နွေဦးမှာရန်ဖြစ်တမ်းကစားရအောင်(Z)

30 1 0
                                    

နွေဦးမှာ ရန်ဖြစ်တမ်း ကစားရအောင်

" ဒီ... ကတော့ .. သတင်းက မှားနေတယ်လို့ ပြောနေတယ်လေ .. ခုဖျက် "

ဒီလို ment မျိုးရနေတာ ၃ရက်ရှိခဲ့ပြီ။ အပြေးမသန်သလို အမောမခံနိုင်သူမို့ အပြင်ထွက်ခွင့်မရသော သူ့အဖို့ နိုင်ရာတာဝန်ထမ်းဆောင်ပေးနေသူမို့ ဒီနှင့်အစချီအဆဲခံရတော့ ဆမ်ဖူး စိတ်တိုလာ၏။

" ဟေ့ ကောင်းကောင်းပြောလည်းရပါတယ် .. တို့က လူလိုသိတတ်တယ်၊ မှားနေရင် ပြန်ဖျက်ပေးမှာပေါ့၊ မိန်းကလေးချင်းပဲ နည်းနည်းတော့ စာနာစမ်းပါ "

တစ်ဖက်မိန်းကလေးအနေနှင့်လည်း ကိုယ်တိုင်စစ်ကြောင်းထဲကမို့ သတင်းအမှားများတွေ့ချိန် ဒေါပွနေပုံရ၏။ ဆမ်ဖူး နားလည်ပါသည်လေ။

" ဟိတ် တို့ တောင်းပန်ပါတယ် "

message request နှင့်အတူ ရောက်လာသောစာတိုလေး။ မကြာခင် ညတစ်နာရီထိုးတော့မည်။ အင်တာနက်မဖြတ်ခင်လေးမို့ စကားအနည်းငယ် ပြန်ပြောလိုက်ရင်း စိတ်ထားကောင်းကောင်းနှင့် မူ ဟူသော ကလေးမလေးကို သိခွင့်ရလိုက်၏။ ကွန်ပျူတာတက္ကသိုလ်နောက်ဆုံးနှစ်၊ သမီးအလိမ္မာလေးက ဆမ်ဖူး၏ post များအောက်တွင်တော့ ဒီ နှင့်အစချီကာ ဆဲခဲ့ဖူး၏။

" ရပါတယ် "

" "

" ဟို နောက်နေ့ ထွက်ဦးမှာလား "

" ထွက်မှာပေါ့ "

" တကယ်လို့ တို့ မှားတင်တယ်ဆို လာပြောဦးနော် ... လာမပြောပဲ မနေရဘူးနော် ... လုံးဝ လာပြောရမယ်နော်.. လုံးဝ ရန်လာရှာရမယ်နော် "

ဆမ်ဖူး၏ တောင်းဆိုမှုကို မူ တစ်ယောက် နားလည်လောက်ပါ၏။ လုံးဝအထိမခံဖို့ ကတိတစ်ခုတောင်းလိုက်ခြင်းဆိုတာလေ။

..................................

ဆန္ဒဖူး ဟူသည့် Acc ပိုင်ရှင် ဆမ်ဖူးဆိုသော အမျိုးသမီးကလေး။ မူ သွားဆဲသမျှ လေပြေကလေးဖြင့် သာသာယာယာပြောတတ်သည့် မမ။ မူ ပြုံးလိုက်မိ၏။ မူ့အပေါ် အနွံတာခံတာဆိုလို့ မူ့မိဘများပြီးလျှင် ဒီမမက ပထမဆုံး။ မောင်လေးတောင် မူ့ကို အလျှော့မပေးတတ်သူ။

တော်လှန်ရေးကြီးပြီးရင် မမဆီ မူ လာတွေ့ဦးမည် ဆိုတာတော့ မမ နောက်မှ သိပါစေလေ။

............................

" တို့ ဂရုစိုက်ပါ့မယ် ... ပြီးတော့ စောစောကသတင်းမှားနေတယ် "

ထမင်းဘူးကို ပြန်သိမ်းကာ ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်၏။ တစ်မနက်လုံး တက်သမျှ သတင်းကို ပြန်စစ်တင်တတ်လာသည့် မမကြောင့် မူ ပြုံးလိုက်မိ၏။ တော်လာပြီ။

လာကမ်းသည့် အချိုရည်ဘူးအား မသောက်သေးပဲ ကျောအိုးအိတ်ထဲ ပစ်ထည့်လိုက်၏။ စစ်ကြောင်းပြန်လူစုတော့မည်။

မူတို့စစ်ကြောင်းက ယနေ့မှ လူပိုများနေ၏။ မူ့ကို လာလာတိုးသော လူအုပ်ကြောင့် မူ စိတ်တိုလာမိသည်။ ရုတ်တရက်ထိုင်ချလိုက်သော လူအုပ်ကြောင့် ဘုမသိဘမသိ မူ လည်းထိုင်ချလိုက်ရ၏။ ထိုတော့မှ ဟိုဘက်က တားထားသော စည်း။

" မထိုင်နဲ့ ဆုတ် ဆုတ် "

အနောက်ကို ဆုတ်ကာ လူစုခွဲနေစဉ် ကျရောက်လာသည့် ရေလုံး။ နားထင်ကို စူးခနဲခံစားမှုကြောင့် လူပါလဲကျသွားရ၏။

" ဟေ့ ဟေ့ "

ရေပိုက်နှင့်ထိုးခံရမှုကို ရေသန့်ဗူးနှင့် ပြန်ကောက်ပေါက်လို့ အဘယ်မှာ ထိရောက်ပါမည်နည်း။ ပြန်ကုန်းရုန်းထချိန်တွင် စူးအောင့်သော နာကျင်မှုအသိတစ်ခုက ခန္ဓာကိုယ်၏ တစ်နေရာမှ ခံစားလိုက်ရ၏။

ဘယ်နေရာကလဲ အတိအကျမသိ။ သူနာနေသလား သူမသိ။

သူ တစ်စုံတစ်ယောက်ထံ ဖုန်းဆက်ကာ ရန်တွေ့ရဦးမည်။ သတင်းအမှားတွေ ထပ်မတင်မိဖို့ သူသတိပေးရဦးမည်။ သူ့တွင် ရန်ဖြစ်ပေးရမည့် မမ ကျန်နေသေးသည်။

မမ နှင့် သူ ရန်ဖြစ်တမ်း ကစားပေးရဦးမည်။ မူ ဆိုသော အရိုင်းတုံးကလေးနှင့် ဆမ်ဖူး၏ လေပြေကလေးတို့ စစ်တိုက်ရဦးမည်လေ။

#moeswaemaung_fool

Spring Revolution One ShotsOpowieści tętniące życiem. Odkryj je teraz