#Unicode
ကျောင်းပိတ်ရက်တွေ ရောက်လာပြီမို့ ဒယ်ဂူကအဖွားဖြစ်သူသည်လည်း နေ့စဥ်ဖုန်းဆက်ကာ သူမဆီလာဖို့ပြောနေတော့သည်။
" သွားလိုက်ပါ သားရယ် မင်းအဖွားကမလာမချင်းခေါ်နေမှာ
ဒီမှာလဲ မေမေတို့နှစ်ယောက်ရှိတာ အဆင်ပြေပါတယ် "မောင့်မေမေသည်လည်း အိမ်မှာနေတာမို့ ပြောခြင်းဖြစ်သည်။
" ဒါဆို သားမနက်စောစောပဲ ထွက်လိုက်မယ် ဖွားကိုမပြောတော့ဘူး အံ့သြသွားအောင်လို့ "
အရင်ကဆို နှစ်တိုင်းဒယ်ဂူကို ပြန်ဖြစ်ပေမဲ့ လက်ထက်ပြီးတဲ့နောက်ပိုင်းမှ မသွားဖြစ်တော့ပေ။
မနက်အစောထကာ မောင်းသွားလိုက်တော့ နေ့လည်လောက်တွင် ဒယ်ဂူမြို့သို့ရောက်သည်။
ဖွားရဲ့ခြံရှေ့မရောက်မှီကားကို ရပ်ထားလိုက်ပြီး ဆင်းလျှောက်လာလိုက်သည်။
ခြုံရှေ့ရောက်သည်နှင့် ခြံထဲတွင် ပန်းပင်တွေပျိုးနေသော ဖွားကိုလှန်းမြင်နေရသည်။
သူမက စိုက်ပျိုးရေး သိပ်ဝါသနာပါသည်လေ.." ဖွား "
အော်ခေါ်ပြီး လက်တွေဝှေ့ရမ်းပြတော့ အဝေးကသူ့ကို အသေချာစိုက်ကြည့်သည်။
ပြီးမှသူမှန်းသိကာ ပန်းပင်တွေပစ်ချပြီး တလှုပ်လှုပ်ပြေးလာတော့သည်။
" အမလေး ဒါကဘယ်သူလေးတုန်း "
သူ့နားရောက်သည်နှင့် မျက်နှာကို သူမရဲ့လက်တွေနှင့် အုပ်ကိုင်ရင်း အသဲယားစွာဆိုသည်။
" ဖြေးဖြေးလာလဲ ရပါတယ် အမကြီးကင်မ်ရယ် "
" ငါဘယ်လောက်တောင်လွမ်းလိုက်ရသလဲ မင်းတို့ကတော့နေနိုင်လိုက်တာ ဒီအဖွားကြီးကို ပစ်ထားကြတယ် "
အခုမှသူ့ကိုလာတွေ့လို့ တစ်ဖန်စိတ်ကောက်ပြန်သည်။
" ဒီမြေးလေးကတောင်းပန်ပါတယ်နော် ကျောင်းတွေပြန်မဖွင့်မချင်း ဖွားဘေးမှာနေပေးမယ်လေ "
သူမကို တင်းတင်းကျပ်ကျပ်ဖက်ကာ ကတိပေးတော့ ကျေနပ်သယောင်ပြုံးလာသည်။