲကလူတွေရောပါလား "
" အင်း "
" အဘတို့ဆီ ပြောထားလား "
" မပြောထားဘူး .. သိရင် စိတ်ပူနေမှာစိုးလို့ "
" ဒါဆို ကျုပ် လိုက်မယ် "
" ဟာ မလိုက်ရပါဘူးကွာ ... ညီကအိမ်မှာပဲနေခဲ့ နော် .. အဖေနဲ့အမေနား ကျန်ခဲ့လေကွာ "
" မရပါဘူး အစ်ကိုထွက်ရင် ကျုပ်ပါလိုက်မယ် "
ဝတ်ဆင်ထားသည့်အဝတ်ပါးပေါ် အပေါ်ထပ်လက်ရှည်တစ်ထည်ကောက်စွပ်၊ ခမောက်တစ်ချပ်ခေါင်းပေါ်တင်ကာ ချည်လွယ်အိတ်ထဲ ရေတစ်ဗူးနှင့် အသင့်စားလို့ရသော ထမင်းဂျိုးကြော်ဘူးလိုက် ကောက်ထည့်ပြန်၏။
" နေပူတယ်လေကွာ "
" မရဘူး လိုက်မယ် "
" ညီရာ "
" ကျုပ်မပါရင် အစ်ကိုတစ်ယောက်တည်းမသွားရဘူး "
" ဟို .. "
" ကျုပ်ဆင်းနှင့်ပြီ "
အောက်ထပ်ဆင်းချသွားသော ညီ့လက်ကို လှမ်းဆွဲသော်လည်း မမီလိုက်။ လှည်းပေါ်ရောက်နေပြီဖြစ်သော ညီက သူ့ကို ခပ်စောင်းစောင်းကြည့်နေလေ၏။
" အမေ .. အဖေ "
" ရေအေးကိုဂရုစိုက်ကွာ "
ခွင့်ပြုချက်ရသွားသည့် လှည်းကလေးက သွက်လက်လှ၏။ လူစုနှင့်နီးလာလေ ဖုန်လုံးကြီးက လိမ့်လာလေ။
လှည်းပေါ်က ခုန်ချသွားသည့် ညီ့ကို သူထိန်းနိုင်ပါ့မလား။ ဟိုးအရင်တွေ့ခါစက ပျော့ပြောင်းသည့် ရေအေးကြည်သာ အဘယ်သို့ရောက်သွားပြီနည်း။
နွေအကူးနေအပူအောက် အရိပ်မရှိသော လမ်းကြောင်းပေါ် စီတန်းသွားလာနေသော လူအုပ်ကြီးထဲ သူတို့နှစ်ယောက် လိုက်ဝင်လိုက်၏။ ခမောက်အောက်မှ မျက်နှာကလေးပေါ် ချွေးစက်တို့က ရေကဲ့သို့ ရွှဲနေခဲ့လေပြီ။
လုံးဝဆူပူမှုမရှိပဲ အတော်ရှည်လျားသည့် လူတန်းကြီးသည် အရိပ်အောက်ရောက်ချိန်ဝယ် ခေတ္တနားလိုက်ကြ၏။
ခမောက်အောက်က ဆံရစ်ဝိုင်းလေးသည်လည်း ချွေးတို့ဖြင့် ကပ်နေခဲ့လေပြီ။ ဟိုးအရင်လို ပန်းတစ်ပွင့် မဆင်မြန်းတော့သော်လည်း အပြုံးနုနုတို့က ရှိနေသေး၏။
ရေအေးတစ်ယောက် ယောက်ျားလေးတစ်ယောက်လို ပုံမှန်နေနိုင်ခဲ့ပြီ။ အများသူငှာနှင့်ရင်ဘောင်တန်းကာ အပြင်ထွက်နေနိုင်ခဲ့ပြီ ဆိုတာများ တစ်ယောက်သောသူသိလျှင် ပြုံးနိုင်လောက်ပါရဲ့။
#နွေဦးတော်လှန်ရေး
#moeswaemaung_fool
BINABASA MO ANG
Spring Revolution One Shots
Non-FictionI just want to upload here my works from facebook. Enjoy!!!